စီရိုနယ်လ်ဒိုမှာ ယခုအထိ နေမာထက် ပိုကောင်းနေသည်ဆိုသော ဝေဖန်မှုများမှာ မျှတခြင်းမရှိဘဲ စီရိုနယ်လ်ဒို သွင်းယူခဲ့သည့် သွင်းဂိုးနှစ်ဂိုးမှာလည်း ပင်နယ်တီတစ်ဂိုးနှင့် ဒူးတိုက်ဂိုးတစ်ဂိုးသာ ဖြစ်ကြောင်း ဘာစီလိုနာဂန္ထဝင်ကစားသမား ဇာဗီက ထောက်ပြ ကာ စီရိုနယ်လ်ဒို၏ စွမ်းဆောင်ရည်အပေါ် မေးခွန်းထုတ်ခဲ့သည်။
စီရိုနယ်လ်ဒိုမှာ ပီအက်စ်ဂျီကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရသည့် ပွဲစဉ်တွင် သွင်းဂိုးနှစ်ဂိုး သွင်းယူပေးခဲ့ပြီးနောက် စီရိုနယ်လ်ဒိုမှာ အသက်(၃၃)နှစ် ပြည့်မြောက် ခဲ့ပြီးသည့်တိုင် ယခုအထိ နေမာထက် ပိုကောင်းဆဲဖြစ်သည်ဟူသော ချီးကျူးသံ များကို သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော် ဇာဗီက စီရိုနယ်လ်ဒို၏ စွမ်းဆောင် ရည်မှာ ပြောပလောက်အောင် ကောင်းမွန်သည်ဟုမထင်မိ ကြောင်းကို ''စီရိုနယ်လ်ဒို ဒီပွဲမှာ ဘာလုပ်ခဲ့သလဲ၊ သူက ပင်နယ်တီတစ်ဂိုးနဲ့ ဒူးတိုက်ဂိုးတစ်ဂိုး သွင်းခဲ့တယ်၊ နေမာက အန္တရာယ်ရှိတဲ့ ထိုးဖောက်မှုတွေ ဘယ်လို ပြုလုပ်ခဲ့သလဲ၊ မက်ဒရစ်ကို ကြောက်ရွံ့စေလောက်တဲ့ တန်ပြန် တိုက်စစ်တွေကို ဘယ်လိုကစားခဲ့သလဲ''ဟု ထောက်ပြခဲ့သည်။
စီရိုနယ်လ်ဒိုသည် အဆိုပါပွဲစဉ်တွင် သွင်းဂိုး နှစ်ဂိုး သွင်းယူနိုင်ခဲ့သော်လည်း သေချာပေါက် ဂိုးရနိုင်မည့် အခွင့်အရေးသုံးကြိမ်လောက်ကို လွဲချော်ခဲ့သည်ကို တွေ့ရသည်။ နေမာ၏ ဖခင် ကလည်း သူ့သားအပေါ် ဝေဖန်နေသူများမှာ အသေသားစောင့်စားနေသည့် လင်းတများနှင့် တူပြီး နေမာမှာ ငယ်စဉ်ကတည်းက ဝေဖန်မှု များမှ ရုန်းထွက်ကာ ဖီးနစ်ငှက်လို အကြိမ်ကြိမ် ပြန်လည်ရှင်သန်နိုင်သူဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။
ရလဒ်ပိုင်းကျဆင်းနေခြင်းကြောင့် ဖိအား အောက်ကျရောက်နေသည့် ဇီဒန်း၏ ရီးယဲလ်မက်ဒရစ် အသင်းက ခြေစွမ်းတက်နေသည့် ပီအက်စ်ဂျီကို အိမ်ကွင်းတွင် သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ယူနိုင်ခဲ့ပြီး နေမာနှင့် စီရိုနယ်လ်ဒိုတို့ကို နှိုင်းယှဉ်မှု၊ ပီအက်စ်ဂျီအသင်းဘက်မှ ဒိုင်ဖြစ်သူ၏ ဆုံးဖြတ်ချက်များအပေါ် ဝေဖန်ခဲ့မှုများဖြင့် နောက်ဆက်တွဲသတင်းများ တရစပ်ထွက်ပေါ်စေခဲ့သည်။
မေလဲ့သင်း(ကြေးမှုံ)
No comments:
Post a Comment