Latest News

Saturday, February 10, 2018

လူ့အခွင့်အရေးများချိုးဖောက်မခံရစေဖို့ အဂတိလိုက်စားခြင်းကို တွန်းလှန်ကြပါစို့

လူ့အခွင့်အရေးများချိုးဖောက်မခံရစေဖို့ အဂတိလိုက်စားခြင်းကို တွန်းလှန်ကြပါစို့

အဂတိလိုက်စားခြင်းသည် ယနေ့တိုင် ကမ္ဘာကြီးတွင် အမြစ်ဖြတ်သုတ်သင်၍မရသည့်   ရောဂါဆိုးတစ်ခု ဖြစ်သလို ကမ္ဘာလုံးဆိုင်ရာ ဘေးအန္တရာယ်တစ်ခုလည်း ဖြစ်ပါသည်။ အဂတိလိုက်စားမှုများလေလေ နိုင်ငံ၏ စီးပွားရေး၊ တည်ငြိမ်ရေး၊ အုပ်ချုပ်ရေးတို့တွင် ထိခိုက်မှု
များရှိနိုင်သလို ပြည်သူများ၏ လူ့အခွင့်အရေးများ အပြည့်အဝခံစားရရှိရေးတို့တွင် အားနည်းမှုများ ရှိလာမည်ဖြစ်သည်။ သို့အတွက် နိုင်ငံအများအပြားတွင် အဂတိလိုက်စားခြင်း   လျော့နည်းပပျောက်စေရန် နည်းမျိုးစုံဖြင့် အားထုတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိနေကြသည်ကိုတွေ့ရရှိရပါသည်။

ရယူရန်အားထုတ်

အဂတိလိုက်စားမှုဆိုသည်မှာ လုပ်ပိုင်ခွင့်အာဏာ
ရှိသူက ရာထူးတာဝန်ကို  အလွဲသုံးစားပြု၍ တစ်စုံ
တစ်ရာကိုပြုလုပ်ရန်၊ ဥပဒေနှင့်အညီပြုလုပ်ခြင်းမှ ရှောင်
ကြဉ်ရန်၊ တစ်ဦးတစ်ယောက်အား ဥပဒေနှင့်အညီ ရထိုက်သောအခွင့်အရေးပေးရန်၊ သို့မဟုတ် ဥပဒေနှင့်
အညီရထိုက်သောအခွင့်အရေးကို မမှန်မကန် ပိတ်ပင်
ရန်သော်လည်းကောင်း၊ သက်ဆိုင်သူထံမှ  တံစိုး
လက်ဆောင်ကို မိမိအတွက်သော်လည်းကောင်း၊ အခြား
သူ တစ်ဦးဦးအတွက်သော်လည်းကောင်း၊ အဖွဲ့အစည်း
အတွက်သော်လည်းကောင်း၊ ပေးခြင်း၊ လက်ခံခြင်း၊ ရယူ
ခြင်း၊ ရယူရန်အားထုတ်ခြင်း၊ကမ်းလှမ်းခြင်း၊ ကတိပြု
ခြင်း၊ သို့မဟုတ် တစ်နည်းနည်းဖြင့် ဆွေးနွေးခြင်းအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေပြုလုပ်ခြင်းဟုဆိုပါသည်။

အတားအဆီး အနှောင့်အယှက်

အဂတိလိုက်စားခြင်းသည် လူအများအကြား ယဉ်ပါး
နေသောကိစ္စဖြစ်သော်လည်း အဂတိလိုက်စားခြင်းနှင့်
လူ့အခွင့်အရေးဆက်နွှယ်မှုကိုမူ သိရှိဂရုပြုမိသူ နည်းပါး
နေပါသေးသည်။ ကုလသမဂ္ဂအဖွဲ့ကြီး၏ လူ့အခွင့်
အရေးဆိုင်ရာ မဟာမင်းကြီးရုံး Office of the High
Commissioners for Human Rights, OHCHRအဖွဲ့ကြီးမှ အဂတိလိုက်စားခြင်းနှင့် လူ့အခွင့်အရေးဆက်နွှယ်မှု နှင့် စပ်လျဉ်းပြီး အဂတိ လိုက်စားခြင်းသည် လူ့အခွင့်
အရေးများအား အသိအမှတ်ပြုခံစားရရှိရေးတွင် ကြီးမား
သော အတားအဆီး အနှောင့်အယှက်ဖြစ်ပါကြောင်း
နှင့် လူ့အခွင့်အရေး၏ အဓိက စံအချက်များဖြစ်သည့် ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှု၊ ခွဲခြားမှု မရှိခြင်း၊ အဓိပ္ပာယ်ပြည့်ဝစွာဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းတို့ကို ထိရောက်စွာအကောင်အထည်ဖော်ခြင်းသည် အဂတိလိုက်စားမှုတိုက်ဖျက်ခြင်းကို အောင်မြင်အောင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။
သို့အတွက် အဂတိလိုက်စားမှုကို ထိရောက်စွာ အကောင်
အထည်ဖော်နိုင်လျှင်ဖြင့် ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊
တာဝန်ယူမှု၊ တရားမျှတမှုတို့ကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်မည်လည်းဖြစ်ပါသည်။

အကာအကွယ်ပေးရန်

မြန်မာနိုင်ငံ    အဂတိလိုက်စားမှုတိုက်ဖျက်ရေး
ကော်မရှင်ဥပဒေ၏ ရည်ရွယ်ချက်များထဲမှ တစ်ခုကို ကြည့်မည်ဆိုလျှင်လည်း ''အဂတိလိုက်စားမှုများကြောင့် နိုင်ငံတော်ပိုင်ပစ္စည်းများ၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံသား
များ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ထိခိုက်မှု
မရှိစေရေးအတွက် အကာအကွယ်ပေးရန်'' ဟုဆိုထား
သောကြောင့် အဂတိလိုက်စားမှုများကြောင့် နိုင်ငံသား
များ၏ အခွင့်အရေးများ ထိခိုက်ခြင်းများ ဖြစ်ပေါ်ရသည့် အတွက် အဂတိလိုက်စားမှုကိုတိုက်ဖျက်၍ နိုင်ငံသား
များ၏ အခွင့်အရေးများ ထိခိုက်မှုမရှိစေရေး အကာ
အကွယ်ပေးရမည်ဟု ရည်ရွယ်ထည့်သွင်းထားသည်ကို ကြည့်ခြင်းအားဖြင့် အဂတိလိုက်စားခြင်းနှင့် လူ့အခွင့်
အရေး ချိုးဖောက်မှုများ ချိတ်ဆက်ဖြစ်တည်မှုကို သိရှိ နိုင်သည်လည်း ဖြစ်သည်။

သုံးသပ်ဆန်းစစ်ချက်အရ

အဂတိလိုက်စားခြင်းသည် လူ့အခွင့်အရေးကို ထိပါး
ချိုးဖောက်ခြင်းဖြစ်သည်ဆိုပြီး နိုင်ငံတကာဥပဒေများ
တွင် တရားဝင်အသိအမှတ်ပြု ထည့်သွင်းထားခြင်းမျိုး
မရှိသေးသော်လည်း အဂတိလိုက်စားခြင်းကြောင့် လူ့
အခွင့်အရေးများ ထိပါးချိုးဖောက်ခံရခြင်းများကိုမူ အသိအမှတ်ပြုထားကြပြီးဖြစ်ပါသည်။ ဥပမာအားဖြင့် နိုင်ငံတကာ ပွင့်လင်းမြင်သာမှုရှိရေးအဖွဲ့ (Transparency International) မှ ထုတ်ပြန်သည့် Corruption Perceptions Index 2014  အစီရင်ခံစာတွင် ကမ္ဘာ့နိုင်ငံ
ပေါင်း ၁ဝဝ အား သုံးသပ်ဆန်းစစ်ချက်အရ  လက်တင်
အမေရိကနိုင်ငံများထဲမှ နိုင်ငံတစ်ခုဖြစ်သည့် ဗင်နီ
ဇွဲလားနိုင်ငံနှင့် စပ်လျဉ်းပြီး ဗင်နီဇွဲလားနိုင်ငံသည် Corruption Perceptions Index  အညွှန်းကိန်း (၁၉) ဖြစ်ပြီး လူအခွင့်အရေးအခြေအနေများ ဆိုးရွားလွန်း နေကြောင်းနှင့် အဂတိလိုက်စားမှုများ ကျယ်ကျယ် ပြန့်ပြန့်ဆိုးရွားစွာ ဖြစ်ပေါ်နေမှုများကြောင့် လူ့အခွင့်
အရေး ချိုးဖောက်ခံရခြင်းများကို ဗင်နီဇွဲလားနိုင်ငံသူ၊
နိုင်ငံသားများ ဆိုးရွားစွာ ခံစားနေရကြောင်းကို Corruption and Human Rights Violations in Venezuela ခေါင်းစဉ်ဖြင့်  Transparency International တွင် ၂ဝ၁၅ ခုနှစ် ဇွန်လ ၂ ရက် ရက်စွဲဖြင့် သတင်းရေးသား ထားသည်ကို လေ့လာသိရှိရပါသည်။

ခန့်မှန်းနိုင်

နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံအတွင်းရှိ နိုင်ငံသားများ၏လူ့အခွင့်အရေးများ အပြည့်အဝကာကွယ်ထားခြင်း၊
ခံစားရရှိခြင်း ရှိ- မရှိ ကို အဆိုပါနိုင်ငံ၏ အဂတိလိုက်စား
မှု ညွှန်းကိန်းများ၊ နိုင်ငံ၏ အဂတိလိုက်စားမှုအခြေအနေ များကို ကြည့်ရှုသုံးသပ်နိုင်သလို အဂတိလိုက်စားခြင်း
အခြေအနေ အဆိုးအကောင်းအပေါ်မူတည်ပြီး
အဆိုပါနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေ၊ တရားဥပဒေ စိုးမိုးမှု အခြေအနေ၊ အုပ်ချုပ်ရေး
အခြေအနေကို သိရှိခန့်မှန်းနိုင်သည်လည်းဖြစ်သည်။

ထိပါးချိုးဖောက်

လူသားများ၏ လူ့အခွင့်အရေးများ အပြည့်အဝ
ခံစားရရှိပျော်ရွှင်ရေးတွင် အဂတိလိုက်စားခြင်းသည်
အဟန့်အတား ဘေးအန္တရာယ်တစ်ခုဖြစ်လာနေပြီဖြစ်
သည်။ မည်သည့်အခြေအနေမျိုးတွင် ရှိနေသူဖြစ်ပါစေ
လူသားများသည် ¤င်းတို့၏ မွေးရာပါအခွင့်အရေးများ ကို ခံစားခွင့်ရှိပါသည်။  လူတိုင်း လူအခွင့်အရေးများ
လိုချင်တောင့်တကြပါသည်။ မိမိကိုယ်တိုင် လူ့အခွင့်
အရေး ခံစားရရှိနိုင်သလို အခြားသူတွင်လည်း တူညီ
သည့်အခွင့်အရေးရှိကြောင်း ဂရုပြုရပါမည်။  သို့သော်
လည်း အဂတိလိုက်စားခြင်း၊ အဂတိလိုက်စားမှုတွင်
ကိုယ်တိုင်ကိုယ်ကျပါဝင်ခြင်း၊ အားပေးခြင်းတို့ ပြုလုပ်
မည်ဆိုပါက မိမိကိုယ်တိုင် အခြားသူ၏ လူ့အခွင့်အရေး
များ ချိုးဖောက်နေပြီဖြစ်ကြောင်းသိရပါမည်။ မိမိကိုယ်
ကျိုးစီးပွားအတွက် လာဘ်ရယူ၍ တရားမျှတမှု မရှိသော၊
ဘက်လိုက်သော ဆုံးဖြတ်ချက်တစ်ခုခုကို ချမှတ်ခြင်း
သည် အခြားသူတစ်ဦးဦး (သို့မဟုတ်) အများ၏ လူ့
အခွင့်အရေးကို ထိပါးချိုးဖောက်လိုက်ခြင်းပင်ဖြစ်ပါ
သည်။

နိဂုံးချုပ်ဆိုရလျှင်   အဂတိလိုက်စားခြင်းကြောင့်
နိုင်ငံသူ၊ နိုင်ငံသားများ၏ လူ့အခွင့်အရေးများ ထိပါးချိုး
ဖောက်ခံရခြင်းများနှင့်အတူ နိုင်ငံ၏ ပုံရိပ်လည်း ကျဆင်း
စေပါသည်။ အဂတိလိုက်စားခြင်း တွန်းလှန်တိုက်ဖျက်မှု များကို ပညာပေးခြင်းနည်းများဖြင့်လည်းကောင်း၊ ဥပဒေ
များ၊ စီမံကိန်းများ၊ စီမံချက်များ ချမှတ်၍လည်းကောင်း
ကျယ်ကျယ်ပြန့်ပြန့် တိုက်ဖျက်ဆောင်ရွက်စေကာမူ
ပင်ကိုကျင့်ဝတ်ဖြင့်   ထိန်းသိမ်းခြင်း၊ ကိုယ်ချင်းစာ
တရားဖြင့် ထိန်းသိမ်းခြင်း၊ လူ့အခွင့်အရေး အခြေခံ
စံနှုန်းများကို လေးစားလိုက်နာ ထိန်းသိမ်းခြင်းစသည့်
နည်းလမ်းများသည်သာ အဂတိလိုက်စားမှု တွန်းလှန်
တိုက်ဖျက်ရေးတွင် အမြန်ဆုံး ထိရောက်မှုရှိသည့် နည်း
လမ်းများဟုဆိုချင်ပါသည်။

ထို့အပြင် လူ့အခွင့်အရေး အနှစ်သာရ စံနှုန်းများ
ဖြစ်သည့် ခွဲခြားမှု မရှိခြင်း၊ လေးစားမှု၊ ဂုဏ်သိက္ခာ၊ တန်း
တူညီမျှမှု စသည်တို့ကို လေးစားလိုက်နာပြီး မိမိကိုယ်
တိုင် မိမိဂုဏ်သိက္ခာကို လေးစားတန်ဖိုးထားသလို အခြားသူ၏ ဂုဏ်သိက္ခာကိုလည်း လေးစားတန်ဖိုးထား
လျက် လူသားများ စောင့်ထိန်းရမည့် ကျင့်ဝတ်များကို
လည်း စောင့်ထိန်းကာ မိမိအသိဥာဏ် ပင်ကိုစိတ်ထား
ကျင့်ဝတ်ဖြင့် အဂတိလိုက်စားခြင်းကိုတွန်းလှန်တိုက်ဖျက်ကြပါစို့ဟုတိုက်တွန်းရေးသားလိုက်ရပါသည်။


ဒေါက်တာခိုင်ခိုင်ဝင်း(​ကြေးမှုံ)

ကိုးကားစာရင်း

၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ မြန်မာ့အလင်း သတင်းစာ၊ ဦးဟန်ညွန့်(ဥပဒေ)   ၁- ၁၂-၂ဝ၁၇

၂။ မြန်မာနိုင်ငံ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး
ကော်မရှင်ဥပဒေ

၃။The Negative impact of corruption on the
enjoyment of human rights, A/HRC/RES/23/9

No comments:

Post a Comment