Latest News

Tuesday, February 6, 2018

ဆင်ခြေထောက် ရောဂါ သိကောင်းစရာ

ဆင်ခြေထောက် ရောဂါ သိကောင်းစရာ

လူ၏ခြေထောက်မှာ ဆင်၏ခြေထောက် ပုံသဏ္ဌာန်သို့  ပြောင်းလဲ သွားစေနိုင်သော ရောဂါဖြစ်သောကြောင့် ဆင်ခြေထောက် ရောဂါဟု အစဉ်အဆက် အမည်နာမတပ်ကာ ခေါ်တွင်လာခဲ့သည်။ အဆိုပါရောဂါသည် အဓိကအားဖြင့် Wuchereria bancrofti ဟုခေါ်သော သန်ကောင်ကြောင့်ဖြစ်ပွားရသည်။ အဆိုပါရောဂါပိုးကို သယ်ဆောင်သောခြင်မှာ ညအခါတွင် ကိုက်လေ့ရှိသော ကျူးလက်ခြင် အမျိုးအစားပင်ဖြစ်သည်။ ရောဂါပိုးကိုသယ်ဆောင်သော  ကျူးလက်ခြင် ကိုက်သောအခါ ဆင်ခြေထောက် ရောဂါကူးစက် ပြန့်ပွားလေတော့သည်။

၎င်းရောဂါသည် အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်ခြင်းမရှိသော်လည်း ရေရှည်တွင် ပုံသဏ္ဌာန် ပျက်ယွင်းကာ လူတောမတိုး၊ လုပ်အားဆုံးရှုံးခြင်း တို့ကိုဖြစ်ပေါ်စေသည်။ ဆင်ခြေထောက်ရောဂါပိုး  ဆင်ခြေထောက်ရောဂါပိုးမှာ သန်လုံးကောင် အမျိုးအစားဖြစ်သည်။ ၎င်း၏ဇီဝဖြစ်စဉ်တွင် (သားလောင်းဘဝ)၊ သန်ကောင်ငယ်ဘဝနှင့် သန်ကောင်ကြီး ဘဝသုံးခုကို ဖြတ်သန်းရသည်။ ကူးစက်ပုံအဆင့်ဆင့် ဆင်ခြေထောက်ရောဂါ ကူးစက်ပုံအဆင့်ဆင့်မှာ  ရောဂါပိုးရှိသောသူကို ကျူးလက်ခြင်ကိုက်ရာမှ စတင်သည်။ သန်ကောင်ကြီးဘဝတွင် ရှိနေသော သန်ကောင်သည် လူ၏ လင့်ကြောများထဲတွင် ရှင်သန်ကြီးထွားသည်။

သန်ကောင်အဖိုသည် မီလီမီတာ ၄ဝ ခန့်အထိ ရှည်လျားပြီး သန်ကောင်အမမှာမူ မီလီမီတာ ၅ဝ မှ ၁ဝဝ အထိ ရှည်လျားသည်။ ၎င်းတို့၏ သက်တမ်းမှာ ပျမ်းမျှအား ဖြင့် ၁၅ နှစ်ခန့်ဖြစ်ပြီး နှစ်ပေါင်း ၄ဝ ကြာမြင့်အောင် သက်တမ်းရှည်သည့်သာဓက လည်းရှိဖူးသည်။ သန်ကောင်အဖိုနှင့် အမတို့ မိတ်လိုက်ပြီးနောက် သန်ကောင်အမသည် တစ်နေ့လျှင် သန်ကောင်ငယ် ငါးသောင်းခန့်အထိ ပေါက်ပွားနိုင်သည်။ ၎င်းသန်ကောင် ငယ်လေးများသည် ညဘက် ၁ဝ နာရီနှင့် နံနက်စောစော ၂ နာရီကြားတွင် သွေးကြောအတွင်းသို့ ဝင်ရောက် လှည့်လည် ကျက်စားကြသည်။ ထိုအချိန်တွင် ကျူးလက်ခြင်က ကိုက်ပြီး လူ၏ သွေးကိုစုပ်ယူသောအခါ သန်ကောင်ငယ်လေးများသည် ခြင်၏ အစာလမ်းကြောင်း အတွင်းသို့ ရောက်ရှိသွားကြသည်။

ထို့နောက် သန်ကောင်ငယ်လေးများသည် ခြင်၏ အစာလမ်းကြောင်းမှ တစ်ဆင့် ကြွက်သား အတွင်းသို့ ဝင်ရောက်ကာ သားလောင်းလေးများ  ပေါက်ပွားလာကြသည်။ ထိုသားလောင်းလေးများအဆင့်ဆင့် ပြောင်းလဲသွားပြီး နောက်ဆုံးအဆင့်တွင် ခြင်၏သွားရည်အိပ် အတွင်းသို့ ဝင်ရောက်နေရာယူကြသည်။ ထိုသို့ရောဂါပိုးသားလောင်းလေးများကို သယ်ဆောင်သော ခြင်က လူကိုကိုက်သောအခါ ထိုသားလောင်းလေး များသည် လူ၏သွေးကြော အတွင်းသို့  ဝင်ရောက်လာကြသည်။ ထိုသားလောင်းလေးများသည် သွေးကြောမှတစ်ဆင့် လင့်ကြောအတွင်းသို့ ဝင်ရောက်နေရာယူကာ တဖြည်းဖြည်းကြီးထွားလာပြီး သန်ကောင်ကြီးများ ဘဝသို့ ရောက်ရှိလာကြသည်။

ရောဂါလက္ခဏာများ အချို့မှာ သန်ကောင် ဝင်ရောက်ပြီးဖြစ်သော်လည်း ရောဂါလက္ခဏာ လုံးဝခံစားရမှု မရှိပေ။ ထိုအဆင့်ကို ရောဂါငုပ်နေသော အဆင့်ဟုခေါ်ဆိုနိုင်သည်။ ရောဂါနုစဉ် လက္ခဏာများမှာ ချမ်းတုန်၍ဖျားခြင်း၊ ချောင်းဆိုးရင်ကျပ်ခြင်း၊ အရေပြားယားယံခြင်း၊ အင်ပျဉ်ထွက်ခြင်း၊ အကျိတ်များထွက်ကာ ရောင်ရမ်းခြင်း၊ဝှေးစေ့များ ရောင်ရမ်းကာ နာကျင်ခြင်းနှင့် ခြေ၊ လက်တို့ရောင် ရမ်းကိုက်ခဲခြင်း စသည်တို့ဖြစ်ကြသည်။ ရောဂါသက်တမ်းရင့်လာသည့်အခါ ခြေထောက်တစ်ဖက် သို့မဟုတ် နှစ်ဖက်စလုံး ကြီးထွားလာပြီး ဆင်ခြေထောက် အသွင်ဖြစ်လာသည်။ ထို့ပြင် လက်နှင့်ရင်သားတို့လည်း ကြီးလာတတ်သည်။

မုတ္တကြီးခြင်း၊ ဆန်ဆေးရည်ကဲ့သို့ အဖြူရောင် ဆီးပျစ်ပျစ်များ သွားခြင်းနှင့် ကျောက်ကပ်ပျက်စီးခြင်းတို့နှင့်လည်း ကြုံတွေ့ရနိုင်သည်။ အဆိုပါရောဂါမှာ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်သည်။ အမျိုးသားများသည် အမျိုးသမီးများထက် ပိုမိုဖြစ်ပွားသည်ကို တွေ့ရှိရသည်။  ရောဂါပိုး သယ်ဆောင်သော ကျူးလက်ခြင်များ ပေါက်ပွားသော ဒေသများတွင် ကူးစက်မှုဖြစ်ပွားသည်။ ပတ်ဝန်းကျင် သန့်ရှင်းမှု အားနည်းခြင်း၊ ရေစီးရေလာ ကောင်းမွန်မှုမရှိခြင်း၊ စိုစွတ်ထိုင်းမှိုင်းသော ရာသီဥတုရှိခြင်းနှင့်  ဆင်းရဲခြင်းတို့သည်  အဆိုပါ ဆင်ခြေထောက်ရောဂါ ကူးစက်ပြန့်ပွားရန် လွယ်ကူသော အခြေအနေများဖြစ်ကြသည်။ ရောဂါရှာဖွေခြင်း ရောဂါရှိ၊ မရှိ သိရှိနိုင်စေရန် လက်ထိပ်မှ သွေးကို ညဘက် ၁ဝ နာရီမှ နံနက်စောစော၂ နာရီအတွင်း ဖောက်၍ ဆင်ခြေထောက် ရောဂါကိုဖြစ်စေသော သန်ကောင်ငယ်များကို ရှာဖွေနိုင်သည်။

ကာကွယ်ခြင်း ကာကွယ်သော အပိုင်းတွင်   ဆင်ခြေထောက်ရောဂါပိုးကို   သယ်ဆောင်သော ကျူးလက်ခြင် ကိုက်ခံရမှုမှ ကင်းဝေးအောင် ပြုလုပ်ခြင်း အပိုင်းနှင့် သန်ချဆေးပေါင်း တိုက်ကျွေးခြင်းဟူ၍ ရှိသည်။ ခြင်ကိုက်ခံရမှုမှ ကင်းဝေးအောင် ပြုလုပ်ခြင်း ခြင်ကိုက်မခံရစေရန် ညဘက်အိပ်ရာဝင်ချိန်တွင် ခြင်ထောင်ထောင် အိပ်ရပါမည်။ ဖြစ်နိုင်ပါက ခြင်နိုင်ဆေးစိမ် ခြင်ထောင်ကို အသုံးပြုသင့်သည်။  အိပ်ရာမဝင်မီ ခြင်ကိုက်မခံရစေရေးအတွက် အဝတ်အစား ထူထူဝတ်ဆင်ခြင်း၊  ခြင်မကိုက်ဆေး လိမ်းပေးခြင်းတို့ကို ပြုလုပ်ရမည်။ ထို့ပြင် လိုအပ်ပါက ခြင်ဆေးဖျန်းခြင်းကို ဆောင်ရွက်ရမည်။

ကျူးလက်ခြင် ပေါက်ပွားခိုအောင်းခြင်း မရှိစေရန်  ချုံနွယ်ပိတ်ပေါင်းများကို ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းအောင် ဆောင်ရွက်ခြင်းနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး ကောင်းမွန်အောင် ဆောင်ရွက်ခြင်း တို့ကိုပြုလုပ်ရမည်။ သန်ချဆေးပေါင်းတိုက်ကျွေးခြင်း သန်ချဆေးပေါင်းဆိုသည်မှာ  ဆင်ခြေထောက်ရောဂါကိုဖြစ်စေသော သန်ကောင်ငယ်များကို နှိမ်နင်းမည့် DEC  ဆေးပြားနှင့် သန်ကောင်ကြီးများကို နှိမ်နင်းမည့် AlbeNdazole ဆေးပြားတို့  တိုက်ကျွေးခြင်းကို ဆိုလိုသည်။ အဆိုပါဆေးပေါင်းကို ဆင်ခြေထောက်ရောဂါ  ကင်းဝေးစေရေးအတွက် တစ်နှစ်လျှင် တစ်ကြိမ်နှုန်းဖြင့်   ငါးနှစ်ဆက်တိုက် အသက်အပိုင်းအခြား အလိုက် မြန်မာနိုင်ငံတွင် တိုက်ကျွေးလျက်ရှိသည်။

ရည်မှန်းချက်မှာ ၂ဝ၂ဝ ပြည့်နှစ်တွင် မြန်မာတစ်နိုင်ငံလုံး ဆင်ခြေထောက်ရောဂါ ကင်းဝေးစေရေးဖြစ်သည်။ အဆိုပါ သန်ချဆေးပေါင်းကို နေ့တစ်နေ့တာတွင် မည်သည့်အချိန်မဆို သောက်နိုင်သော် လည်း အစာစားပြီးချိန်၊ ညအိပ်ရာ ဝင်ခါနီးအချိန်တွင်  သောက်သုံးရန် အကောင်းဆုံးဖြစ်သည်။   သန်ချဆေးဖြစ်သောကြောင့် ဆေးသောက်ပြီး လှုပ်ရှားမှုများပါက အနည်းငယ်မူးကာ ပျို့အန်တတ်သည်။ ဆင်ခြေထောက်ရောဂါပိုး ရှိသူများ ဆေးအာနိသင်ကြောင့် ဖျားခြင်း၊ ကိုက်ခဲခြင်း တို့ဖြစ်တတ်သည်။

ဆေးသောက်ပြီး အင်ပျဉ်ထွက်လျှင် ဘာမီတွန်ဆေးပြား တစ်ပြားသောက်နိုင်သည်။   ကိုယ်လက်ကိုက်ခဲပါက ပါရာစီတမော တစ်ပြားသောက်နိုင်ပြီး ခေါင်းမူးပျို့အန်ပါက  ဗီတာမင် B6 တစ်ပြားသောက်နိုင်သည်။ မသက်သာပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းများသို့  သွားရောက် ပြသသင့်သည်။  အသက်နှစ်နှစ်အောက် ကလေး၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ရောဂါတစ်ခုခုကို ဆိုးရွားစွာ ခံစားနေရသူများ အဆိုပါ သန်ချ ဆေးပေါင်းကို မသောက်သင့်ပါ။

အချုပ်အားဖြင့်ဆိုရပါမူ  ၂ဝ၁၈ ခုနှစ် အတွက် ဆင်ခြေထောက်ရောဂါ ကင်းဝေးစေရေး  မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဇန်နဝါရီ ၂၂ ရက်မှ ၃၁ ရက်အထိ သန်ချဆေးပေါင်း တိုက်ကျွေးခြင်း လုပ်ငန်းများ ပြုလုပ်လျက်ရှိရာ ဝိုင်းဝန်းပါဝင် ဆောင်ရွက်ကြပြီး သန်ချဆေးပေါင်းကို သောက်ကြပါရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။   ။ဒေါက်တာ မင်းစိုးဦး(​ကြေးမှုံ)

No comments:

Post a Comment