Latest News

Thursday, February 22, 2018

ငြိမ်းချမ်းခြင်းအရသာပါတကား - ဆောင်းပါး


ငြိမ်းချမ်းခြင်းအရသာပါတကား - ဆောင်းပါး

ကျွန်တော်၏ နိုင်ငံ့ဝန်ထမ်းဘဝစတင် ရောက်ရှိ တာဝန်ထမ်းဆောင်ရာနေရာ ဒေသမှာ ကယားပြည်နယ် ရှားတောမြို့ ဖြစ်သည်။ ၁၉၉၁ ခုနှစ်တွင် အလုပ်စတင် ဝင်ရောက်ကာ သုံးနှစ်ခန့်ကြာရှားတော မြို့နယ်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး နောက်  အခြားဒေသသို့  ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့ရသည်။ ယခုအခါ ရှားတောမြို့နယ်သို့ ရာထူးတိုးဖြင့်ပြန် လည် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခွင့် ရရှိပြန်သည်။ ယခုအခါရှားတောမြို့သည် ယခင်ကနှင့်မတူ များစွာ¶ဖြိုးတိုးတက် ပြောင်းလဲနေပြီဖြစ်သည်။

ရှားတောမြို့သည် ကယားပြည်နယ် ၏ မြို့တော်လွိုင်ကော်မြို့၏ အရှေ့ဘက်မိုင် ၄ဝ အကွာတွင် တည်ရှိသည်။ ယခင်က သွားလာရေးခက်ခဲခဲ့သည်။ ကားတစ် တန်၊ ခြေကျင်တစ်တန်သွားလာရသည်။ လွိုင်ကော်မြို့မှ ပွန်ချောင်းကျေးရွာအထိ နေ့စဉ်လိုင်းကားတစ်စီးရှိပြီး ပွန်ချောင်း ကျေးရွာမှ ရှားတောမြို့အထိ တောင် တက်ခရီးကို ခြေကျင်လျှောက်ခဲ့ရသည်။  ထိုစဉ်က လွိုင်ကော်မြို့မှ ပွန်ချောင်း ကျေးရွာအထိ မော်တော်ကားလမ်းမှာ လည်း  ကျောက်ကြမ်းလမ်းမျှသာဖြစ်၍ မော်တော်ကားကို  ဖြည်းဖြည်းချင်း မောင်းနှင်ရပေရာ ခရီးမတွင်အလွန်ပင် ဖင့်နှေးကြန့်ကြာခဲ့ရသည်။ သို့ဖြစ်၍ မိုင် ၄ဝ မျှခရီးဖြစ်သော်လည်း   တစ်နေကုန် ခရီးသွားလာခဲ့ကြရသည်။ တစ်ခါတစ်ရံ အကြောင်းအမျိုးမျိုးကြောင့်လမ်းတွင် ညအိပ်ခဲ့ရသည့်အခါများလည်းရှိခဲ့သည်။ ယခုအခါ  အဆိုပါလမ်းသည် ကတ္တရာ လမ်းအဖြစ် ပြောင်းလဲနေခဲ့ပြီးခရီးသည် တင်ယာဉ်များ  နေ့စဉ်ပြေးဆွဲလျက်ရှိ ကာ  နှစ်နာရီကြာမျှသာ  မောင်းနှင်ရ တော့ သည်။     လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာခြင်းအပေါ် ဒေသခံများက ဝမ်းမြောက်ဝမ်းသာဖြစ်နေကြသည်။

ထို့အပြင် အခြားသောကဏ္ဍများမှ ဖွံ့ဖြိုးတိုးတက်မှုများလည်း ရှိသေးသည်။ မဟာဓာတ်အားလိုင်းစနစ်ဖြင့် လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးနေခြင်း၊ တယ်လီဖုန်း၊ အင်တာနက်အသုံးပြုနိုင်ခြင်းတို့သည် ယခင်ကဒေသခံများ  အိပ်မက်မျှပင် မမက်ဖူးသော အခြေအနေမျိုးဖြစ်သည်။ မြို့တွင်းလမ်းများ ကတ္တရာလမ်းဖြစ်လာ သည်။ လူနေအိမ်များ သစ်လွင်တောက်ပ လာသည်။  ရေနုတ်မြောင်းတွေ  စနစ် တကျဖြစ်လာသည်။ မြို့ရေပေးဝေရေး လုပ်ငန်းစနစ်တကျဖြစ်လာသည်။ ယခင် က ဒေသခံများ၏  နေအိမ်များကို ငှားရမ်း ပြီး ရုံးအဖြစ်ဖွင့်လှစ်ဆောင်ရွက်ခဲ့ရသော ဌာနဆိုင်ရာရုံးများသည်   ယခုအခါ သီးခြားဌာနဆိုင်ရာ   ရုံးအဆောက် အအုံသစ်များဖြင့်    ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဝန်ဆောင်မှုပေးနေကြပြီ ဖြစ်သည်။ အထပ်မြင့်စုပေါင်းဝန်ထမ်း အိမ်ရာများ တည်ဆောက်ပေးထားသဖြင့် နိုင်ငံ့ဝန်ထမ်းများ နေထိုင်ရေး အဆင်ပြေ နေကြပြီဖြစ်သည်။ ယခင်က ဒေသခံများ အတွင်း ဘွဲ့ရပညာတတ်မရှိသလောက် နည်းပါးခဲ့သဖြင့် ဌာနဆိုင်ရာ ဝန်ထမ်း အများစုမှာ အခြားဒေသမှ ပြောင်းရွှေ့ လာရောက်ကာ တာဝန်ထမ်းဆောင်သူ များဖြစ်ကြပြီး ဒေသခံများမှာ ရုံးအကူ၊ ညစောင့်ရာထူး တာဝန်များတွင်သာ တာဝန်ထမ်းဆောင်နိုင်ခဲ့ကြသည်။ ယခု အခါ ဒေသခံများအတွင်း ဘွဲ့ရပညာ တတ်သူ တိုးပွားလာပြီး စာရေးရာထူးမှ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲ တာဝန်အထိ  တာဝန်ထမ်းဆောင်သူ ဒေသခံများ ပေါ်ထွက်လာကြပြီဖြစ်သည်။ မိမိတို့ဒေသအကျိုးကို မိမိတို့ကိုယ်တိုင် ဆောင်ရွက်နိုင်ကြပြီဖြစ်သည်။  ဝမ်း မြောက်ဖွယ်ပင်။

ရှားတောမြို့၏ ဖွံ့ဖြိုးတိုးတက်မှု သည် ယခင်က အခြေအနေနှင့် နှိုင်းစာ လျှင်    အံ့မခန်းဖွံ့ဖြိုးတိုးတက်မှုဟု        စာရေးသူက   တင်စားပြောဆိုလိုပါသည်။ များမကြာမီကာလတွင် သံလွင်မြစ်ကူးတံတားကြီးတည်ဆောက်ကာ ထိုင်းနိုင်ငံ နယ်စပ်အထိ လမ်းဖောက်လုပ်သွားရန် အခြေအနေရှိ၍ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်မှ တစ်ထောက်နားရာ ရှားတောမြို့သည် ယခုထက် ပိုမိုဖွံ့ဖြိုး တိုးတက်လာပေလိမ့်မည်။

ယခင်က နေအိမ်မှ တောင်ယာ        စိုက်ခင်းသို့ သွားရာလမ်းတစ်လျှောက်၊ တစ်ရွာနှင့်တစ်ရွာ ကူးသန်းသွားလာရာ လမ်းတစ်လျှောက်၊ မြို့နှင့်ကျေးရွာ ကူး သန်းသွားလာရာ  လမ်းတစ်လျှောက် စိုးရိမ်စိတ်ဖြင့် သွားလာခဲ့ရ၍ဖွံ့ဖြိုးတိုး တက်ရေးဆောင်ရွက်နိုင်ခြင်းမရှိခဲ့သော ဒေသသည် ယခုအခါ ဖွံ့ဖြိုးရေး လုပ်ငန်း များဆောင်ရွက်နိုင်ခဲ့ပြီး   ဖွံ့ဖြိုးတိုးတက်မှု ကို မျက်ဝါးထင်ထင်မြင်ကြရပြီ။ ဤကား ငြိမ်းချမ်းခြင်းအရသာပင်တည်း။ အထက် ဖော်ပြပါဖွံ့ဖြိုးတိုးတက်မှုတို့သည်အိပ်မက် မဟုတ်တာသေချာပါသတည်း။       ။
ကြီးမြင့်နိုင်(လွိုင်ကော်)မြန်​မာ့အလင်း

No comments:

Post a Comment