Latest News

Saturday, February 3, 2018

သတိပြု ဆင်ခြင်ဖွယ် ပလတ်စတစ် အန္တရာယ်

သတိပြု ဆင်ခြင်ဖွယ် ပလတ်စတစ် အန္တရာယ်

ပလတ်စတစ် အန္တရာယ်သည်   ယနေ့ ကမ္ဘာပေါ်တွင်   ခြိမ်းခြောက်မှုမြင့်မားလာ နေသည်။  ကယ်လီဖိုးနီးယား တက္ကသိုလ်မှ  လေ့လာသူပညာရှင်များ၏   အဆိုအရ တစ်ကမ္ဘာလုံး အတိုင်းအတာအထိ ပလတ် စတစ်ထုတ် လုပ်မှုသည် ၁၉၅ဝ ပြည့်နှစ် ကတည်းက တန်ပေါင်း ကိုးဘီလီယံနှင့် အထက်   ရှိနှင့်ပြီး ဖြစ်သည်ဟုသိရသည်။

ပလတ်စတစ်ကြောင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုမှာ ကမ္ဘာမြေထုနှင့် ရေထုအထိပါ ထိခိုက်မှုများပြားလှ သည်။ ၁ဝ ရာခိုင်နှုန်း အောက်ရှိ    ပလတ်စတစ်ပစ္စည်းများကို ပြန်လည်ပြုပြင်အသုံးပြုနိုင်ခဲ့ပြီး ၁၂ ရာခိုင် နှုန်းခန့်ကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။ ထုတ်လုပ်လိုက်သည့်   ပလတ်စတစ်များမှ ၈ဝ ရာခိုင်နှုန်းနီးပါးသည် အလေအလွင့် ဖြစ်သွားသည်ဟုသိရသည်။   ၎င်းပလတ်စတစ်များ အားလုံးကို ဖြန့်ကြက်လိုက်မည် ဆိုလျှင် တောင်အမေရိကတိုက်တောင်ဘက်ပိုင်းရှိ   အကျယ်အဝန်း ဧရိယာစတုရန်း မိုင်ပေါင်း ၁ဝ၇၃၅ဝဝ ရှိသည့် အာဂျင်တီးနားနိုင်ငံကို ခြေချင်းဝတ်ခန့်အနက်အထိ ဖုံးအုပ် နိုင်သည်ဟုဆိုသည်။

ပလတ်စတစ်ကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူသားများအပါအဝင် ကုန်းနေ၊ ရေနေသတ္တဝါများပါမကျန် ထိခိုက်မှုများပြားသည်။ ပလတ်စတစ်ထုတ်လုပ်ရာမှာ ကုန်ကျမှု လည်းသက်သာသဖြင့် ဈေးနှုန်းချိုသာစွာ အလွယ်တကူ  ဝယ်ယူအသုံးပြု နိုင်ကြ၍ အခုလို လူသုံးများပြားလာခြင်းဖြစ်သည်။ ပလတ်စတစ်ပစ္စည်းများဟာ ရေနံမှထုတ်လုပ်သော ဓာတု ပစ္စည်း များဖြစ်သည်။   ဓာတုပစ္စည်းတွေဟာ   အပူနဲ့ထိတွေ့လို့ရှိရင် ဓာတ်ပြုလွယ်တဲ့ သဘောရှိပါသည်။ အဲဒီလို ဓာတ်ပြုတဲ့အခါမှာ လူတွေကိုအန္တရာယ်ဖြစ်စေပါသည်။ အစားအသောက် ပူပူနွေးနွေးတွေကို ပလတ်စတစ် အသုံးအဆောင်ပစ္စည်းများတွင်  ထည့်သွင်းစားသောက်ပါက ကျောက်ကပ်မှာ ပလတ်စတစ်ကွန်ပေါင်းတွေ  အနည် ထိုင် စေပါတယ်။

အဲဒီပလတ်စတစ် ကွန်ပေါင်းတွေကြောင့် ကျောက်ကပ်မှာ ကျောက်တည်ရောဂါ  ခံစားရနိုင်ကြောင်း  ကျွမ်းကျင်သူများကဆိုပါသည်။ မြန်မာနိုင်ငံတွင်ပလတ်စတစ်သုံးစွဲမှုသည် အခြားနိုင်ငံများထက် လျော့နည်းမည်မထင်ပေ။ နေ့စဉ်အသုံးအဆောင် ပစ္စည်း များတွင် ပလတ်စတစ်နှင့်  ကင်းကွာသည်မရှိချေ။ ယခင်ကဆိုလျှင် ကျွန်တော်တို့မြန်မာနိုင်ငံတွင် မြေကြီးဖြင့် ပြုလုပ်သောအိုးပုတ်၊ ချိုးရုပ်၊  ရေအိုး၊  ဟင်းအိုး၊  စဥ့်အိုး စသည်တို့ကို အသုံးပြုခဲ့ကြသည်။ ယခုအခါ တွင်တော့ ၎င်းပစ္စည်းများအစား ပလတ်စတစ်ဖြင့် ပြုလုပ်သော ကစားစရာအရုပ်များ၊ အရုပ်ကားများ၊  လူ့အသုံး အဆောင် ပစ္စည်းများတွင်လည်း ရေဘူး၊ ရေပုံး၊ ရေချိုးကန်၊ ရေနွေးဘူး စသည်တို့ကို   အစားထိုးအသုံးပြု လာကြသည်။

နေ့စဉ်လူမှုအသုံးအဆောင်ပစ္စည်း များတွင်   ပလတ်စတစ်အသုံးအဆောင်ပစ္စည်းများက လွှမ်းမိုးနေ သည်။ ဈေးများ၊ စူပါမားကတ်များ၊ စတိုးဆိုင် များမှ ဝယ်ယူသောပစ္စည်းများကိုလည်းပလတ်စတစ်ဖြင့်သာ ထုပ်ပိုးသယ်ယူ နေကြ သည်မှာ မမြင်ချင်မှအဆုံးဖြစ်သည်။ အဆိုးဆုံးကတော့ လက်ဖက်ရည်၊   မုန့်ဟင်းခါး ဟင်းရည်၊ အကြော်စုံ ပူပူ များကို ပလတ် စတစ်အိတ်များတွင် ပါဆယ်ထုပ်ယူကြသလိုခေါက်ဆွဲကြော်၊ ကြာဆံကြော် စသည်များကို ပလတ်စတစ်ဖော့ဘူးများတွင် ထည့်သွင်းသည့်အပြင် ပလတ်စတစ် လက်ဆွဲအိတ်များကိုပင် ထပ်မံသုံးစွဲ လိုက်သေးသည်။ အချို့ ကျတော့လည်း ထမင်း၊ ဟင်းများကို စတီးချိုင့်များနဲ့ ထည့်ယူသုံးစွဲသော်လည်း ဟင်းရည် ဖိတ်မှာစိုး၍ ပလတ်စတစ်လေးအုပ်ထားတာကို တွေ့ရသေးသည်။ အကျိုးဆက်အနေဖြင့်  အပူနဲ့  ပလတ်စတစ်ထိ တွေ့ကာ  ဓာတ်ပြုမှုကြောင့် စားသုံးသူများကို  အန္တရာယ်ပြုနေသည်မှာ ကြောက်စရာ ကောင်းလှ သည်။ ရောဂါကို ပိုက်ဆံပေး၍ဝယ်နေရသလို ဖြစ်နေသည်။

အချို့က ကလေးများအတွက် နို့ဘူးဖျော်ရာတွင်      ပလတ်စတစ် ဘူးထဲ အလွယ်တကူထည့်ဖျော်မိသည်။   နို့မှုန့်၊  ရေနွေးတို့ကို ဖန်ခွက် သို့မဟုတ် ကြွေခွက် ထဲတွင် ထည့်ဖျော်ကာ အေးမှသာ နို့ဘူးထဲသို့  ပြောင်းထည့်လိုက်သည်က   ပို၍အန္တရာယ်ကင်းမည်ဟု ထင်ပါသည်။  ပလတ်စတစ်ဘူးအစား ဖန်ဘူးသုံးတာက ပိုပြီးစိတ်ချ ရပါလိမ့်မည်။ ပလတ်စတစ်ကြောင့် ကျွန်တော်တို့ လူသားများသာမက သဘာဝပတ်ဝန်းကျင်နှင့် အခြားသတ္တဝါများကိုပါ  ဆိုးကျိုးများပေးသည်။ တန်သန်းနှင့်ချီသော ပလတ်စတစ် အညစ်အကြေးများသည် မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ပင်လယ်၊ သမုဒ္ဒရာများသို့  နှစ်စဉ်စီးဝင်  နေသဖြင့်    ရေနေသတ္တဝါများကိုလည်း  ပလတ်စတစ်အန္တရာယ်သည် အကြီးအကျယ် ခြိမ်းခြောက်နေသည်။ စက္ကူ၊ သစ်ရွက်၊ သစ်ကိုင်း၊ ဝါး စသောအော်ဂဲနစ် ပစ္စည်းများသည် အချိန်ကြာလာပါက အလိုအလျောက် ဆွေးမြည့်သွားပြီး စိုက်ပျိုးရေးအတွက်သဘာဝမြေသြဇာ အဖြစ်ပင်   အသုံးပြုနိုင်သည်။  သဘာဝ မြေသြဇာ ဖြစ်၍ အန္တရာယ် ကင်းသလို အကုန် အကျလည်းသက်သာသည်။ ပလတ်စတစ်မှာ  အချိန်ကြာသော်လည်း ဆွေး မြည့် မသွားဘဲ  နှစ်ပေါင်းများစွာ မပျက်မစီးတည်ရှိနေသည်။

ပလတ်စတစ်ကို မီးရှို့ဖျက်ဆီး၍ရသော်လည်း  ကျန်းမာရေးနှင့်လေထုညစ်ညမ်းမှု အန္တရာယ်အတွက် ထည့်သွင်း စဉ်း စားရပြန် ပါသည်။ ငယ်ငယ်က ရွာမှာ ဦးလေးနှင့် လယ်ထွန်လိုက်သွားတော့ လယ်ထွန်နေစဉ်    ပလတ်စတစ်အိတ်များ တွေ့သဖြင့် ဦးလေးက အလျင်အမြန်ပြေးကောက်ကာ ဒီပလတ်စတစ်အိတ်တွေဟာ တော်တော်နဲ့ လည်း မဆွေးသောကြောင့် အပင်များအတွက် အလွန်အန္တရာယ်ရှိကြောင်း  ပြောဖူးတာကို  အခု အချိန်အထိ  မှတ်မိနေသည်။   စွန့်ပစ် ပလတ်စတစ်များကို  မြေကြီးထဲမြှုပ်လိုက်၍လည်း အဆင်မပြေ၊   ရေထဲ စွန့်ပစ်လို့လည်း မဖြစ်၊  မီးရှို့ပြန်လျှင်လည်း အန္တရာယ်မကင်းနှင့်  ဆုပ်လျှင်စူး၊  စားလျှင်ရူးဆိုတာမျိုးဖြစ်နေသည်။ ယခုလိုကြီးမားလှသော  ပလတ်စတစ် အန္တရာယ်ကိုသိရှိကြပြီဆိုလျှင် ပလတ်စတစ်အန္တရာယ်ကို အားလုံးက သတိထားရှောင်ကြဉ် ဖို့လိုလာပါသည်။ ပလတ်စတစ်အန္တရာယ် ခြိမ်းခြောက်ခံရမှုမှကင်းဝေးစေဖို့ တစ်ဆင့်ချင်း ပြုလုပ်ရမည်ဖြစ်သည်။ ပထမအဆင့် အနေဖြင့် ပလတ်စတစ်အသုံးပြုမှုလျှော့ချ ရမည်ဖြစ်သည်။ ဒုတိယအဆင့် အနေဖြင့်  ပလတ်စတစ်အိတ်များအား အလွယ်တကူဝယ်ယူမသုံးစွဲဘဲ သုံးစွဲ၍ရနိုင်သည်များကို  ဆေးကြော သန့်စင်ပြီး ပြန်လည်သုံးစွဲဖို့ဖြစ်သည်။

နောက်ဆုံးအဆင့်ကတော့ ပလတ်စတစ်ကိုပြန်လည်ပြုပြင်၍ အသုံးပြုခြင်း ဖြစ်သည်။   ပထမအဆင့်လျှော့ချသုံးစွဲရာမှာ  အသီး အရွက်၊ အသားငါးနဲ့ လူ့အသုံးအဆောင်ပစ္စည်းများကို ပလတ်စတစ် အိတ်များဖြင့် ထုပ်ပိုး သုံးစွဲခြင်းမပြုဘဲ ပိတ်အိတ်၊ စက္ကူအိတ်၊ ငှက်ပျောဖက်၊ အင်ဖက်၊ ကြိမ်ဈေး ခြင်းတောင်း စသည်များကိုအသုံးပြုပါ။ မယ်လမင်းပန်းကန်များ၊ ပလတ်စတစ်ဖြင့် ပြုလုပ်ထားသော အိုး၊ ခွက်၊ ပန်းကန်များအစား မြေအိုး၊ မြေခွက်၊ ကြွေထည်ပစ္စည်း၊  ဖန်ခွက်၊ ဒန်အိုး၊ ဒန်ခွက်၊ စတီးအိုး၊ စတီးခွက်များကို အသုံးပြုဖို့လိုပါသည်။ မိုက်ခရိုဝေ့မီးဖို များတွင် စားစရာများ နွှေးမည်ဆိုလျှင် အစာပေါ်တွင် ပလတ်စတစ် မအုပ်ဘဲ ကြွေပန်းကန် သို့မဟုတ် ဖယောင်း စက္ကူဖြင့်အုပ်မှ စိတ်ချ ရပါသည်။ အရည်အသွေးမမီသော ပလတ်စတစ်များဖြင့် ဖုံးအုပ်၊ ထုပ်ပိုးမည်ဆိုပါက  ရင်သား ကင်ဆာနှင့် အမျိုးသားများအတွက် မျိုးပွားမှုကိုထိခိုက်စေခြင်း  စသည်တို့ကို ဖြစ်ပွားစေသည်။ နောက်ဆုံးအဆင့် သုံးစွဲပြီး ပလတ်စတစ်တွေကို ပြန်လည်ထုတ်လုပ် သုံးစွဲခြင်းမှာတော့  မိမိတစ် ယောက် တည်း ပြုလုပ်၍ ရသည်များ ရှိသလို သက်ဆိုင်ရာတာဝန်ရှိတဲ့ဌာနဆိုင်ရာ အဖွဲ့အစည်းများနဲ့ စီးပွားရေးလုပ်ငန်းရှင်များ  ပူးပေါင်းဆောင်ရွက်ရမည့်အပိုင်းများလည်း ရှိပါတယ်။ မသုံးတော့တဲ့ ပလတ်စတစ်ဘူးခွံ များကို အလှပန်းအိုးများ၊ ထည့်စရာ အသုံး အဆောင်ပစ္စည်းများ၊ အအေးပလတ် စတစ်ပိုက်များကို အလှပန်းခြင်းများ ရက်လုပ်ခြင်းသည် တို့ကို မိမိတို့ ကြိုက်နှစ်သက်သလို  ပြုပြင်အသုံးပြုနိုင်သည်။

ထို့ပြင် စက်ရုံကြီးများတွင် ပြန်လည် ကျိုချက်ပြုပြင်ပြီး လူ့အသုံးအဆောင်ပစ္စည်းများနဲ့ အခြားအသုံးအဆောင် ပစ္စည်းများ အဖြစ် ပြန်လည်ထုတ်လုပ်နိုင်သည်။ ယင်းကဲ့သို့ ပြန်လည်ပြုပြင်ထုတ်လုပ်ရန်အတွက်  ပလတ်စတစ် အမှိုက်ကို စတင်စွန့်ပစ်စဉ်အခါ ကတည်းက   သီးသန့်ခွဲခြားစွန့်ပစ်ဖို့သင့်သည်။ အခြားနိုင်ငံများရှိ စူပါးမားကတ်၊ ဈေးဆိုင်၊ စတိုးဆိုင်များတွင်လည်း အခါအားလျော်စွာ ပလတ်စတစ်အိတ်များ သုံးစွဲမှုလျော့နည်း စေရေးအတွက် အဝတ်အိတ်၊ စက္ကူအိတ် စသည်တို့ကို ဈေးဝယ်သူများအတွက်  အလကား မပေးဘဲ အခကြေးငွေဖြင့် ရောင်းချ ပေးနေသည်ကို တွေ့ရသည်။ အချို့ဈေးဝယ်သူများက မူရင်းရည်ရွယ်ချက်ကို မသိရှိသဖြင့် မကျေမနပ်ပင် ဖြစ်သေးသည်ဟုဆိုသည်။ တကယ်တော့  ဈေးဝယ်တဲ့သူများ အနေနှင့် မိမိဘာသာထည့်စရာ ပစ္စည်းများ ယူဆောင်လာပြီး   ပလတ်စတစ် သုံးစွဲမှု လျှော့ချဖို့ ရည်ရွယ်ခြင်းသာဖြစ်တယ်လို့ သိရသည်။ ယခုနောက်ပိုင်းတွင် နိုင်ငံတော်တော် များများသည် ပလတ်စတစ်အန္တရာယ်ကို ကောင်းစွာ သိရှိလာပြီး ပလတ် စတစ် အသုံး အဆောင်ပစ္စည်းများသုံးစွဲမှုလျှော့ချတာတွေ၊ ကန့်သတ်တာတွေကို လုပ်ဆောင်လာကြပါပြီ။

ကျွန်တော်တို့ နိုင်ငံအနေနှင့်လည်း အစိုးရ၊ စားသုံးသူ ပြည်သူများ၊ ကုန်တိုက်၊ စတိုးဆိုင်ပိုင်ရှင် စသည့်စီးပွားရေး လုပ်ငန်း ရှင်များအပါအဝင် အားလုံးတို့သည် မိမိတို့အတွက်၊ မိမိတို့မိသားစုအတွက်၊ ပတ်ဝန်းကျင် အတွက်၊ နိုင်ငံ အတွက်မှသည် တစ်ကမ္ဘာလုံး အကျိုးအတွက်ထိ ပလတ်စတစ်အန္တရာယ် ခြိမ်းခြောက်ခံရမှုမှ ကင်းဝေးစေရန်   မိမိတို့ ကိုယ်စီအသိစိတ်ဓာတ်ဖြင့်   အလေးထား ဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းရေးသား လိုက်ရပါသည်။  ။ ဆောင်းပါးရှင်- ညီလင်းဦး(MWD)

No comments:

Post a Comment