Latest News

Friday, February 23, 2018

ဂေါ်ရန်ဂျီကျွန်းကို လူထုအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်မည်

ဂေါ်ရန်ဂျီကျွန်းကို လူထုအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်မည်

ငပုတော  ဖေဖော်ဝါရီ  ၂၂

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ငရုတ်ကောင်းဒေသရှိ ဂေါ်ရန်ဂျီ ကျွန်းကို အခြေတည်ကာ ကျေးရွာများတွင် လူထုအခြေပြုခရီးသွားလုပ်ငန်းတစ်ရပ်ကို ဒေသခံများနှင့်အတူ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

''ကျွန်တော်တို့ ဧရာဝတီတိုင်းဒေသကြီးမှာ ခရီးသွားဒေသတွေအနေနဲ့ ငွေဆောင်၊ ချောင်းသာ၊ ပြီးတော့ မြတ်မော်တင်စွန်းပေါ့၊ မြတ်မော်တင်စွန်းက တော့ ဘုရားပွဲရာသီတစ်လလောက်ပဲဆိုပေမယ့် ငွေဆောင်၊ ချောင်းသာကျတော့ ဖွံ့ဖြိုးဆဲအနေအထားထက် ဖွံ့ဖြိုးနေပြီလို့ ပြောရမယ်၊ အဲဒီအချိန်မှာ ဂေါ်ရန်ဂျီ ကျွန်းဆိုတဲ့ ခရီးသွားဒေသတစ်ခု ပေါ်ထွက်လာတော့ တရားဝင် အပန်းဖြေ စခန်းတစ်ခုဖြစ်လာအောင် ဒေသခံတွေနဲ့အတူ ဆောင်ရွက်မယ်၊ ဆောင်ရွက်ပြီး သွားရင်တော့ ဒီဒေသက ဧရာဝတီတိုင်းဒေသကြီးရဲ့ ပထမဆုံး လူထုအခြေပြု ခရီးသွားလုပ်ငန်းတစ်ခု ဖြစ်လာမှာပါ''ဟု
ဧရာဝတီတိုင်းဒေသကြီး  ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လင်းထွန်း က ပြောကြားသည်။

လူထုခရီးသွားအခြေပြု ခရီးသွားလုပ်ငန်းဆိုသည်မှာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ရေရှည်တည်တံ့ရေး၊ ယဉ်ကျေးမှု၊   ဓလေ့ထုံးတမ်း၊  အစဉ်အလာတန်ဖိုး၊ အမွေအနှစ်နှင့် သဘာဝအရင်းအမြစ်များအား အကာ အကွယ်ပေးခြင်း စသည်တို့ကို ကူညီဆောင်ရွက်ပေးခြင်းဖြင့် ဒေသခံများ၏   လူနေမှုဘဝ    သာယာဝပြောရေးကို အကျိုးပြုနိုင်ပြီး ရပ်ရွာအဆင့်တွင် တည်ထောင်ထားရှိသော ဒေသခံများပိုင်ဆိုင်သော ကိုယ်တိုင်လည်ပတ်၊ စီမံ၊ ဆွေးနွေး ပါဝင်နိုင်သည့် ခရီးသွားလုပ်ငန်းကို ဆိုလိုခြင်းဖြစ်သည်။

ငရုတ်ကောင်းဒေသသည် ကျယ်ပြန့်သောပင်လယ်၊ ကမ်းခြေများ၊ ကျောက်ခက်ကျောက်စိုင်များ၊ အရွယ်အစား စုံလင်လှသည့် ကျွန်းစုများဖြင့် သာယာလှသည့် သဘာဝ ရှုခင်းများ ပြည့်နှက်နေသည့် ဒေသတစ်ခုဖြစ်သည်။ ကျေးရွာအုပ်စုများတွင် မတူညီသည့် သဘာဝအလှတရား များရှိပြီး ခရီးသွားများ သွားရောက်လည်ပတ်သင့်သည့် နေရာများဖြစ်သည်။ ထိုမျှမကဘဲ ဒီရေရောက်တောများ၊ ရေတိမ်ဒေသများဖြင့် မတူညီသည့် ဂေဟစနစ်များကို မြင်တွေ့ရသည့်အပြင် ဆင်၊ ငှက်နှင့် မျောက်မျိုးစိတ် မျိုးစုံ များလည်း  ငရုတ်ကောင်းဒေသတွင်  နေထိုင်ကျက်စား လျက်ရှိသည်။

ယခင်က ဂေါ်ရန်ဂျီကျွန်းနှင့် ပတ်ဝန်းကျင်ဧရိယာ များသည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ငရုတ်ကောင်း ဒေသ၏   အစိတ်အပိုင်းတစ်ခုမျှသာ  ဖြစ်ခဲ့သော်လည်း ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက် ရန် စီစဉ်မှုကို ဒေသခံများက ဆန့်ကျင်ခဲ့ခြင်းကြောင့် ငရုတ်ကောင်းဒေသသည် လူသိများလာခဲ့သည်။ ထိုမျှမက လူမှုကွန်ရက်စာမျက်နှာများတွင်လည်း ဂေါ်ရန်ဂျီကျွန်း ဝန်းကျင် သဘာဝအလှဓာတ်ပုံများကြောင့်  ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များစွာ သွားရောက်လည်ပတ်ခဲ့ ကြပြီး သုံးနှစ်အတွင်း ခရီးသွားဧည့်သည် ၂ဝဝဝဝ ကျော် သွားရောက်လည်ပတ်ခဲ့ပြီး ဖြစ်သည်ဟု သိရသည်။

''ဒီမှာက အများအားဖြင့် ရေလုပ်ငန်းလုပ်ကြတဲ့သူတွေ များတယ်၊ အခုဆို ရေသယံဇာတလည်း ရှားလာပြီဆိုတော့ ခရီးသွားလုပ်ငန်းနဲ့ပတ်သက်ပြီး ဝင်ငွေရအောင် လုပ်ကြရ တာပေါ့၊ အဓိက  ကျွန်တော်တို့ ရည်ရွယ်လိုက်တာက သဘာဝပတ်ဝန်းကျင်မပျက်   ကိုယ့်ဒေသရေရှည်ဖွံ့ဖြိုး တိုးတက်ဖို့ပါ၊ ပြီးရင် ကိုယ့်ဒေသခံတွေလည်း အခြေမပြတ် ဖို့၊ အဲဒါကိုပဲ ရည်ရွယ်တာပါ၊ ပြီးတော့ ခရီးသွားလုပ်ငန်းကိုပဲ မှီခိုပြီးနေရတဲ့ ပုံစံလည်း မဖြစ်စေချင်ဘူး၊ အမြတ်အစွန်း ကိုလည်း တအားကြီး မရည်ရွယ်ဘူး၊ နည်းနည်းပဲလာလာ လာပါစေ၊ လာတဲ့သူတွေကတော့ သဘာဝကို ချစ်မြတ်နိုးတဲ့ သူတွေပဲ ဖြစ်စေချင်တယ်''ဟု သစ်ရောင်းမြို့နယ်မှ ဒေသခံ တစ်ဦးက ပြောသည်။

ငရုတ်ကောင်းဒေသသည် လူမှုအခြေပြု ခရီးသွား လုပ်ငန်းအဖြစ် ဆောင်ရွက်ရခြင်းမှာ ဒေသမြေယာပိုင်ဆိုင်မှု များသည် ပိုင်ရှင်မဲ့၊ ဘိုးဘွားပိုင်၊ မြေလွတ်၊ မြေလတ်၊ လယ်မြေ၊ ဥယျာဉ်ခြံမြေများ စသည်ဖြင့် ပုံစံအမျိုးမျိုး တည်ရှိ နေခြင်းကြောင့်ဖြစ်သည်။ ဒေသခံများ၏ လယ်ယာများ အားလုံးနီးပါးသည် နိုင်ငံတော်မှ လယ်ယာစိုက်ပျိုးရန် တရားဝင်ခွင့်ပြုချက် ပုံစံ ၇ ရရှိပြီး ဖြစ်သော်လည်း တစ်ဝက် ခန့်ကသာ ပုံစံ ၁ဝ၅ ကို ရရှိထားသည်။

ယင်းပြင်   ငရုတ်ကောင်းဒေသဖွံ့ဖြိုးတိုးတက်ရန် ပင်လယ်ကမ်းခြေအနီးတစ်ဝိုက်ရှိ   မြေနေရာများကို ဟိုတယ်ဇုန်တည်ဆောက်ရန် ဝယ်ယူလိုသူများရှိသော်လည်း မြေယာပိုင်ဆိုင်ခွင့် အခက်အခဲများကြောင့် အရောင်း အဝယ်ပြုလုပ်၍ မရနိုင်ကြောင်း တွေ့ရှိရသည်။ သို့ရာတွင် အလွတ်သဘောရောင်းဝယ်မှုများကို ၉ဝ ရာခိုင်နှုန်း ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။ ယင်းကြောင့် ငရုတ်ကောင်းဒေသသည် ငွေဆောင်၊ ချောင်းသာကမ်းခြေ တို့ကဲ့သို့ အဆင့်မြင့်တည်းခိုဆောင်များ တည်ဆောက်ခွင့် မရှိဘဲ လူထုအခြေပြုခရီးသွားလုပ်ငန်းကိုသာ ဆောင်ရွက် နိုင်မည်ဖြစ်သည်။

''CBTဆိုတဲ့အတွက် အဆောက်အအုံတွေဟာ ရပ်ရွာပိုင်  ဖြစ်ရမယ်ပေါ့၊ ဒါကို  အားလုံးက သဘောတူ ပါဝင်လာပြီဆိုရင် တည်းခိုနားနေရာတွေ တည်ဆောက် မယ်၊ ဝန်ထမ်းတွေကို သင်တန်းပေးမယ်၊ သောက်ရေ၊ သုံးရေရရှိမှု အဆင်သင့်ဖြစ်/မဖြစ်၊ သန့်ရှင်းမှုရှိ/မရှိ ဒါတွေကို စစ်ဆေးမယ်၊ ပြကွင်းပြကွက်တွေ ဖန်တီးမယ်၊ ဒါတွေကို ကျွန်တော်တို့ ပြင်ဆင်ပြီးသွားပြီဆိုရင်တော့ တရားဝင် မြန်မာနိုင်ငံရဲ့ လူထုအခြေပြု ခရီးသွားဒေသ တစ်ခုအဖြစ် ဝန်ကြီးဌာနက သတ်မှတ်ပါလိမ့်မယ်၊ သတ်မှတ် ပြီးတဲ့နောက်မှာ  ပံ့ပိုးမှုတွေ  တောက်လျှောက်လာပါ လိမ့်မယ်''ဟု  ဒုတိယညွှန်ကြားရေးမှူးက ဆက်လက် ပြောကြားသည်။

ငရုတ်ကောင်းမြို့သို့ ရန်ကုန်မြို့မှ ကားဖြင့် တိုက်ရိုက် သွားနိုင်ပြီး ဂေါ်ရန်ဂျီကျွန်းရှိရာသို့ ယင်းမှ စက်လှေဖြင့် ငါးမိနစ်ခန့်သာ သွားရသည်။  ချောင်းသာ၊ ငွေဆောင် ကမ်းခြေများမှတစ်ဆင့် လာရောက်လိုပါက ဘုတ်များဖြင့် သော်လည်းကောင်း၊ ကမ်းခြေလမ်းတစ်လျှောက် ရွာလမ်း များမှတစ်ဆင့်    ဆိုင်ကယ်စီး၍သော်လည်းကောင်း၊ စက်ဘီးစီး၍သော်လည်းကောင်း သွားရောက်လည်ပတ် နိုင်သည့်အပြင်   ငွေဆောင်မှ  ဂေါ်ရန်ဂျီသို့  ခြေကျင် ခရီးကြမ်း နှစ်သက်သူများအတွက်   ခြေကျင်ခရီးလည်ပတ် နိုင်သည်။
သတင်း- ခင်ဇာလီ၊ ဓာတ်ပုံ- စောသိန်းဝင်း(​ကြေးမှုံ)

No comments:

Post a Comment