Latest News

Saturday, February 24, 2018

ဒီခေတ်မိဘတိုင်းရဲ့ တာဝန်

ဒီခေတ်မိဘတိုင်းရဲ့ တာဝန်

လတ်တလော နာမည်ကြီးနေတဲ့ ဥပါယ်တံမျဉ် ဇာတ်ကားကို ကြည့်ဖြစ်ရင်း ဒီဆောင်းပါးလေး ရေးဖြစ်ခဲ့တာပါ။ ဒီဇာတ်လမ်းက ပိုက်ဆံချမ်းသာတဲ့ အိမ်ထောင်သည်ယောကျာ်း မင်းသားကို ခေတ်ဆန်ဆန် မိန်းကလေးတစ်ယောက်က သနားလာအောင် လုပ်ပြီးတော့မှ ညှို့ငင်ဖမ်းစားရာကနေ စတာပါ။ သူတို့နှစ်ယောက် ဟိုတယ်ခန်းထဲမှာ လွန်လွန်ကျူးကျူး ဖြစ်သွားတာကို ဗီဒီယိုရိုက်ထားတယ်။ ပြီးတော့မှ အဲဒီဗီဒီယိုကို မင်းသားဆီ ပို့ပြီး ငွေညှစ်ရာကနေ ဒီကားလေး ဖြစ်လာတယ်ပေါ့။

ဒီနေရာမှာ စဉ်းစားကြည့်ပါ။ မင်းသားက ပိုက်ဆံလည်းချမ်းသာ၊ ဂုဏ်နဲ့ဒြပ်နဲ့၊ ပြီးတော့ သူ့မိန်းမကိုလည်း ချစ်တယ်၊ တစ်ဖက်က မှားသွားတဲ့ မိန်းကလေးကိုလည်း အိမ်ထောင်သည်အဖြစ် သူသိထားတာ၊ ဆိုတော့ ဒီဗီဒီယိုသာ ပျံ့နှံ့သွားရင် အရှက်ကွဲမယ်၊ အိမ်ထောင်ရေးထိခိုက်မယ်၊ တစ်လင်တစ်မယား ဥပဒေနဲ့ကလည်း အရေးယူခံရဦးမယ်။ ဒီအတွက် ဟိုဘက်က ခြိမ်းခြောက်သမျှကို လိုက်လျောရတော့တယ်။

ပြောင်းပြန်စဉ်းစားကြည့်ရအောင်။

သူသာ ပိုက်ဆံမရှိဘူး၊ ဂုဏ်သိက္ခာကိုလည်း သိပ်တန်ဖိုးထားစရာ မလိုဘူး၊ ဂျစ်ပဆီဆန်ဆန် လူပျိုလူလွတ်တစ်ယောက် ဆိုပါတော့။ တစ်ဖက်က မိန်းကလေးသည် အိမ်ထောင်သည်ဖြစ်တယ်။ ပိုက်ဆံလည်း ရှိတယ်။ ဒါဆို ဒီအကြောင်းတွေ နင့်ယောကျာ်းကို ပြောလိုက်ရမလား ဆိုပြီး သူနဲ့ အတူထပ်နေအောင်၊ ဒါမှမဟုတ်လည်း ငွေညှစ်ပြီး ပိုက်ဆံရအောင် သူကနေတောင်မှ ခြိမ်းခြောက်လို့ရသေးတယ်။

ပြောချင်တာက ဒီလိုမျိုး အဖြစ်အပျက်တစ်ခု ဖြစ်သွားပြီဆိုရင် ယောကျာ်းရယ် မိန်းမရယ်မဟုတ်ဘဲ “အထိအခိုက်မခံနိုင်”သူသာ ရှုံးရဖို့များတယ် ဆိုတာပါပဲ။

များသောအားဖြင့်တော့ လူ့အသိုင်းအ၀ိုင်းရဲ့ သတ်မှတ်ချက်တွေအရ အထိအခိုက်မခံနိုင်သူဟာ မိန်းကလေးတွေဖြစ်နေတာ များတယ်။

မိန်းကလေးတစ်ယောက် အ၀တ်အစားလဲနေတာကို ချောင်းရိုက်တယ်။ ပြီးရင် ဒါကိုကိုင်ပြီး ခြိမ်းခြောက်တယ်၊ ဘယ်နေရာကို လာခဲ့ဖို့၊ သူနဲ့အတူနေဖို့။

ကောင်မလေးတစ်ယောက်ကို သဘောကျတယ်။ ဟိုက ပြန်မကြိုက်ဘူး။ အဲဒါနဲ့ ကားတင်ပြေးလိုက်တယ်။ သူ့ရဲ့ အပျိုဘ၀ကို ရရင် ဒီကောင်မလေးဟာ ငြင်းလို့မရတော့ဘူး၊ သူ့ကို လက်ထပ်ကိုထပ်ရတော့မယ်၊ ဒီလိုတွေးတာကိုး။

ချစ်သူရည်းစားဘ၀မှာ အတူနေမိကြတယ်။ နောက်တော့ အဆင်မပြေ ဖြစ်လာလို့ မိန်းကလေးဘက်က လမ်းခွဲချင်လာတယ်။ ယောကျာ်းလေးဘက်က ပြတ်မပေးဘူး၊ ငါ့ကို ဖြတ်ရင် နင်နဲ့ငါနဲ့ဖြစ်ခဲ့သမျှကို အားလုံးသိအောင် လုပ်ပစ်မယ်လို့ ခြိမ်းခြောက်တယ်။

မြန်မာကားတွေမှာ ခဏခဏ တွေ့ရတယ်။ တောနယ်တွေမှာ ဖြစ်တတ်တဲ့ သဘာဝလေးတွေပေါ့။ အချိန်မတော် ကောင်လေးနဲ့ကောင်မလေး ချစ်သူနှစ်ယောက် ချိန်းတွေ့ကြတယ်။ ဒီအတိုင်း တွေ့တာပဲ။ ဘာဆိုဘာမှမဖြစ်ဘူး။ ဒါပေမယ့် အဲ့ဒါကို မိလိုက်တာနဲ့ မိန်းကလေးက အရှက်ကွဲသွားပြီဆိုပြီး တစ်ခါတည်း ပေးစားလိုက်ကြတယ်။

မုဒိမ်းမှုဖြစ်တယ်။ ကိုယ်ဝန်ရသွားတယ်။ အဲဒါနဲ့ အဖေနာမည်ခံပေးဖို့အတွက် ကိုယ့်ကို မုဒိမ်းကျင့်သွားတဲ့သူကို မတိုင်တန်းနိုင်၊ အရေးမယူနိုင်တော့ဘူး၊ လက်ထပ်ဖို့ ခေါင်းငြိမ့်လိုက်ရတယ်။ (အဲ့လိုလက်ထပ်ဖို့ကိုပဲ ခယတောင်းပန်နေရတယ်၊ မဟာကျေးဇူးရှင်ကြီးလို သတ်မှတ်နေရတယ်)

ဆိုလိုတာက လူ့အသိုင်းအ၀ိုင်းမှာ ရှိတဲ့ သတ်မှတ်ချက်တွေကြောင့် မိန်းကလေးတွေဟာ တော်တော်လေးကိုမှ အထိအခိုက်မခံဘူး။ ဒီတော့ ခြိမ်းခြောက်အကြပ်ကိုင်ရ သိပ်လွယ်နေတယ်၊ အကြမ်းဖက်ခံရဖို့က လက်တစ်ကမ်း ဖြစ်နေတယ်။ စဉ်းစားကြည့်၊ မမြင်သင့်တဲ့ အစိတ်အပိုင်းတွေ မြင်ကုန်ရင်လည်း အဲဒါ အရှက်ကွဲတာ။ အပျိုမဟုတ်တော့ရင်လည်း တန်ဖိုး မရှိတော့ဘူး။ အပျိုစင်ဘ၀ကို ဘယ်နည်းနဲ့ ရရ၊ အဲဒါ တစ်ဘ၀လုံး ရလိုက်တာပဲ၊ ကြိုက်ကြိုက် မကြိုက်ကြိုက် ယူပေတော့ပဲ။ ကိုယ့်ကိုလည်း လူမဆန်စွာ အနိုင်ကျင့်သွားသေး၊ အဖေရှိမှ တင့်တယ်မှာ ဆိုတဲ့ သတ်မှတ်ချက်တွေကြောင့် ကိုယ့်သားရဲ့အဖေအဖြစ် နေပေးဖို့ မုဒိမ်းကောင်ကို ပေါင်းသင်းနေကြရတယ်။

ဒီနေရာမှာ သမီးမိန်းကလေးတွေ အပျိုဖြစ်လာရင် မိဘတွေ ဘယ်လိုဆုံးမသွန်သင်သလဲ ဆိုတာက သိပ်အရေးကြီးလာတယ်။ နေချင်သလို နေခိုင်း၊ အပျိုမစစ်တော့လည်း ရတယ် ပြောခိုင်းနေတာတော့ မဟုတ်ဘူး။ ကိုယ့်ရဲ့ သွန်သင်ဆုံးမမှုတွေကြောင့် သူ့ဘ၀လေးကို အထိခိုက်မခံနိုင်တဲ့ ပန်းတစ်ပွင့်လို ထင်သွားမှာသာ စိုးတာ။ ကိုယ့်အိနြေ္ဒနဲ့ကိုယ်နေရင် ဒါမျိုးတွေ ဘယ်ဖြစ်မလဲလို့တော့ မတွေးပါနဲ့။ ခုဖြစ်ခဲ့သမျှ မုဒိမ်းမှုတွေ၊ လိင်အကြမ်းဖက်မှုတွေကို ကြည့်လိုက်ပါ။ ကျူးလွန်ခံရသူ အကုန်လုံးဟာ လုံလုံခြုံခြုံ ၀တ်စားထားတယ်၊ ပုံမှန်အတိုင်းပဲ သွားလာနေကြသူတွေချည်းပဲ။ သဘောက သူတို့ကိုပဲ ကာကွယ်ရေးနည်းစနစ်တွေ သင်နေရုံနဲ့ မလုံလောက်ဘူး။ ဘာလို့ဆိုတော့ အကြမ်းဖက်မယ့်သူတွေက သူတို့ပတ်ချာလည်မှာ ရှိနေလို့ပဲ။ ဒါကြောင့် မတော်တဆများ ဒီလိုအဖြစ်တွေ ရှိလာတဲ့အခါ ကိုယ့်သမီးဖြစ်သူဟာ စိတ်ဓါတ်ခိုင်ခိုင်မာမာနဲ့ ရင်ဆိုင်နိုင်အောင်လို့ အစောကတည်းက သွန်သင်ထားဖို့လိုတယ်။

နာမည် မမှတ်မိတော့ဘူး၊ ဘောလီးဝုဒ်ဇာတ်ကားလေးတစ်ကား ကြည့်ဖူးတယ်။ အဲဒီကားထဲမှာ မင်းသားရဲ့သမီး ဆယ်ကျော်သက်ကောင်မလေးက ကျောင်းကနေ လေ့လာရေးခရီးထွက်တယ်။ ထွက်တော့ သူ့ကို ကြိုက်နေတဲ့ သူဌေးသား ခပ်ဆိုးဆိုးကျောင်းသားက သူ အ၀တ်အစားလဲနေတာကို ဗီဒီယိုချောင်းရိုက်တယ်။ ပြီးတော့ အဲဒီဗီဒီယိုကို ပြပြီး သူနဲ့အတူနေဖို့ ခြိမ်းခြောက်တယ်။ မလိုက်လျောရင် ဖြန့်လိုက်မယ်ပေါ့။ ကောင်မလေးမှာ သွေးပျက်မတတ် ဖြစ်သွားတယ်။ ဒီလိုသာ ဖြန့်ခံလိုက်ရရင် အရှက်ကွဲပြီ၊ ဂုဏ်သိက္ခာတွေ ရစရာမရှိ ဖြစ်ကုန်ပြီလေ။ အဲဒီမှာတင် ဖြေရှင်းရင်းနဲ့ ကောင်လေးကို လက်လွန်ပြီး သတ်မိသွားပါလေရော။

တကယ်ဆို ဒီကောင်မလေးကသာ “ဖြန့်ချင်ဖြန့်ပေါ့၊ ငါ ဘာမှမဟုတ်တာ လုပ်ထားတာလည်း မဟုတ်ဘူး’လို့ ခပ်မာမာ တုံ့ပြန်နိုင်ခဲ့ရင်၊ မိသားစုကလည်း ‘ဒါ ငါ့သမီးအမှားမဟုတ်ဘူး’ ဆိုတာမျိုး သမီးဘက်က ရပ်တည်ပေးမယ့် လူတွေသာဆိုရင်၊ လူ့အသိုင်းအ၀ိုင်းကလည်း ဒီလိုဗီဒီယိုတစ်ခု တက်လာတဲ့အခါ အရိုက်ခံရတဲ့ မိန်းကလေးကို သားပြောမယားပြော မပြော၊ မစော်ကား အပြစ်မတင်ဘဲ၊ ဖြန့်တဲ့သူကိုသာ အကြမ်းဖက်မှုကျူးလွန်သူအဖြစ် ကဲ့ရဲ့တတ်ကြမယ်ဆိုရင် ဒီလိုဖြစ်စရာအကြောင်း ဘာမှမရှိဘူး။

ဒါကြောင့် လိင်အကြမ်းဖက်မှုတွေ၊ ခြိမ်းခြောက်အနိုင်ကျင့်မှုတွေ ပတ်ချာလည်ဝိုင်းနေတဲ့ အခြေအနေမှာ မိဘတွေအနေနဲ့ ကိုယ့်သမီးကို ဆုံးမသွန်သင်တဲ့ပုံစံတွေ၊ ကျွန်တော်တို့အသိုင်းအ၀ိုင်းက မိန်းကလေးအပေါ် မြင်တဲ့အမြင်တွေ ပြောင်းဖို့ လိုလာတာတော့ အမှန်ပဲ။ အရှက်တရားကင်းမဲ့အောင်၊ အပျိုဖြစ်ဖို့က အရေးမကြီးဘူး ဆိုပြီး အပေါ်ယံလောက်ပဲ အတွေးဝင်သွားအောင် ပြောခိုင်းနေတာတော့ မဟုတ်ပါဘူး။ အဓိကက သူ့ရဲ့ဘ၀လေးဟာ ပန်းတစ်ပွင့်လိုပဲ အထိအခိုက်မခံဘူး၊ ငါ ဒီလိုအရှက်ခွဲခံရရင် ငါ့မိဘတော့ ဂုဏ်သိက္ခာကျရပြီ ဆိုတာမျိုး ဖြစ်မနေဖို့တော့ အရေးကြီးပါတယ်။

နောက်ဆုံးဖြည့်စွက်ပြောလိုတာကတော့ သားရှင်တွေကိုပါ။ ယုတ်ညံ့တဲ့ ယောကျာ်းလေးအတွက်တော့ မိန်းကလေးတစ်ယောက်ရဲ့ အပျိုစင်ဘ၀ဆိုတာ အနိုင်ယူစရာပါ။ မိန်းကလေးတစ်ယောက် ကိုယ်ဝန်ရသွားလည်း တာဝန်မယူဘဲ ထားခဲ့လိုက်မယ်လို့ တွေးကြလိမ့်မယ်။ ဒါပေမယ့် ဒီစာကို ဖတ်နေတဲ့ အစ်မတို့ အစ်ကိုတို့ရဲ့ သားတွေကတော့ ဒီလိုဟုတ်မယ် မထင်ပါဘူး။ ကိုယ့်သားလေးက မိဘကလည်း ချမ်းသာတယ်၊ ပညာကလည်း တတ်၊ စိတ်ထားလေးကလည်း ရိုး၊ သူချစ်လို့၊ ယုံကြည်လို့ တွဲလိုက်တဲ့ ကောင်မလေးက ဇာတ်ကားထဲက မိန်းကလေးလိုများ ဖြစ်နေခဲ့ရင် အထိအခိုက်မခံနိုင်သူက ကိုယ့်သား ဖြစ်သွားပါလိမ့်မယ်။ ငွေညှစ်ခံရမယ်၊ လက်ထပ်လိုက်ရမယ်၊ စသဖြင့် ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်မို့ သားတွေမွေးထားတာပဲ ဆိုပြီး ပေါ့နေလို့မရပါဘူး။

များသောအားဖြင့် လူတွေရဲ့ သတ်မှတ်ချက်များကြောင့် မိန်းကလေးက အထိအခိုက်မခံသလို ဖြစ်နေတဲ့အတွက် သူတို့ကို ဆုံးမသွန်သင်တဲ့ပုံစံလေးတွေ ပြောင်းပါ။ ကိုယ့်အခြေအနေ၊ ကိုယ့်အဆင့်အတန်း၊ ကိုယ့်ဂုဏ်သိက္ခာတွေကြောင့်လည်း ကိုယ့်သားလေးက အထိအခိုက်မခံတာမျိုး ဖြစ်နေနိုင်တာမို့ ကိုယ့်သားကိုလည်း ဒီလိုပြဿနာလေးတွေ ရှိတတ်ကြောင်း အသိပေးထားပါ။

တကယ်တော့ သမီးတွေခံရသမျှက သားတွေလုပ်တာပါ။ အဲ့လိုပဲ သားတွေခံရသမျှကလည်း သမီးတွေက လုပ်တာပါ။ ဒါကြောင့် ကိုယ့်သား၊ ကိုယ့်သမီးတွေကို တစ်ဖက်သားကို လေးစားတန်ဖိုးထားရမယ့်အကြောင်း ဆုံးမ၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့၊ တန်ဖိုးထားတတ်ဖို့ကိုလည်း သင်ပေးကြရမှာ ဒီဘက်ခေတ် မိဘတွေရဲ့ အရေးကြီးဆုံးတာဝန်တစ်ခုပဲ ဖြစ်ပါတယ်။

Credit to ဒေါက်တာ ဖြိုးသီဟ

No comments:

Post a Comment