Latest News

Monday, February 19, 2018

နိုင်ငံတော်သမ္မတ နှစ်​(၇၀) ပြည့် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာ

နိုင်ငံတော်သမ္မတ နှစ်​(၇၀) ပြည့် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာ

ဒေသ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာမှာ နိုင်ငံတော် အစိုးရ၊ ပြည်နယ် အစိုးရတို့နှင့်အတူ တိုင်းရင်းသား ပြည်သူများက လက်တွဲကြိုးပမ်း ဆောင်ရွက်

နိုင်ငံတော် သမ္မတ ဦးထင်ကျော်က နှစ်(၇ဝ)ပြည့် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ ၂ဝ၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ဝ ရက် ချစ်ကြည်လေးစား အပ်ပါသော ချင်းတိုင်းရင်းသား ညီအစ်ကို မောင်နှမများခင်ဗျား- ၂ဝ၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ဝ ရက်နေ့မှာကျရောက်တဲ့ နှစ်(၇ဝ)ပြည့် ချင်းအမျိုးသားနေ့ ဖြစ်တဲ့ ဒီနေ့ထူး နေ့မြတ် အခါသမယမှာ ချင်းပြည်နယ်အတွင်းနဲ့ ပြည်တွင်းပြည်ပနေရာ ဒေသအနှံ့အပြားမှာ မှီတင်းနေထိုင် လျက်ရှိကြတဲ့ ချင်းတိုင်းရင်းသား ညီအစ်ကို မောင်နှမအားလုံး ကောင်းကျိုးချမ်းသာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြ ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သ အပ်ပါတယ်။

ချင်းအမျိုးသားများဟာ မွန်ဂိုလီးယားကနေ ဆင်းသက်လာတဲ့ တိဗက်မြန်မာ အနွယ်ဝင်များဖြစ်ကြပြီး တိဗက်က တစ်ဆင့် မြန်မာနိုင်ငံအတွင်းကို ဝင်ရောက်ပျံ့နှံ့ နေထိုင်ခဲ့ကြတာ ဖြစ်တယ်လို့ မှတ်သားရပါ တယ်။ ယခုအခါမှာတော့ ချင်းပြည်နယ်တွင်သာမက စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ် များမှာလည်း ချင်းတိုင်းရင်းသား လူမျိုးများနေ ထိုင်လျက်ရှိပါတယ်။ အတိတ်ကာလတုန်းက နယ်ချဲ့ဗြိတိသျှကိုလိုနီ လက်အောက်ကနေ လွတ်မြောက်ဖို့ အတွက် ချင်းတိုင်းရင်း သားတို့ဟာ အသက်၊ သွေး၊ ချွေး၊ အိုးအိမ်စည်းစိမ်တွေများစွာ စတေးပြီး ကြိုးပမ်းဆောင် ရွက်ခဲ့ပါတယ်။ ဆက်လက်ပြီး ချင်းအမျိုးသားတို့ရဲ့ အခွင့်အရေးနဲ့ နစ်နာချက်များ ရရှိအောင်လည်း ဗြိတိသျှ အစိုးရထံမှ တောင်းယူ ခဲ့ကြတာဖြစ်ပါတယ်။

အဲဒီလိုတောင်းဆိုမှုတွေ သန္ဓေတည်ခဲ့တာ ကတော့ ချင်းတောင် ညီညွတ်ရေး အဖွဲ့စတင်ဖွဲ့စည်းခဲ့တဲ့ ၁၉၂၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ဝ ရက်နေ့ ဖြစ်ကြောင်း လည်း မှတ်သား မိပါတယ်။ လွတ်လပ်ရေးရရှိပြီး တဲ့နောက် ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ဝ ရက်နေ့မှာ ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ လူထု ညီလာခံ ကျင်းပပြီး မျိုးနွယ်စုအကြီးအကဲဖြစ်တဲ့ တိုက်သူကြီးများ အုပ်ချုပ်တဲ့စနစ်မှ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်သို့ ပြောင်းလဲကျင့်သုံးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ၁၉၅ဝ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့မှာ ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ သတ္တမအကြိမ် ချင်းရိုးရာကောင်စီ ညီလာခံမှာလည်း ချင်း အမျိုးသားနေ့ သတ်မှတ်ရေး အဆိုတွေ တင်သွင်းမှုအပေါ် တက်ရောက်လာကြတဲ့ အမတ်အားလုံး ရဲ့ဆန္ဒကိုရယူပြီး ဖလမ်းမြို့မှာ လူထုညီလာခံ တစ်ရပ် ကျင်းပခဲ့ပါတယ်။

အဲဒီလူထုညီလာခံကျင်းပခဲ့တဲ့ ဖေဖော် ဝါရီလ ၂ဝ ရက်နေ့ကို ''ချင်းအမျိုးသားနေ့''အဖြစ် ရွေးချယ် သတ်မှတ် အတည်ပြုခဲ့ကြပါတယ်။ ၁၉၄၈ ခုနှစ်ကို အစပြုပြီး သတ်မှတ်ခဲ့တဲ့ ချင်းအမျိုးသားနေ့ဟာ ယခုနှစ်ဆိုရင် နှစ်(၇ဝ)ပြည့်မြောက်ခဲ့ပြီဖြစ် ပါတယ်။ ချင်းအမျိုးသား နေ့ဟာ ဘာသာစကား၊ ယဉ်ကျေးမှု၊ သမိုင်းအစဉ်အလာနဲ့ ရိုးရာဓလေ့ ထုံးထမ်းအရ တူညီတဲ့ မျိုးနွယ်စု အားလုံးပါဝင်တဲ့ ချင်းလူမျိုးတို့ရဲ့ နေ့ထူးနေ့မြတ်လည်းဖြစ်ပါတယ်။ နယ်ချဲ့တော်လှန်ရေးတိုက်ပွဲတွေမှာ ပြည်ထောင်စု သားတိုင်းရင်းသားများ နဲ့အတူ လက်တွဲပူးပေါင်း ပါဝင်ခဲ့ကြတဲ့ ချင်းတိုင်း ရင်းသားတွေကို ခေါင်းဆောင်ခဲ့တဲ့ ချင်းအမျိုးသား ခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်ကြွန်ဘိတ်ခ်နဲ့ ဗိုလ်ခိုင်ကမ်း တို့ဟာ ချင်းတိုင်းရင်းသားတို့အတွက် ဂုဏ်ယူဖွယ်ရာအတိဖြစ်ပါတယ်။

ဒါ့အပြင် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်မှာလည်း ပြည်မတောင်တန်း အတူတကွ လွတ်လပ်ရေးရယူဖို့ကို ချင်းအမျိုးသားကိုယ်စားလှယ်တွေဖြစ်တဲ့ ဦးလှူရ်မှုန်၊ ဦးထောင်ဇာခုပ် နဲ့ ဦးကီယိုမန်းတို့ဟာ အနာဂတ် ပြည်ထောင်စု အတွက် ရဲရဲဝံ့ဝံ့ပါဝင်လက်မှတ် ရေးထိုးခဲ့ကြ တာဟာ လည်း ချင်းအမျိုးသားများရဲ့ ကြိုတင်မျှော်တွေးနိုင်မှု တစ်ခုအဖြစ် မှတ်ကျောက်တင် ရမှာဖြစ်ပါတယ်။ ချင်းပြည်နယ်ဟာ သဘာဝပထဝီအနေအထားအရ မြောက်မှတောင်သို့ သွယ်တန်းနေတဲ့ အနောက်ရိုးမ၊ ဘင်္ဂလား ပင်လယ်အော်ကို စီးဝင်နေတဲ့ ကုလားတန်မြစ်၊ ရှားပါးအပင်များ ပေါက်ရောက်ရာနဲ့ ရှားပါး သတ္တဝါများ ခိုအောင်းရာ ခေါနူးစုမ်တောင်၊ ဒုတိယကမ္ဘာစစ်အတွင်း ထင်ရှားတဲ့ စစ်မြေပြင်ကနေ ဒီတောင်ထိပ်၊ လှပတဲ့ ရိဒ်ရေကန်၊ တသွင်သွင် စီးဆင်းနေတဲ့ မဏိပူရမြစ်၊ ဘွေနုမြစ်၊ ဘုံတလာရေတံခွန် စတဲ့ သဘာဝ အရင်းအမြစ်များနဲ့ မြေပေါ်မြေအောက် သယံဇာတများ တည်ရှိရာနေရာ တစ်ခုဖြစ်ပါတယ်။

မိမိတို့ အစိုးရ အနေနဲ့ ချင်းတိုင်းရင်းသားလူမျိုးတို့ရဲ့ မူလဌာနေဖြစ်တဲ့ ချင်းပြည်နယ်အတွင်းမှာရှိတဲ့ တိုင်းရင်းသား ပြည်သူများရဲ့ အနာဂတ်စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက် ပေးလျက်ရှိရာ မြို့ပြနဲ့ကျေးလက်ဖွံ့ဖြိုး တိုးတက်မှုနဲ့ မြို့နယ် အသီးသီးကြား ဖွံ့ဖြိုးတိုးတက်မှုတို့ တစ်ပြေးညီဖြစ်စေဖို့ အခြေခံပညာ ကျောင်းများ တိုးချဲ့ဖွင့်လှစ်ပေးခြင်း၊ အဆင့်တိုးမြှင့်ပေးခြင်း၊ ဆရာ၊ ဆရာမများ တိုးချဲ့ခန့် ထားပေးခြင်း၊ ကျန်းမာရေးစောင့် ရှောက်မှုအတွက် ဆေးရုံ၊ ဆေးပေးခန်းများ တိုးချဲ့ဖွင့်လှစ်ပေးခြင်းနဲ့ ဆရာဝန် လိုအပ်မှုဖြည့်ဆည်းပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက် ရှိနေပါတယ်။

ချင်းပြည်နယ် သဘာဝ ပထဝီ အနေအထားအရ မြင့်မားတဲ့တောင်တန်း၊ တောင်စွယ်များရှိနေတဲ့အတွက် တစ်နေရာမှ တစ်နေရာသို့ သွားလာရေး ခက်ခဲလှတဲ့ အခြေအနေ ရှိနေပေမယ့်လည်း ချင်းပြည် နယ် အနှံ့အပြားသို့ မဟာဓာတ်အားလိုင်းကနေ လျှပ်စစ်မီးဖြန့်ဖြူး ပေးနိုင်ဖို့ စီမံဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေဖို့ ပြည်မနဲ့ လွယ်ကူစွာ ဆက်သွယ်သွားလာနိုင်တဲ့ အဝေးပြေး လမ်းများ၊ ပြည်နယ်အတွင်း လမ်းများကို တိုးချဲ့ဆောင်ရွက်ပေးလျက် ရှိပါတယ်။

ချင်းပြည်နယ် ကနေ နိုင်ငံရပ်ခြား အထိ ရေကြောင်းခရီးနဲ့ ဆက်သွယ် သွားလာနိုင်မယ့် ကုလားတန်မြစ်ဝှမ်း ဖွံ့ဖြိုးရေးနဲ့ ပလက်ဝမြို့ဆိပ် ကမ်းတည်ဆောက်ခြင်း၊ ဖလမ်းမြို့မှာ ချင်းပြည်နယ်ရဲ့ ပထမဆုံး လေယာဉ်ကွင်း တည်ဆောက်ခြင်း၊ ဟားခါး၊ ဖလမ်းနဲ့ ပလက်ဝမြို့ပြ စီမံကိန်း အကောင် အထည်ဖော်ခြင်း တို့ကို ဆောင်ရွက် ပေးလျက် ရှိပါတယ်။ ယခုအခါ ကဏ္ဍအလိုက် သိသာထင်ရှားတဲ့ ဖွံ့ဖြိုးတိုးတက်မှုများလည်း ရရှိ နေပြီဖြစ် ပါတယ်။ ၂ဝ၁၇ ခုနှစ်အတွင်းမှာ မတူပီမြို့ကို ခရိုင်အဆင့်အဖြစ်နဲ့ မကွီအိမ်နူး ကျေးရွာနဲ့ နှာဟရိန် ကျေးရွာတို့ကို မြို့အဆင့်အဖြစ် တိုးမြှင့် ဖွဲ့စည်းခွင့်ပြုခဲ့ပြီး ဖြစ်ပါတယ်။

ဒေသအတွင်း  ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း များ ဆောင်ရွက်ရာ မှာ နိုင်ငံတော်အစိုးရ၊ ပြည်နယ်အစိုးရတို့ နဲ့အတူ တိုင်းရင်းသားပြည်သူများ ကလည်း လက်တွဲကြိုးပမ်း ဆောင်ရွက်သွားကြဖို့လိုအပ်ပါတယ်။ ချင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုကလည်း တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးထားပြီး နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် များ၊ ပြည်ထောင်စု တိုင်းရင်းသားများ နှင့်အတူ လက်တွဲပြီး တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေ ရှာတဲ့ လမ်းကြောင်း ပေါ်မှာ လျှောက်လှမ်းနေကြပြီဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ တိုင်းရင်းသားပြည်သူအားလုံး လိုလား တောင့်တနေတဲ့ တန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ကို အာမခံချက် ပေးနိုင်မယ့်၊ အနာဂတ် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို ခိုင်မာစွာ တည်ဆောက် နိုင်မယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးကို  ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ နိုင်ငံရေး ဆွေးနွေးပွဲများနဲ့ ပတ်သက်ပြီး ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာမှာ ချင်းတိုင်း ရင်းသားများ ကလည်း လက်တွဲမဖြုတ် စတမ်း ခိုင်မာတဲ့ပြည်ထောင်စု စိတ်ဓာတ်နဲ့ ဆက်လက်ပူးပေါင်း ကြိုးပမ်း ဆောင်ရွက် သွားကြဖို့ လေးနက်စွာ တိုက်တွန်းနှိုးဆော်ရင်း သဝဏ်လွှာပေးပို့ အပ်ပါတယ်။

(ပုံ)ထင်ကျော် နိုင်ငံတော်သမ္မတ

No comments:

Post a Comment