Latest News

Thursday, February 22, 2018

တာဝန်ယူတာဝန်ခံရန် လိုအပ်နေသော မြို့ရန်ကုန်၏ အဆောက်အအုံများ

တာဝန်ယူတာဝန်ခံရန် လိုအပ်နေသော မြို့ရန်ကုန်၏
အဆောက်အအုံများ

မြို့တော်ရန်ကုန်တွင်   အဆောက်အအုံအသစ်များမှာ   တစ်နေ့တခြား    တိုးပွားများပြားလာလျက်ရှိသည်။  လူဦးရေသန်းချီနေထိုင်သော   မြို့ကြီးတစ်မြို့ဖြစ်သည့်  အားလျော်စွာ  အဆောက်အအုံလိုအပ်ချက်ကလည်း တစ်နှစ်ထက်တစ်နှစ်  ပိုမိုလိုအပ်လျက်ရှိသည်။  နေထိုင်သူလူဦးရေနှင့်   အဆောက်အအုံမမျှတမှုကြောင့် လည်းကောင်း၊  မြေဈေး၊   အိမ်ဈေးကြီးမြင့်မှုကြောင့်  လည်းကောင်း   မြို့စွန်မြို့ဖျားများတွင်   ကျူးကျော် ဟူသော လူတန်းစားတစ်ရပ် ပေါ်ပေါက်လာသည်။

ခေတ်အဆက်ဆက်    ပြောင်းလဲလာပြီးနောက်   မြို့တော်ရန်ကုန်၏ လမ်းတိုင်းတွင်  ကန်ထရိုက်တိုက် တို့က    ခေတ်စားလာသည်။    လမ်းမကြီးများတွင်    အထပ်မြင့်    အဆောက်အအုံများအဖြစ်   လည်း ကောင်း၊ လမ်းသွယ်များတွင် သက်ဆိုင်ရာမှ ခွင့်ပြု အထပ်အရေအတွက်ဖြင့်      ဆောက်လုပ်သော ကန်ထရိုက်တိုက်များမှာ ရန်ကုန်မြို့အနှံ့ နေရာယူထား ကြသည်။

တစ်ချိန်က     နေ့ချင်းညချင်း    အားချင်းပြီး ဆောက်လုပ်ခဲ့ကြသော      ကန်ထရိုက်တာကြီးများ ကြောင့်  ပတ်ဝန်းကျင်ထိခိုက်နစ်နာမှုများလည်း  ရှိခဲ့ သည်။ သတ်မှတ်ထားသည့်  လမ်းပေအကျယ်ရရှိရေး အတွက် အတင်းအဓမ္မ အခြားသူများ၏ ခြံစည်းရိုး ကိုဖျက်ပြီး    လမ်းခင်းခဲ့ကြသည်။    ညလုံးပေါက် ကွန်ကရစ်ကြမ်းခင်းလောင်းသည့်အတွက်   ပတ်ဝန်း ကျင်    အိပ်ရေးပျက်ခဲ့ရသည်။  သက်ဆိုင်ရာသို့   တိုင်ကြားခဲ့သော်လည်း  ရပ်ကွက်အုပ်ချုပ်ရေးမှူး ဆိုသူက ယောင်လို့ပင်လှည့်မကြည့်ခဲ့။ ရေဆိုးစွန့် မြောင်းနေရာ    မရှိသည့်အတွက်    လမ်းလယ်မှ ကွန်ကရစ်မြောင်းဖောက်သည်။ တိုက်ဆောက်အပြီး  အလှအပ မမွမ်းမံမီ စည်ပင်အရာရှိ၏  အတည်ပြုချက် ကို   ယူသည်။   ပြီးမှနေကာအမိုးများ   ထုတ်သည်။အဆိုပါနေကာအမိုးများမှ  ရေက  ဘေးခြံအိမ်ခေါင်မိုး ပေါ်ကျသည်။    ကန်ထရိုက်က    မသိချင်ယောင်ဆောင် သည်။ မြေရှင်က သူနှင့်မဆိုင်ဟုဆိုသည်။ တာဝန်ယူ တာဝန်ခံမှု မရှိခဲ့ကြ။        
         
ကန်ထရိုက်တိုက်ခန်းများဆောက်၍   လမ်းကို    ကွန်ကရစ်ခင်းအပြီး   မိမိတိုက်ရှေ့မျက်နှာစာမှ လွဲ၍   အခြားနေရာများတွင်  အရံအတားအဖြစ်  ကွန်ကရစ်တုံးများ ကားမရပ်နိုင်ရန်  ချသည်။ တိုက်ခန်း တစ်ခန်းလျှင် ကားတစ်စီးသာ နေရာပေးပြီး ကျန်ကားများ လမ်းပေါ်တွင်ညသိပ်သည်။ လမ်းက ကျဉ်းကျဉ်း ကွန်ကရစ်တုံးရှောင်ရ ကားရှောင်ရနှင့် အခြားကားနှင့် လမ်းသွားလမ်းလာများ  စိတ်အနှောင့်အယှက် ဖြစ်ကြရသည်။

လွန်ခဲ့သော   သီတင်းပတ်အတွင်းက   သူငယ်ချင်းဖြစ်သူ၏  အဖေ၊  အမေနှင့်  တွေ့သည်။ ရန်ကုန် မြို့တော်  စည်ပင်ရုံး  ဘားလမ်းဘက်ရှိ   အပေါက်တစ်ပေါက်၏အောက်တွင်  အခြားသူများနှင့်ရော၍  ထိုင်နေသည်။ လာရင်းကိစ္စကို မေးကြည့်တော့ ကန်ထရိုက်တာက တိုက်ဆောက်အခန်းရောင်းပြီး ထွက် သွားသည်။ မြေပိုင်ဆိုင်မှုစာရွက်စာတမ်းများ ပြန်မပေးခဲ့။  လူနေထိုင်ခွင့်လျှောက်မပေးခဲ့သည့်အတွက်    မိမိတို့ကိုယ်တိုင် လာလုပ်ခြင်းဖြစ်ကြောင်း ပြောသည်။ အသက် ၇ဝ ကျော်  လူကြီးနှစ်ဦးကို နှုတ်ဆက် ထွက်ရင်း  ပတ်ဝန်းကျင်ကိုကြည့်မိတော့  အလားတူ  သက်ကြီးရွယ်အိုများကို တွေ့ရပြန်သည်။ တာဝန်ယူမှု တာဝန်ခံမှုရှိသော ကန်ထရိုက်တာများ မြို့တော်ရန်ကုန်အတွက်  လိုအပ်လှသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ကျင်းပခဲ့သော  ဆောက်လုပ်ရေးကဏ္ဍတွင်  တွေ့ကြုံနေရသော  အခက်အခဲများ ဖြေရှင်းရေးနှင့် လုပ်ငန်းများ ရေရှည်တိုးတက်ရေးအတွက် နိုင်ငံတော်မှ ကူညီဖြေရှင်း   ပံ့ပိုးပေးနိုင်ပါရန်  တင်ပြခြင်း အခမ်းအနားတွင် ''အကြောင်းအမျိုးမျိုးကြောင့်၊  အခက်အခဲအမျိုးမျိုးကြောင့် ရင်ဆိုင်ပြီးတော့  ကျွန်တော်တို့  ဆောက်လုပ်ရေးလုပ်ငန်းတွေဟာ ၂ဝ၁၅  ခုနှစ်ကစပြီး နှစ်နှစ်ခွဲကျော်    အချိန်ကာလကစပြီး တဖြည်းဖြည်း ကျဆင်းလာပါတယ်၊  ကျဆင်းလာတဲ့အချိန်မှာ လုပ်ငန်းရှင်တွေ အားလုံးဟာ ဘဏ်တိုးတွေ၊ ဝန်ထမ်းစရိတ်တွေ၊ လုပ်ငန်းစရိတ်တွေနဲ့  အချိန်ကုန်ပြီးတော့  အားလုံး ပေးဆပ်နေရတာကို စိတ်မကောင်းဖွယ်   တွေ့ရှိရပါတယ်။ နောက်ပိုင်းမှာ  ဆောက်လုပ်ရေးတစ်ခေတ် ပြောင်းဖို့အတွက်  မျှော်လင့်ချက်များစွာနဲ့  တမ်းတစောင့်မျှော်နေခဲ့ရပါတယ်၊  အင်အားအကြီး အသေး အပေါ်မူတည်ပြီးတော့  အချို့ဆိုလျှင်လုပ်ငန်းတွေ လျှော့ချလိုက်ပါပြီ၊   အချို့ဆိုရင်   ရပ်ဖို့ပြင်ဆင်နေကြ ပါပြီ၊ အချို့ဆိုရင်လည်း    ရပ်သွားကြပါပြီ'' ဟု   မြန်မာနိုင်ငံ  ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ်မှ   ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးရှိန်ဝင်းက ပြောသည်။
ဆောက်လုပ်ရေးကန်ထရိုက်တာလုပ်ငန်းများ   ပြန်လည်စန်းထလာစေရန် လုပ်ငန်းရှင်များဘက် ကလည်း  တာဝန်ယူတာဝန်ခံရန်  လိုအပ်လှသည်။   မိမိတိုင်းဒေသကြီးအစိုးရများ၏  အသစ်ဖော်ဆောင် မည့်   မြို့သစ်စီမံကိန်းများတွင်   အားနှင့်အင်နှင့်  ပူးပေါင်းရန်   လိုအပ်သည်။   အလုပ်မဖြစ်တော့သော တစ်ဦးတစ်ယောက်ပိုင်လုပ်ငန်းများမှ     အစုရှယ်ယာအသစ်များ   ဖိတ်ခေါ် ၍      အများပိုင်အဖွဲ့အစည်း များဖွဲ့ရန်   လိုအပ်သည်။  တစ်ချိန်တည်းမှာပင်   လူနေထိုင်ရန်သာမက   လူမှုပတ်ဝန်းကျင်အဖွဲ့အစည်း တစ်ခု    နေထိုင်ရန်အတွက်ပါ   ရည်ရွယ်ဆောက်လုပ်ရန်   လိုအပ်လာသည်။  ဈေး၊   ကျောင်း၊  ဆေးရုံ၊ ရဲစခန်း၊ ရုပ်ရှင်ရုံ၊ စာကြည့်တိုက်၊ ပန်းခြံအစရှိသော လှူအဖွဲ့အစည်းအတွက် လိုအပ်ချက်များကိုပါ ထည့်သွင်းစဉ်းစားတည်ဆောက်ရန်   လိုအပ်လာသည်။

မြို့တော်ရန်ကုန်ကြီးကို     ခေတ်မီအောင်တည်ဆောက်ရာတွင်   မြို့သူ  မြို့သားများ၏    လူနေမှု ဘဝများကိုပါ   ထည့်သွင်းစဉ်းစားရန်   အရေးကြီးသည်။ ခေတ်မမီတော့သော   လမ်းများတွင် အထပ်မြင့် တိုက်များ    ထပ်မံဆောက်လုပ်ရန်     မသင့်တော့ချေ။   လူနေထိုင်မှု   သိပ်သည်းသော    မြို့နယ်များကို ရှောင်ရှား၍ လူနေကျဲပါးသော မြို့ကွက်သစ်များတွင်   သပ်ရပ်လှပသော   အဆောက်အအုံသစ်များကို ဆောက်လုပ်ရင်း     ရန်ကုန်ဆောက်လုပ်ရေးလုပ်ငန်းများ     တစ်ခေတ်ပြန်လည်     ဆန်းသစ်နိုင်ကြပါ စေကြောင်း . . . ။      ။
ထင်ပေါ်ဝင်း(မြန်​မာ့အလင်း)

No comments:

Post a Comment