Latest News

Friday, February 23, 2018

အောင်လအန်ဆန် ဝမ်းလိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်ရရှိ

အောင်လအန်ဆန် ဝမ်းလိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်ရရှိ

ရန်ကုန်  ဖေဖော်ဝါရီ  ၂၃

ONE Championship (MMA)   QUEST  FOR  Gold ပြိုင်ပွဲတွင်  ဝမ်းလိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံရှစ် ဆုရရှိရေးအတွက်  ဝမ်းမစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်(ခေါ်)မြန်မာ့စပါးအုံးနှင့် ဘရာဇီးနိုင်ငံ မှ ဟဲဗီးဝိတ်တန်းချန်ပီယံ  Alexandre “Bebezao” Machadoတို့   ယနေ့ညပိုင်းတွင်     ရန်ကုန်မြို့ သုဝဏ္ဏအားကစားရုံ၌ ယှဉ်ပြိုင်ကြရာ ပထမအချီစစချင်း ၅၆ စက္ကန့်မှာပင် အောင်လအန်ဆန်၏ ခြေထောက်အမြင့် ပတ်ကန်ချက်ကြောင့် မချာဒိုမှာ ထိုင်ကျကာ ပြန်လည် ထိုးသတ်နိုင်ခြင်းမရှိခြင်းကြောင့်  အောင်လအန်ဆန်မှ အနိုင်ရရှိသည်။

''ဒီနေ့ကျွန်တော့်ယှဉ်ပြိုင်မှုက စက္ကန့်ပိုင်းလေးအတွင်း အောင်မြင်မှုရတယ်ဆိုပေမယ့် ဒီအောင်မြင်မှုရဖို့အတွက် ကျွန်တော့်မိသားစုနဲ့ခွဲခွာပြီး ရှစ်ပတ်ကြာလေ့ကျင့်ခဲ့တာပါ၊ ပရိသတ်တွေရဲ့အားပေးမှုကြောင့် အောင်မြင်မှုရတယ် လို့မြင်ပါတယ်၊ ကျွန်တော့်ရဲ့ပြိုင်ဘက်တွေ  အများကြီး ရှိလာဦးမယ်လို့ထင်ပါတယ်၊  ဒါကြောင့်  ကျွန်တော့်မှာ တာဝန်ပိုကြီးလာတယ်လို့ ခံစားရပါတယ်၊ ဒီခါးပတ်နှစ်ခု လုံးကို ကာကွယ်သွားမှာပါ၊ မစ်ဒယ်ဝိတ်တန်းကာကွယ်ပွဲ က ဇွန်၊ ဇူလိုင်လောက်ဖြစ်မယ်ထင်တယ်'' ဟု အောင်လ အန်ဆန်က ပွဲအပြီးမီဒီယာများနှင့်တွေ့ဆုံစဉ်ပြောသည်။

ဖိုးသော်(မြန်မာ)နှင့် ဆိုဆေး(ကမ္ဘောဒီးယား)တို့   ယှဉ်ပြိုင်ထိုးသတ်ကြရာ       ပထမအချီ စစချင်းမှာပင်  ဖိုးသော်က    ညာဝိုက်ဘယ်ဝိုက်လက်သီးတွဲလုံးများနှင့် အမြင့်ကန်ချက်များအသုံးပြု၍ တိုက်စစ်ဖွင့်ထိုးသတ်ရာ ဆိုဆေးမှာကြာရှည်ကာကွယ်နိုင်ခြင်းမရှိဘဲ  ပထမအချီ ၁ မိနစ်နှင့် ၄၄ စက္ကန့်တွင် အရှုံးပေးလိုက်ရသည်။

ဖိုးသော်၏ဖြောင့်လက်သီးထိုးချက်ကြောင့် ဆိုဆေး မျက်နှာအားထိပြီး ဆက်လက်၍ဖိုးသော်က ဖနောင့်ဖြင့်   ထပ်မံပေါက်ရာ ဆိုဆေးမျက်နှာထပ်မံထိပြီး  ထိုင်အကျတွင် ဖိုးသော်က လက်သီးတစ်ချက်ထပ်မံထိုးအပြီးတွင်   ဒိုင်က ဖိုးသော်အား အနိုင်ပေးခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းအမျိုးသားပွဲစဉ်တွင် ရဲသွေးနီက စောမင်း မင်းကို အမှတ်ဖြင့်လည်းကောင်း၊  အမျိုးသမီးပွဲစဉ်တွင် အန်တိုနီယာ(မြန်မာ)က ရွှေစင်(မြန်မာ)ကို ပထမအချီတွင် လည်းကောင်း အနိုင်ရရှိသည်။

နိုင်ငံတကာပွဲစဉ်များတွင် အမျိုးသမီးပွဲ၌ ဟာတာတီ (အင်ဒိုနီးရှား)က လင်ဘာဂါ(ဖိလစ်ပိုင်)ကို ပထမအချီတွင် လည်းကောင်း၊ အမျိုးသားပွဲစဉ်တွင် လီကိုင်ဝမ်(တရုတ်)က ရိုဆာယူရို(ဖိလစ်ပိုင်)ကို ပထမအချီတွင်လည်းကောင်း၊ တီမိုဖီ(ရုရှား)က အာမီခန်(စင်ကာပူ)ကို    အမှတ်ဖြင့် လည်းကောင်း၊  အီတန်(မလေးရှား)က   အာရီရယ် ဆက်တန်(ကော်စတာရီကာ)အား အမှတ်ဖြင့်လည်းကောင်း အနိုင်ရရှိသည်။

ဒေဟွမ်ကင်(တောင်ကိုရီးယား)နှင့် တာကီနာကာ (ဂျပန်)တို့ပွဲစဉ်တွင် ဒေဟွမ်ကင်မှာ တာကီနာကာအား ကိုင် ပေါက်ရာ၌ စည်းမျဉ်းစည်းကမ်းဖြင့်မညီသည့်အတွက် ဒိုင်က အနီကတ်ပြပြီး အရှုံး၊ အနိုင်မပေါ်ဘဲ ဒိုင်ပွဲရပ်ဖြစ်သွားခဲ့သည်။

 အောင်ကျော်ဦး၊ ဇာနည်မောင်၊ ခင်မောင်ဝင်း(ကြေးမုံ)

No comments:

Post a Comment