Latest News

Tuesday, February 6, 2018

ပုဏ္ဏားကျွန်းစက်မှုဇုန်၌ လာရောက်ရင်းနှီးမြှုပ်နှံဆောင်ရွက်မည့် ပြည်တွင်း၊ ပြည်ပကုမ္ပဏီများအနေဖြင့်အခွန်ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များကို အခြားဒေသများထက် ပိုမိုခံစားရရှိနိုင်မည်

ပုဏ္ဏားကျွန်းစက်မှုဇုန်၌ လာရောက်ရင်းနှီးမြှုပ်နှံဆောင်ရွက်မည့်  ပြည်တွင်း၊ ပြည်ပကုမ္ပဏီများအနေဖြင့်အခွန်ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များကို အခြားဒေသများထက် ပိုမိုခံစားရရှိနိုင်မည်

နေပြည်တော်   ဖေဖော်ဝါရီ   ၅

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်း အဝေး(၁၂)ရက် မြောက်နေ့ကို ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ ၌ ကျင်းပရာ ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ အဆိုတစ်ခု တင်သွင်းခြင်းတို့ကို ဆောင်ရွက် ကြသည်။

အစည်းအဝေးတွင် ရခိုင်ပြည်နယ်  မဲဆန္ဒနယ်အမှတ် (၄)မှ ဦးကျော်ကျော်၏  ရခိုင်ပြည်နယ်   ပုဏ္ဏားကျွန်း စက်မှုဇုန်သည် ပထမအကြိမ် လွှတ်တော်သက်တမ်းကာလ ကပင် စတင်ခဲ့ရာ ယနေ့အချိန်ထိဆိုလျှင် ၆ နှစ်ခန့်မျှ ကြာမြင့်ပြီဖြစ်၍    လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မှု အခြေအနေ၊ ပြီးစီးမှုအခြေအနေများ နှင့် နောက်နှစ်မည်မျှကြာကြာလုပ်ဆောင်ရမည့် အခြေ အနေများကို သိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍   စက်မှု   ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ရခိုင် ပြည်နယ်  စစ်တွေခရိုင် ပုဏ္ဏားကျွန်းမြို့နယ်တွင် စက်မှုဇုန် တည်ဆောက်ရန်အတွက် ပုဏ္ဏားကျွန်းမြို့နယ် ကင်းချောင်း ရွာတောင်ဘက် ရန်ကုန်-စစ်တွေကားလမ်း၏ အရှေ့ဘက် ခြမ်းတွင် စုစုပေါင်း ဧရိယာ ၁၉၆၃ ဒသမ ၇၄ ဧကခန့် လျာထားသတ်မှတ်ထားခဲ့ပါကြောင်း၊    ယခင်   အစိုးရ လက်ထက်တွင် ပုဏ္ဏားကျွန်းစက်မှုဇုန်ကို စက်မှုဇုန် အမှတ်(၂၂)အဖြစ် သတ်မှတ်ခွင့်ပြုထားခဲ့ပြီး စက်မှုဇုန် ဖော်ထုတ်ရန်အတွက် ၂ဝ၁၅ ခုနှစ်က တင်ဒါခေါ်ယူခဲ့ရာSupreme Development Co.,Ltd.နှင့်Myanmar Kyauk Phyu Special Economic Zone Holding Public Co.,Ltd. တို့မှ အဆိုပြုတင်သွင်းခဲ့ကြပါကြောင်း။

တင်သွင်းခဲ့သည့် အဆိုပြုလွှာများကို စိစစ်ပြီး Myanmar Kyauk Phyu Special Economic Zone Holding Public Co.,Ltd.ကို ၂ဝ၁၅ ခုနှစ် သြဂုတ် ၂၄ ရက်တွင်   ရွေးချယ်ခဲ့ပါကြောင်း၊   အဆိုပါကုမ္ပဏီနှင့် နားလည်မှုစာချွန်လွှာ  MoU   ကို   ၂ဝ၁၅   ခုနှစ် စက်တင်ဘာ ၁၆ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး  ၄ လ တစ်ကြိမ် သက်တမ်းတိုးခဲ့ရာ  တတိယအကြိမ်သက်တမ်းတိုး ပြီး နောက်ထပ် ၄ လအကြာတွင် စတုတ္ထအကြိမ် အဖြစ် ကုမ္ပဏီမှMoU ဆက်လက်ရေးထိုးရန် ပျက်ကွက်ခဲ့၍ ၂ဝ၁၇ ခုနှစ် ဧပြီ ၁၂ ရက်တွင်  စာချုပ်ဆက်လက်ချုပ်ဆိုခြင်း ကို ရပ်ဆိုင်းခဲ့ရပါကြောင်း။

ပုဏ္ဏားကျွန်းစက်မှုဇုန်တွင်   အစ္စရေးနိုင်ငံ Exo World Group Co.  မှ  တိရစ္ဆာန်  မွေးမြူရေးလုပ်ငန်း၊ အေးခဲသိုလှောင်ရုံ၊ ကုန်ချောထုတ်လုပ်ရေးလုပ်ငန်းနှင့် အစာစပ် လုပ်ငန်း၊ စက်ယန္တရား၊ ငါးဖမ်းရေယာဉ်များ၊ သယ်ယူပို့ဆောင်ရေးရေယာဉ်များတွင်   အသုံးပြုမည့် လောင်စာနှင့် စက်သုံးဆီသိုလှောင်ရုံများ တည်ဆောက်ခြင်း စသည့် လုပ်ငန်းများဆောင်ရွက်ရန်အတွက် မြေဧက ၅ဝ ငှားရမ်းရေးကိစ္စကို ၂ဝ၁၇ ခုနှစ် ဇူလိုင် ၂၈ ရက်တွင် ကျင်းပခဲ့သည့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အစည်းအဝေး တွင် ခွင့်ပြုခဲ့ပြီးဖြစ်ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ကို Exo World Group Co. အနေဖြင့် တင်ပြပါလုပ်ငန်းများ     ကြိုတင်ဆောင်ရွက်ရန်     ခွင့်ပြု ကြောင်းနှင့် သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် ပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့်  ကုမ္ပဏီများ  ညွှန်ကြားမှုဦးစီးဌာနသို့ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၂၄ ရက်တွင် အကြောင်းကြားထား ပြီးဖြစ်ပါကြောင်း။

စက်မှုဇုန်၏  Conceptual  Plan   ဧရိယာသည် အသေးစားနှင့်အလတ်စားစက်ရုံများ၊   အထည်ချုပ်နှင့် အထည်အလိပ်လုပ်ငန်းများ၊ မွေးမြူရေးနှင့် ပုစွန်၊ သားငါး ထုတ်လုပ်ရေးစက်ရုံများ၊ သစ်အချောထည်လုပ်ငန်းစက်ရုံ များ ပါဝင်မည်ဖြစ်ပါကြောင်း၊ သတ်မှတ်ဇုန်ဧရိယာများ အတွင်း ရင်းနှီးမြှုပ်နှံဆောင်ရွက်လိုသည့် စီးပွားရေးကုမ္ပဏီ၊ အဖွဲ့အစည်းများကို    ကျယ်ကျယ်ပြန့်ပြန့်ဖိတ်ခေါ်၍ သင့်လျော်သော သတ်မှတ်ဈေး၊ အခွန်တို့ဖြင့် စနစ်တကျ နေရာချထားပေးသွားမည်ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးမှုနည်းပါး သောဒေသတွင် ပါဝင်သည့်အတွက် ပုဏ္ဏားကျွန်းစက်မှုဇုန် အတွင်း လာရောက်ရင်းနှီးမြှုပ်နှံဆောင်ရွက်မည့် ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုဥပဒေအရ  ခံစားခွင့်ရရှိမည့်  အခွန်ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များကို အခြားဒေသများထက် ပိုမိုခံစားရရှိ နိုင်မည်ဖြစ်ပါကြောင်း၊ ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံနိုင်ရေးအတွက် စိတ်ပါဝင်စားသည့်လုပ်ငန်းရှင် များအား    ဆက်လက်ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊    ရခိုင်ပြည်နယ်ဆိုင်ရာ    အကြံပြုချက်များ အကောင်အထည်ဖော်      ဆောင်ရွက်ရေးကော်မတီမှ လုပ်ငန်းဆောင်ရွက်မှုများသည် အထူးခံစားခွင့်များနှင့်အတူ တိုးတက်အောင်မြင်လာသည်နှင့်အမျှ     ပုဏ္ဏားကျွန်း စက်မှုဇုန်တွင် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများမှ လာရောက် ၍ ရင်းနှီးမြှုပ်နှံဆောင်ရွက်လာကြမည်ဖြစ်ပြီး အမြန်ဆုံး အကောင်အထည်ပေါ်လာနိုင်မည်ဖြစ်ကြောင်း    ရခိုင် ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းဖြေကြားသည်။

မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဖေတင်၏ အစိုးရအောင်ဘာလေထီဆုငွေများ     ထုတ်ယူရာတွင် အနည်းဆုံးတန်ဖိုးငွေကျပ်သောင်းဂဏန်းမှ အများဆုံး ငွေကျပ်ငါးသိန်း  သို့မဟုတ်  ငွေကျပ်ဆယ်သိန်းအထိကို သက်ဆိုင်ရာ အခွန်ဦးစီးဌာနမှတစ်ဆင့် ထုတ်ယူစေပြီး ကျန်ဆုမဲကြီးများအား ပုံမှန်ထုတ်ပေးနေကျ နည်းလမ်းများ အတိုင်း ငွေထုတ်ပေးသည့်စနစ်ကို ဆုကြေးနည်း ထုတ်ယူ သူများအတွက် ဖြေလျှော့ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန် ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ပြည်တွင်းအခွန် များဦးစီးဌာန  အောင်ဘာလေသိန်းဆုဌာနခွဲအနေဖြင့် အောင်ဘာလေထီလက်မှတ်များကို   လစဉ်ဖြန့်ဝေရောင်း ချလျက်ရှိရာ ရောင်းရငွေ၏ ၆ဝ ရာခိုင်နှုန်းကို ထီဆုငွေ အဖြစ်    ပြန်လည်ခွဲဝေပေးပြီး    ကျန် ၄ဝ  ရာခိုင်နှုန်းကို နိုင်ငံတော်ဖွံ့ဖြိုးရေးလုပ်ငန်းများတွင်    အသုံးပြုနိုင်ရန် အတွက် အခွန်ဘဏ္ဍာအဖြစ် ရယူလျက်ရှိပါကြောင်း၊ အဆိုပါ ၆ဝ ရာခိုင်နှုန်းထီဆုငွေများနှင့် ငွေကျပ်သိန်း ၅ဝဝဝ အပါအဝင် ဆုငွေများကို အောင်ဘာလေသိန်းဆု ဌာနခွဲ   ရန်ကုန်နှင့် မန္တလေးရုံးခွဲတို့တွင်လည်းကောင်း၊ ဆုကြေးနည်းထီပေါက်သူများအနေဖြင့်   လွယ်ကူအဆင်ပြေ စွာ ဆုကြေးထုတ်ယူနိုင်စေရန်အတွက် ငွေကျပ် ၁ဝ  သိန်း အထိ ဆုငွေများကို  မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများ တွင်လည်းကောင်း ထုတ်ပေးလျက်ရှိပါကြောင်း။

အောင်ဘာလေထီလက်မှတ်   ရောင်းရငွေ၏    ၆ဝ ရာခိုင်နှုန်းကို ထီဆုငွေအဖြစ် ပြန်လည်ခွဲဝေပေးရာတွင် ထီဆုငွေများကို   မည်သည့်မြို့နယ်၊  မည်သည့်ရုံးတို့တွင် မည်သည့်ထီဆုငွေပမာဏ      ထုတ်ယူမည်ကိုခန့်မှန်း၍ ကြိုတင်ဘတ်ဂျက်ခွဲဝေရန် ခက်ခဲပါသဖြင့် အောင်ဘာလေ သိန်းဆုဌာနခွဲ   ရန်ကုန်နှင့်   မန္တလေးရုံးခွဲများတွင်သာ   ငွေစာရင်းဖွင့်လှစ်ထိန်းသိမ်းထားရခြင်းဖြစ်ပါကြောင်း၊ ဆုငွေလာရောက်ထုတ်ယူပါက နေ့ချင်းပြီး ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊     ထီဖွင့်ပွဲပြီးနောက်ရက်မှ    စတင်၍  ထီဆုငွေများကို စတင်ထုတ်ပေးနိုင်ရန် စီစဉ်ထားရှိပါ ကြောင်း၊ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများတွင် ငွေကျပ် ၁ဝ သိန်းအထိ  ထီဆုငွေများကို ရက်သတ္တပတ်အတွင်း ထုတ်ယူနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

မကွေးတိုင်းဒေသကြီး    မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမြမင်းဆွေ၏ ပုဂ္ဂလိကပိုင် လုပ်ငန်းသုံး မော်တော် ယာဉ်လိုင်းများ ကြီးကြပ်ရေးကော်မတီမှ မြို့ဝင်မြို့ထွက်များ တွင် ငွေကောက်ခံရေးစခန်းများ ဖွင့်လှစ်၍ ငွေကောက်ခံ နေခြင်းကို ရပ်ဆိုင်းပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းက ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့သည်  ပုဂ္ဂလိကပိုင်  မော်တော် ယာဉ်များကို မြို့ဝင်၊ မြို့ထွက်များတွင် ငွေကောက်ခံရေး စခန်းများဖွင့်လှစ်၍ တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေများ အရ ဥပဒေနှင့်အညီ ကောက်ခံနေခြင်းဖြစ်သည့်အတွက် ဖျက်သိမ်းရန် အစီအစဉ်မရှိပါကြောင်း၊ ကယားပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့သည်   မြို့ဝင်၊   မြို့ထွက်များတွင် ငွေကောက်ခံရေးစခန်းများဖွင့်လှစ်၍     အခကြေးငွေများ ကောက်ခံနေခြင်းမရှိပါကြောင်း၊ မကွေးတိုင်းဒေသကြီး အနေဖြင့်  ၂ဝ၁၈ ခုနှစ် မတ် ၁ ရက်မှစ၍  ပုဂ္ဂလိကပိုင် လုပ်ငန်းသုံးမော်တော်ယာဉ်လိုင်းများမှ   မြို့ဝင်၊ မြို့ထွက် များ၌ငွေကြေးကောက်ခံနေခြင်းများကို လုံးဝကောက်ခံခြင်း မပြုရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအနေဖြင့် ၂ဝ၁၈ ခုနှစ် မတ် ၃၁ ရက် အထိသာ ကောက်ခံ၍ ၂ဝ၁၈ ခုနှစ် ဧပြီ ၁ ရက်မှစ၍ ရပ်ဆိုင်းသွား မည်ဖြစ်ကြောင်း။

ကချင်ပြည်နယ် ပုဂ္ဂလိကပိုင်  မော်တော်ယာဉ်များ ကြီးကြပ်ရေးကော်မတီများအနေဖြင့် ကချင်ပြည်နယ်အစိုးရ အဖွဲ့၏ အဆုံးအဖြတ်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် မြို့ဝင်၊ မြို့ထွက်များတွင်   ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာခြင်းရှိ၊ မရှိ ရှောင်တခင်စစ်ဆေးခြင်းလုပ်ငန်း ကိုသာ ဆောင်ရွက်စေပြီး ယာဉ်ရပ်နားစခန်းများတွင်သာ ကောက်ခံစေရေးကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအနေဖြင့် ပဲခူးမြို့အဝင်TOLL  GATE   အနီးတွင် တိုင်းယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီမှ တိုင်းကျော်လုပ်ငန်း လိုင်စင်ရှိ သော ယာဉ်များအား ယာဉ်စည်းကြပ်ခ တစ်စီးလျှင် ငွေကျပ် ၅ဝဝ နှုန်းကို ယခင်အစိုးရလက်ထက်က ထုတ်ပြန် ခဲ့သည့် စီမံချက်အရ ကောက်ခံနေခြင်းဖြစ်ပြီး ယခုအစိုးရ အနေဖြင့် ဆက်လက်ကောက်ခံရန်  သင့်၊ မသင့်ကို Cabinetအစည်းအဝေးတွင် ဆုံးဖြတ်ပြီး နှစ်လအတွင်း စာဖြင့် ပြန်လည်ဖြေကြားမည်ဖြစ်ကြောင်း၊ ပြည်ထောင်စု နယ်မြေ နေပြည်တော်အနေဖြင့် မြို့ဝင်၊ မြို့ထွက်  ငွေ ကောက်ခံရေးစခန်းများ  မရှိပါကြောင်း၊    နေပြည်တော် စည်ပင်သာယာရေးကော်မတီမှသာ  မြို့ဝင်ကြေးဘီးခွန် ကောက်ခံလျက်ရှိပါကြောင်း တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များ၏ ပေါင်းစပ်ဖြေကြားချက်များနှင့်အတူ ရှင်းလင်းဖြေကြားသည်။

ဆက်လက်၍ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေနှင့် ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်တို့၏ မေးခွန်းများနှင့်စပ်လျဉ်း၍  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်နှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး  ဒေါက်တာထွန်းနိုင်တို့က   ရှင်းလင်းဖြေကြား ကြသည်။

ထို့နောက် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေက  ကျေးရွာတစ်ရွာ  ထုတ်ကုန်တစ်ခု ONE VILLAGE ONE PRODUCT(OVOP)ကျေးလက် ဒေသဖွံ့ဖြိုးရေးမဟာဗျူဟာ (RURAL   DEVELOPMENT STRATEGY)   အစီအစဉ်အား   ဆင်းရဲသော ပြည်နယ် နှင့် တိုင်းဒေသကြီးများအား ဦးစားပေးလျက် သက်ဆိုင်ရာ ဝန်ကြီးဌာနများတွင်     ဘဏ္ဍာငွေတစ်ရပ်   ထည့်သွင်း ရေးဆွဲကာ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက် ပေးပါရန်  ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို တင်သွင်းရာတွင် ကျေးလက်နေပြည်သူများ အလုပ် အကိုင်အခွင့်အလမ်းဖန်တီးရရှိရေးဖြင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊   ကျေးလက်ဒေသ   ဖွံ့ဖြိုးရေးအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ထူထောင်နိုင်ရေး၊ နိုင်ငံသူ  နိုင်ငံသားများ လူနေမှုအဆင့်အတန်းမြှင့်တင် ရေးနှင့်  ရေရှည်တည်တံ့ခိုင်မြဲသော စီးပွားရေးကဏ္ဍထွန်းကားရေး၊  ဒေသထွက်ကုန်ကြမ်းပေါ်တွင် အခြေခံ၍ ပြည်တွင်းစားသုံးမှုဖူလုံရေးနှင့် ပြည်ပသို့တင်ပို့ရန်အတွက် အဆင့်မြင့်ကုန်ချော ထုတ်လုပ်ရေးတို့အတွက် ရည်ရွယ်ပါ ကြောင်း၊ မြန်မာနိုင်ငံတွင် အလုပ်လုပ်နိုင်သူဦးရေ ၆၅ ဒသမ ၆ ရာခိုင်နှုန်းရှိသောကြောင့်  အလုပ်လုပ်နိုင်သော လူဦးရေမြင့်မားနေခြင်းသည်   နိုင်ငံတိုးတက်မှုအတွက် အားသာချက်ဖြစ်ပါကြောင်း၊  အဆိုပါ အားသာချက်ကို အမိအရဆုပ်ကိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးခြင်းက နိုင်ငံအတွက် တိုးတက်မှုကို ဆောင်ကြဉ်းနိုင် သော အနေအထားဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဒေသ၏ ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲမွဲတေမှု လျှော့ချရေးအတွက်   ကိုယ်ထူကိုယ်ထဆောင်ရွက်နိုင် စွမ်းကို    စုစည်းဖော်ထုတ်ပေးရန်   ဖြစ်ပါကြောင်း၊ ကိုယ့်ကိုယ်ကိုယ် အားကိုးခြင်းနှင့်တီထွင်ဖန်တီးမှု၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးမှုနှင့်   ဒေသနှင့်လျော်ညီစွာတွေးပြီး ကမ္ဘာနှင့် ကိုက်ညီအောင် လုပ်ဆောင်နိုင်ရန်အတွက်ဖြစ်ပါ ကြောင်း၊  နိုင်ငံ၏ အလုပ်လုပ်နိုင်သူများကို အလုပ်လုပ်နိုင် ရန်အတွက် အခက်အခဲ၊ အရင်းအနှီး၊ နည်းပညာတို့အတွက် အစိုးရက ကူညီရန်လိုအပ်ပါကြောင်း၊ ပံ့ပိုးမှုများဆောင်ရွက် ပေးပါက  မိသားစုတစ်စုချင်း၏  ဝင်ငွေ၊ တစ်ရွာချင်း၊ တစ်မြို့ချင်းဝင်ငွေ   ထိုမှတစ်ဆင့်    တစ်နိုင်ငံလုံးဝင်ငွေ မြင့်မားလာမည်ဖြစ်ပါကြောင်း ဆွေးနွေးတင်ပြသည်။

ယင်းအဆိုနှင့် စပ်လျဉ်း၍ ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၃)မှ ဦးစိုင်းဝမ်းလှိုင်းခမ်းက ထောက်ခံသည်။

ထို့နောက်     အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက   အဆိုအား   လက်ခံဆွေးနွေးရန် လွှတ်တော်၏    အဆုံးအဖြတ်ရယူရာ    လွှတ်တော်က သဘောတူကြောင်း ကြေညာသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး (၁၃) ရက်မြောက်နေ့ကို ဖေဖော်ဝါရီ ၆ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။
အေးအေးသန့်(သတင်းစဉ်)

No comments:

Post a Comment