Latest News

Monday, February 19, 2018

ဖဒိုမန်းရှာနဲ့ မပြည့်မစုံ ကျနာ်၏ ဂုဏ်ပြုစာတို(ယောဟန်အောင်)


    သို့သော်လည်း ၀မ်းနည်းဖွယ်ရာ အခြေအနေက
    ဒီလို အတွေ့အကြုံများ၊ အမြော်အမြင်ကြီးတဲ့ ခေါင်းဆောင်တွေ
    တယောက်ပြီး တယောက်ဆုံးပါးနေကြရတာပါပဲ။
    သူတို့ရှိစဉ်မှာ ပြေလည်မှု ရနိုင်ခဲ့ရင် ပိုမိုအကျိုးများနိုင်ပါတယ်။
    သူတို့က ရှေ့မှီနောက်မီ တွက်ချက်နိုင်မှု ရှိသလို၊ အဖွဲ့အပေါ်လည်း သြဇာ ရှိကြပါတယ်။
    ဒီတော်လှန်ရေးကို သူတို့က စတင်လာခဲ့တော့ သူတို့ကပဲ နိဂုံးချုပ်ပေးလိုခဲ့ကြပါတယ်။


ဖဒိုမန်းရှာ လုပ်ကြံခံလိုက်ရတယ်ကြားတော့ အတော်ကြေကွဲမိတယ်။ ကရင်လူမျိုးတွေအတွက်သာမက ကျနော်တို့နိုင်ငံအတွက်လည်း အခွင့်အရေးတွေ လက်လွတ်သလို ခံစားရပါတယ်။ ကျနော်တို့နိုင်ငံမှာ
လွတ်လပ်ရေးစတင်ချိန်ကစလို့ ပြည်တွင်းစစ်ကြီး ဆင်နွှဲလာခဲ့ရတာ နှစ် ၆၀ ရှိတော့မယ်။ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) ဆိုတာလည်း လက်နက်ကိုင် တိုက်ပွဲဝင်လာရတာ နှစ် ၆၀ ရှိတော့မယ်။ ဒီလောက် ရှည်ကြာတဲ့စစ်ပွဲအတွင်းမှာ အကျအဆုံး၊ အဆုံး အရှုံးတွေလည်း မနည်းလှဘူး။ ခေါင်းဆောင်တွေ အပါအ၀င် ပြည်သူတွေလည်း အသက်အိုးအိမ် ပျက်စီးဆုံးရှုံးရတာတွေ ဒုနဲ့ဒေးပါ။

၁၉၅၅ ခုနှစ်မှာ မြန်မာနိုင်ငံအစိုးရက ထုတ်ဝေတဲ့ ၀န်ကြီးချုပ် ဦးနုမှ ပြည်ထောင်စုအစိုးရသို့ တင်သွင်းတဲ့ အစီရင်ခံစာမှာ တင်ပဲ (မပြည့်စုံ လျှော့နည်းနေတယ်လို့ ယူဆရတဲ့ စာရင်းတွေ အရပဲ) ၁၉၅၅ ခုနှစ်တွင် အစီရင်ခံစာတင်တဲ့ ကာလအတွင်းမှာပင် အစိုးရစစ်သားများအပါအ၀င် လူပေါင်း (၅,၆၉၃) ဦး သေဆုံးခဲ့ရပြီး၊ အရပ်သား သေဆုံးရမှု (၂၂,၀၇၇) ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒီစာရင်းမှာ သူပုန်ဖက်က အရပ်သား သေဆုံးရမှုတွေ မပါဝင်သေးပါ။ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီး ပြည်တွင်းစစ် စတင်ခဲ့တဲ့ ၂-နှစ်ကာလအတွင်းမှာပင် လူပေါင်း (၆၀,၀၀၀) သေဆုံးခဲ့ရပြီး၊ လူတသန်း ကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရ တယ်လို့ အစီရင်ခံစာမှာ ဖော်ပြခဲ့ဖူးပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်စောမောင် အာဏာ ရှိစဉ်ကလည်း ၁၉၈၈ ခုနှစ်၊ စစ်အာဏာ သိမ်းပြီးကာလ နောက်ပိုင်း ပြည်တွင်းစစ်ပွဲအတွင်း ကျဆုံးရသူ တပ်မတော်သားအရေအတွက်၊ ဒဏ်ရာရသူနှင့် သူပုန် အကျအဆုံးစာရင်းကို “တပ်မတော်သမိုင်း” ပြုစုရင်း အတွဲတခုမှာ ဖော်ပြခဲ့ဖူးပါတယ်။ အသင့်ရှိမနေ တဲ့အတွက်ကြောင့် ကျနော် အတိအကျ မဖော်ပြနိုင်ပါဘူး။ သေချာတာကတော့ မြန်မာနိုင်ငံရဲ့ ရှည်ကြာပြင်းထန်တဲ့ ပြည်တွင်းစစ်မှာ တိုင်းပြည်လည်း ချုံးချုံးကျ၊ လူတွေ၊ အသက်အိုးအိမ် စည်းစိမ်တွေ များစွာ ဆုံးရှုံးခဲ့ကြရတာကတော့ အသေအချာပါပဲ။

တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ကျနော် ဆက်ဆံလာခဲ့ရတဲ့

အတွေ့အကြုံအရ သူတို့ကလည်း ဒီစစ်ကို ဒီထက်မြှင့်ပြီး မီး ဟုန်းဟုန်းတောက်အောင် မတိုက်ချင်ကြတော့ပါဘူး။ သူတို့လူမျိုးတွေအတွက် ထိုက်သင့်တဲ့ အခွင့်အရေးတွေ ရခဲ့ရင် ကျေလည်ငြိမ်းချမ်းဖို့ အသင့် ရှိကြပါတယ်။ ကေအန်ယူအပါအ၀င် အချို့အဖွဲ့အစည်းတွေဟာ ယခင်က သီးခြား လွတ်လပ်ရေးကို တောင်းဆိုခဲ့ကြသော်လည်း ဒီလို ကြွေးကြော်သံမျိုးကို ပြန်ရုပ်သိမ်းခဲ့တာ ကြာပါပြီ။ အချို့တိုင်းရင်းသား ခေါင်းဆောင်တွေဆိုရင် မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ပြည်နယ်ပေါင်းစု ပြည်ထောင်စု (ဖက်ဒရယ်စနစ်) ကို သွားလိုတယ်။ သို့သော်လည်း ဒီကိစ္စ တွေအတွက် အပြန်အလှန် ကတိက၀တ်တွေပြု ကြပြီး ရေရှည်ဆက်လက်တည်ဆောက်သွားရမယ့် လုပ်ငန်းစဉ်သဘော ဆို တာမျိုးအထိ မြင်ထားကြပါတယ်။

သို့သော်လည်း ၀မ်းနည်းဖွယ်ရာ အခြေအနေက ဒီလို အတွေ့အကြုံများ၊ အမြော်အမြင်ကြီးတဲ့ ခေါင်းဆောင်တွေ တယောက်ပြီး တယောက်ဆုံးပါးနေကြရတာပါပဲ။ သူတို့ရှိစဉ်မှာ ပြေလည်မှု ရနိုင်ခဲ့ရင် ပိုမိုအကျိုးများနိုင်ပါတယ်။ သူတို့က ရှေ့မှီနောက်မီ တွက်ချက်နိုင်မှု ရှိသလို၊ အဖွဲ့အပေါ်လည်း သြဇာ ရှိကြပါတယ်။ ဒီတော်လှန်ရေးကို သူတို့က စတင်လာခဲ့တော့ သူတို့ကပဲ နိဂုံးချုပ်ပေးလိုခဲ့ကြပါတယ်။

သို့သော်လည်း စစ်အစိုးရက ဒီအခြေအနေတွေကို မမြင်ခဲ့ပါဘူး။ အပစ်အခတ်ရပ် အဖွဲ့တွေကို လည်း သဘောထားမှန်မှန်နဲ့ ဆက်ဆံတာမျိုး မတွေ့ရသလို၊ တိုင်းရင်းသားတွေကြားထဲမှာတောင် သွေးခွဲအုပ်ချုပ်ရေးမူကို သုံးလို့ ဆက်လက်သပ်လျှိုနေပါသေးတယ်။ ကရင်လူမျိုးတွေမှာ ကြည့်ရင်တောင် ကရင်နဲ့ ဒီကေဘီအေ၊ အခြား ကရင် အုပ်စုငယ်တွေကို အသီးသီးဖဲ့ထုတ်ပြီး နိုင်ငံရေးအရ သွေးခွဲအုပ်ချုပ်ရေး၊ စစ်ရေးအရ အသာရရေးကို ဆက်လုပ်နေကြတုန်းပါပဲ။ အဆိုး ဆုံးကတော့ ယခု ဖဒို မန်းရှာကို လုပ်ကြံတဲ့ ရုပ်ဆိုးအကျည်းတန်တဲ့ ကိစ္စမျိုးတွေအထိ ဖြစ်လာခဲ့ပါတယ်။

ဒိုကို ကျနော် စတွေ့ဖူးတာကတော့ မာနယ်ပလောမှာပါ။ ကျနော်တို့က မာနယ်ပလော မြောက်ဖက် တဖက်စွန်းမှာ စခန်းချနေကြတယ်။ ဖဒိုမန်းရှာတို့က တောင်ဖက်ကျတဲ့ အပိုင်းမှာ။ မာနယ်ပလောဆိုတာက သံလွင်နဲ့ သောင်ရင်းမြစ်ကြားက ရှည်မျောမျော ကျွန်းဆွယ်ကလေးလို ဖြစ်နေတဲ့ နေရာပါ။ ဒီနေရာမှာ တောင်တန်းမြင့်မားတွေ၊ ရေစီးသန်တဲ့ သံလွင်မြစ်တွေက သဘာဝ အတားအဆီးလို ဖြစ်နေတော့ သဘာဝအရ အားကောင်းတဲ့ ခံတပ်နေရာလို ဖြစ်နေခဲ့တယ်။

ကျနော် ABSDF မှာ အောက်ခြေတပ်မှာ ခေါင်းဆောင်အဖြစ် တာဝန်ယူတော့ ဖဒိုမန်းရှာနဲ့ သိပ်ရင်းနှီး ဆက်ဆံရမှု မရှိလှဘူး။ ကျောင်းသားတပ်မတော်တပ်တွေနဲ့ ဆက်ဆံဖို့က ဆက်သွယ်ရေးတပ်က ဗိုလ်မှူးခေးနီ၊ ဗိုလ်မှူးရောဂျာ၊ ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော့ပိ (လောဝါဒီ) တို့နဲ့ ပိုဆက်ဆံကြရတယ်။ ဖဒိုမန်းရှာက အဲသည်အချိန်က ဗိုလ်ချုပ်မြရဲ့ ကိုယ်ရေးအရာရှိ ဆိုပြီး သူ့ တာဝန်က နိုင်ငံရေးအဖွဲ့အစည်းတွေ ဖြစ်တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ NLD-LA၊ နောက်ပိုင်း စင်ပြိုင် အစိုးရဖွဲ့ တော့ ညွန့်ပေါင်းအစိုးရ (NCGUB) တို့နဲ့ ပိုဆက်ဆံရတယ်။ အချို့အစည်းအဝေးတွေမှာ တွေ့ဆုံရတာလောက်ပဲ ရှိတယ်။

သတိပြုမိ တာကတော့ သူက မလိုအပ်ရင် စကားသိပ်မပြောတတ်တာရယ်၊ လိုအပ်လာရင် ချက်ကျ လက်ကျ လေအေးအေးနဲ့ တဖက်သား နားဝင်ခံသာအောင်ပြောပြနိုင်တာပါပဲ။ တကယ်တော့ ကြေညာချက်အတော်များများမှာ နောက်က ဦးနှောက်သဖွယ် ပါဝင်ခဲ့ရတယ် ဆိုရင်လည်း မမှားဘူး။

၁၉၉၀ ခုနှစ်လောက်မှာ ရွေးကောက်ခံအမတ်တွေ လွတ်မြောက်နယ်မြေ ရောက်လာကြတယ်။ အဲသည်အချိန်မှာ မာနယ်ပလောစာချုပ် ချုပ်ဆိုဖို့ လုပ်ကြတော့ အကြိတ်အနယ် ညှိနှိုင်းကြရတာ တွေ့ရတယ်။

အဲသည်အချိန်က ABSDF ခေါင်းဆောင်တွေကိုယ်တိုင် ညနက်မိုးချုပ်မှ ပြန်လာခဲ့ကြရတာမျိုး တွေ့ရတယ်။ သည် အစည်းအဝေးတွေမှာလည်း ဖဒိုမန်းရှာက တည်တည်ငြိမ်ငြိမ်နဲ့ အုပ်စုအားလုံး သင့်မြတ်အောင် ကြိုးစားလို့၊ သူ့ ညှိနှိုင်းဆွေးနွေးရေး အစွမ်းကို ပြနိုင်ခဲ့တယ်။ စကားလုံး တခုချင်းကအစ သူ့စွမ်းဆောင်ချက်တွေ မနည်းဘူး။

ဖဒိုမန်းရှာက ခပ်အေးအေး နှိမ့်နှိမ့်ချချပဲ နေတတ်တယ်။ သူက အုပ်ချုပ်ရေးဌာနကဖြစ်နေတော့ စစ်ယူနီဖောင်းတွေ ဘာတွေနဲ့လည်း သိပ်မတွေ့ရပါဘူး။ စစ်အင်္ကျီအနွမ်းနဲ့ ပုဆိုးနဲ့ ၀တ်တာမျိုးတော့ တွေ့ရတတ်တယ်။ နောက်ပိုင်းတော့ ရင်းနှီးလာပါတယ်။ သို့သော်လည်း ကျနော်တို့က အလုပ်မရှိ ရင်လည်း သူမအားမှန်းသိတော့ သူ့အိမ်ကို သိပ်မရောက်ဖြစ်ကြဘူး။ တခါတလေတော့ ရောက်တယ်။ ကျနော်က တခါတလေ “ဖဒို”လို့ ခေါ်လေ့ရှိသလို၊ တခါတလေလည်း “ဆရာ”လို့ပဲ လွယ် လွယ်ခေါ်မိပါတယ်။

ဖဒိုမန်းရှာက အနုပညာရှိသူလို့ပြောရင်လည်း မမှားဘူး။ “ရေဆန်” ဆိုတဲ့ ကလောင်နာမည်နဲ့ ဆောင်းပါးတွေ ဘာတွေတော့ ရေးတယ်။ ကဗျာတွေ ဘာတွေ ရေးတာတော့ မတွေ့ဖူးပါဘူး။ သို့သော်လည်း ကဗျာဆန်တယ်လို့ပြောရတာက သူ တောထဲမှာ ဆောက်ထားတတ်တဲ့ အိမ်အလှကလေးတွေကြောင့်ပါ။ အိမ်ဆောက်ရင် ရွေးတဲ့နေရာက ခွင်ကျတယ်။ ရသမျှ သစ်ဝါးကိုပဲ အားပြုလို့ အိမ်ကို အလှဆုံးဖြစ်အောင် ဆောက်တတ်တယ်။ ပြီးတော့ စားပင် သီးပင်တွေ၊ ပန်းပင်တွေကို အိမ်မှာ သာယာဖွယ်ဖြစ်အောင် အကျအနစိုက်ထားတတ်တယ်။ မြေပေါက်တဲ့ ပန်းရောင်စုံကလေးတွေရှိသလို၊ ဆိုင်းတွဲနဲ့ ချိတ်ထားတဲ့ တောသစ်ခွမျိုးစုံလည်း ရှိတတ်တယ်။
ကျနော်မှတ်မိနေတဲ့ သူ့အိမ်ကလေးက မယ်တုကွီချောင်းကလေးနားက သူ့အိမ်လေးပါ။ ကျနော်တို့က ကဗျာဆန်တဲ့ အိမ်ကလေးလို့တောင် ခေါ်ပါတယ်။ အနားမှာတော့ ဒီအေဘီရုံးစိုက်ရာကုန်း၊ ရေအားလျှပ်စစ် ထုတ်တဲ့ စက်ကလေး၊ လူ့ဘောင်သစ်ရုံးနဲ့ NLD-LA ဌာနချုပ် ရုံးစိုက်ပြီးနောက်ပိုင်း “ဒေါ်အောင်ဆန်းစုကြည်လမ်း” လို့ အမည်ပြောင်းပေးထားတဲ့ လမ်းကလေး၊ ဆရာတော် ဦးခေမာစာရ သီတင်းသုံးရာ ရဟန်းပျိုကျောင်းတို့ ရှိပါတယ်။

သူ့ အိမ်ကလေးကတော့ သောင်ရင်းမြစ်ကို မေးတင်နေပြီး၊ ချောင်ကျကျ ခပ်ဆိပ်ငြိမ်ငြိမ် တည်ရှိနေပါတယ်။ တခါတလေ ကျနော်တို့ရောက်လာရင် သူ့ဇနီးက ရှိတာနဲ့ ထမင်းထုတ်ကျွေးတတ်ပါတယ်။ ကျနော်က နာမည်မမှတ်မိတော့ဘူး။ တွေ့ရင်လည်း လွယ်လွယ် အမေ (အမိုး) လို့ပဲ ခေါ်ကြတယ်။ သူက ဗမာစကား သိပ်မရေလည်သော်လည်း အားလုံးကို ဖော်ဖော်ရွေရွေ ဆက်ဆံတတ်ပါတယ်။ ပဲခူးရိုးမနဲ့ ကေအန်ယူ တပ်မဟာ (၃) ဒေသမှာနေစဉ် သူတို့ခက်ခဲပင်ပန်း ရပုံတွေ၊ ထိုးစစ်ကာလတွေမှာ ပြေးလွှားနေကြရပြီး အတည်တကျ မနေခဲ့ကြရတဲ့ အတွေ့အကြုံတွေကိုလည်း ပြန်ပြောပြတတ်ပါတယ်။ သူကလည်း တကယ့်ပါရမီဖြည့်ဖက်လို့ပြောရမယ်။ နိုင်ငံရေး သိပ်မပြောပေမယ့် အမာခံ ရဲရဲတောက်ပါပဲ။ သူက ဖဒိုထက် အရင် မနှစ်က ကင်ဆာရောဂါနဲ့ ဆုံးပါးသွားခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ သူ့ကို ကျနော် ဆက်ဆံရတာက ABSDF ညီညွတ်ရေး ပြိုကွဲစဉ်ကာလမှာပါ။ သည်အချိန်မှာလည်း ကျနော်တို့ ပြန်ပေါင်းစည်းရေးဖြစ်ဖို့ သူအစွမ်းကုန် ကြိုးစားပေးခဲ့တယ်။ အသိအမှတ် မပြုဘဲ နေလို့မရနိုင်တဲ့အထိ သူ ကြိုးစားပေးခဲ့ပါတယ်။ ကျနော်တို့က နှစ်ဖွဲ့ကွဲနေကြတော့ ကိုယ်ကောင်းတယ်၊ သူမကောင်း ဇွတ်ပေငြင်းနေတာမျိုးလည်း ရှိခဲ့ပါတယ်။ သူက တကယ်တိုက်တာမဟုတ်၊ ကိုယ်က ပိုရဲရဲတောက် ဆိုတာမျိုးတွေလည်းပြောခဲ့မိကြပါတယ်။

ဒို ကတော့ သူတို့ အရင် က KNU/ KNUP အကွဲအပြဲ ကာလအတွေ့အကြုံတွေ၊ တော်လှန်ရေးထဲမှာ ထားကြရမယ့် သဘောထားတွေနဲ့ သိမ်သိမ်မွေ့မွေ့ ရှင်းပြတတ်ပါတယ်။၁၉၉၆ ခုနှစ်မှာ ABSDF ပြန်လည် ပေါင်းစည်းရေး ညီလာခံကို ထီးကပလယ် စခန်းမှာလုပ်တော့ သူပြောခဲ့တဲ့ မိန့်ခွန်းကို ကျနော်အမှတ်ရ နေပါသေးတယ်။

“လင်းယုန်ဆိုတာ မြင့်မြင့်ပျံတဲ့အချိန်ရှိသလို၊ နိမ့်နိမ့် ပျံရတဲ့အချိန်လည်း ရှိတယ်” တဲ့။
သူဆိုလိုတာက ပေါင်းစည်းရေးလုပ်လို့ အချို့ခေါင်းဆောင်နေရာ အပြောင်းအလဲ ဖြစ်ခဲ့ရင်၊ ညီညွတ်ရေးကြည့်ပြီး အနစ်နာခံရသူတွေလည်း ရှိပါတယ်။ ဒီလူတွေကို အားပေးတာပါ။ တော်လှန်ရေးဟာ ရေရှည်သွားရမယ့်သဘောနဲ့ ကိုယ်နိမ့်နေတဲ့ ကာလမှာလည်း စိတ်ရှည်ရှည်ထား ကြိုးကြိုးကုတ်ကုတ်လုပ်ဖို့ သူက အကြံပေးခဲ့တာပါ။

အဲသည်အချိန်က ထီးကပလယ်စခန်းက ကေအန်ယူ ယာယီဌာနချုပ် လုပ်ထားတဲ့ နေရာပါ။ အဲသည်မှာလည်း သူ့အိမ် ကလေး (တဲကလေးဆိုရင်တော့ ပိုမှန်ပါလိမ့်မယ်) က သပ်သပ်ယပ်ယပ်၊ ကဗျာဆန်ဆန်ပါပဲ။ သူနဲ့ အတူနေတဲ့ ရဲဘော် တယောက်နဲ့လည်း ကျနော်စကားပြောရသေးတယ်။ ဒီလူက ကရင်လူမျိုး၊ အိန္ဒိယနိုင်ငံက တက္ကသိုလ်တခုမှာ လုံခြုံရေးဆိုင်ရာ ဗျူဟာလေ့လာမှုပညာ မဟာဘွဲ့ (security studies) လေ့လာပြီး ပြန်လာသူ၊ ဒါပေမယ့် ထင်းခွဲနေတာ၊ ထမင်း ချက်နေတာ တွေ့ရတယ်။ ဒါကိုတော့လည်း ကျနော်သဘောမတွေ့နိုင်ခဲ့ဘူး။ ကျနော်မြင်တာကတော့ ဒီလိုလူမျိုးတွေကို သေသေချာချာ သူတို့ တန်ဖိုးရှိတဲ့အတိုင်း အသုံးချသင့်တယ် ထင်တာကိုး။ နောက်ပိုင်းတော့ ဒီလူငယ်ကိုလည်း ဘာဖြစ်သွားမှန်း ကျနော်မသိတော့ပါဘူး။ ပြန်မတွေ့ဖြစ်ဖူး။

ဒါတင်မကပါဘူး။ ကျနော်နဲ့သူ သဘောမတူခဲ့တဲ့ အခြား အချက်တွေလည်း ရှိခဲ့ပါတယ်။ ကျနော်တို့က ငယ်ရွယ်ချိန်၊ စစ်သွေးကြွလွန်းနေချိန်မှာ ချင့်ချင့်ချိန်ချိန် သူ့သဘောကို တခါတလေလည်း သဘောမတွေ့မိဘူး။

တခါတလေလည်း ဒီလို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရင် ရရဲ့သားနဲ့ ဘာဖြစ်လို့ ကေအန်ယူမှာ ပြုပြင်ပြောင်းလဲမှုတွေ မလုပ်နိုင်ရတာလဲ။ …ဒီလို လုပ်သင့် တယ်။ ဟိုလို လုပ်သင့်တယ်။ သူက အင်အားကြီးတဲ့ တော်လှန်ရေးတပ်ဖွဲ့ ကေအန်ယူအထွေထွေအတွင်းရေးမှူး အနေနဲ့ ဒီလိုမျိုး ဦးဆောင်ပြီး ဘယ်လို စတင်လုပ်သင့်တယ်… စသဖြင့် မြင်ခဲ့မိကြတာလည်း ရှိပါတယ်။ ဒါပေမယ့် အဲသည် အချိန်က အဖွဲ့ အစည်းရဲ့ အကန့်အသတ်တွေ၊ အခြား မမြင်သာတဲ့ အကန့်အသတ်တွေကိုလည်း ထည့်မစဉ်းစားမိခဲ့ကြပါဘူး။

ဖဒိုမန်းရှာ ဘ၀မှာ မအောင်မြင်မှုတွေ၊ မပြည့်ဝခဲ့တဲ့ အိပ်မက်တွေလည်း ရှိခဲ့လိမ့်မယ်။ အဖွဲ့အစည်းဆိုတာကလည်း လူအများနဲ့ လုပ်ကြရတဲ့သဘော၊ ကိုယ်ဖြစ်ချင်တိုင်း မဖြစ်နိုင်တော့လည်း ခက်သားလား။ သူရဲ့ မပြည့်ဝခဲ့တဲ့ အကြီးမားဆုံး အိပ်မက်ကတော့ ကရင်အမျိုးသားတွေအတွက် စွမ်းဆောင်ပေးချင်တဲ့ လွတ်လပ်မှုနဲ့ ဂုဏ်သိက္ခာပဲ ဖြစ်ပါလိမ့်မယ်။ ခေတ်မီ တိုးတက်တဲ့၊ လွတ်လပ် အမှီအခိုကင်းတဲ့၊ ဒီမိုကရေစီ အခွင့်အရေးတွေ ပြည့်ဝပြီး လူမျိုးပေါင်းစုံ သဟဇာတနေထိုင်နိုင်ကြ မယ့် မြန်မာနိုင်ငံသစ်လည်း ပါပါလိမ့်မယ်။

သို့သော်လည်း အခြားကိစ္စတွေမှာလည်း သူစိတ်လက် မချမ်းသာ ဖြစ်နိုင်တာကို ကျနော် တွေးမိသေးတယ်။ ဥပမာ- ကေအန်ယူကနေ ဗုဒ္ဓဘာသာ တပ်ဖွဲ့ဝင်တွေ ဒီကေဘီအေ (DKBA) အဖြစ် ခွဲထွက်သွားကြတဲ့ အကွဲ၊ နောက်ပိုင်း ကရင်တိုင်းရင်းသား အချင်းချင်း လက်နက်ကိုင် ပဋိပက္ခအဆင့် ရောက်ကြရတဲ့အထိ သွေးချောင်းစီး ပြဿနာ ဖြေရှင်းကြရတာတွေ၊ နောက်တခုက တော်လှန်ရေးရဲ့ ဌာနချုပ်လို့ ဆိုနိုင်တဲ့ မာနယ်ပလော ကျဆုံးခန်းပဲ။ ဒီကေဘီအေ အကွဲ နောက်ပိုင်းမှာ ဆက်တိုက်ဆိုသလိုပဲ မာနယ်ပလောလည်း ကျသွားတယ်။ တကယ်တော့ ရှေ့တန်းမဲညောခီးတောင်တန်း မှာ ရံထားတဲ့ ရဲဘော်တွေက ဗုဒ္ဓဘာသာတပ်ဖွဲ့ဝင်တွေ အကွဲနောက် လိုက်သွားတော့ မကျလည်း ဘယ်ခံနိုင်ပါတော့မလဲ။




ဗိုလ်ချုပ်မြရေးထားတဲ့ ကိုယ်ရေးအထုပ္ပတ္တိစာအုပ်မှာ မာနယ်ပလောကျရတဲ့ အကြောင်းတွေနဲ့ ပတ်သက်လို့ အစည်းအဝေး တခုမှာ ဖဒိုမန်းရှာက သူ့ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပုံတွေကိုလည်း ဖတ်ရသေးတယ်။

ဒါတင်မကဘူး။ အစုအပြုံလိုက် ထွက်ပြေးနေကြရတဲ့ ကရင်လူမျိုး ဒုက္ခသည်တွေ၊ ပြည်တွင်းမှာပဲ ဟိုသည်ပုန်း ပြေးလွှားနေကြရတဲ့ ကရင်ရွာပုန်းတွေ၊ ပြည်တွင်း ဒုက္ခသည် (internally displaced person) တွေကို မြင်ရ ကြားရနေတာအတွက်ကြောင့်လည်း သူကြေကွဲဝမ်းနည်းနေနိုင်ပါတယ်။

ကျနော့်မိတ်ဆွေ ကရင်လူမျိုး ကိုစောကပိကပြောဖူးတယ်။ အခု တကြိမ် ကရင်လူမျိုးတွေပြောင်းရွှေ့ထွက်ပြေးနေကြရတာဟာ၊ (migrate) လုပ်နေကြရတာဟာ မြန်မာဆိုတဲ့ မြေပြန့်လွင်ပြင်ထဲကို ကရင်လူမျိုးတွေ မွန်ဂိုကုန်းမြေမြင့်ကနေပြောင်းရွှေ့အခြေချလာမှုပြီးရင် ဒုတိယအကြိမ်မြောက် အကြီးဆုံး အစုအပြုံလိုက် ရွှေ့ပြောင်းရမှုကြီး (exodus) ပဲလို့ပြောဖူးပါတယ်။

တွက်ချက်ကြည့်မယ်ဆိုရင် ဖြစ်လည်း ဖြစ်လောက်ပါတယ်။ ထိုင်းနိုင်ငံ နယ်စပ် ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရတဲ့ ကရင်ဒုက္ခသည်တွေက သိန်းကျော် ရှိနေပါတယ်။ မြန်မာနိုင်ငံထဲမှာ အိုးအိမ်စွန့်ပစ်ထွက်ပြေးနေကြရသူတွေက မြန်မာနိုင်ငံ

အရှေ့ပိုင်းဒေသတွေမှာ (၅၀၀,၀၀၀) ကျော် ရှိနေတယ်လို့ အကူ အညီပေးရေး အဖွဲ့တွေက ခန့်မှန်းထားကြပါတယ်။ ဒီအထဲမှာ ကရင်လူမျိုးတွေလည်း အများအပြား ပါဝင်နေပါတယ်။

ဖဒိုမန်းရှာကတော့ သည်လူတွေရဲ့ ဒုက္ခကိုလည်းတွေးလို့ သူ့မျက်နှာမှာ မှိုင်းညို့နေလိမ့်မယ်။
အခုတော့ သည်လူတွေကိုလည်း ထားလို့ တမလွန်ကို သူခရီးမထွက်ချင်သေးဘဲ ထွက်သွားခဲ့ရပြီ။ ဒီဒုက္ခအစုအပုံထဲက သူတွေကို သူထားခဲ့ရပြီ။
တဗိုလ်ကျ တဗိုလ်တက် နောက်လူတွေက သူ့တာဝန်တွေ ဆက်ထမ်းပိုးကြလိမ့်မယ် ဆိုတာ ကျနော် သံသယမဖြစ်မိပါဘူး။

ကျနော်ကတော့ ဒီစာလေးကို သူ့ရဲ့နောက်ဆုံးအချိန်ကို ဂုဏ်ပြုချင်တဲ့ စိတ်နဲ့ရေးမိပါတယ်။
သူက ဘ၀မှာ အနှိမ့်ချဆုံး နေထိုင်ခဲ့ပေမယ့် သူက အမြင့်ဆုံး ပျံသန်းသွားခဲ့တယ်။
လူတွေကတော့ သူ့ရဲ့ သူရဲကောင်းဆန်ဆန် (legendary) ဇာတ်လမ်းကို အမှတ်ရနေကြပါလိမ့်မယ်။

    ယောဟန်အောင်

(first published in http://yaw-han-aung.blogspot.com/)

No comments:

Post a Comment

Blog Archive

Tags

Accident Ad Agriculture Article Astrology Aung San Suu Kyi Bagan Beauty Bogale Book Car Cartoon celebs Crime Crony Daily Popular Danubyu Dedaye Dhamma Dr Hla Myat Thway Education ELection Entertainment Environment Foreign Affairs General General Aung San General Knowledge Gossip Gov Health Herbal Hinthada History Hluttaw Ingapu Interview Job Kangyidaunt kyaik Lat Kyangin Kyaunggon Kyonpyaw Latputta Laymyethna Lemyethna Letter Ma Shwe Moe Mahn Johnny Maubin Mawlamyinegyun Media MMP MMP 1 money Myan Aung Myanmar Idol Myaungmya Myo Min Paing News Ngapudaw Ngathaingchaung NLD Nyaung Tone Opinion Pagoda Pantanaw Party Pathein People Photo Places Poem Police Politic Political Prisoner Popular Project Pyapon Quote School Bus Song Speech Sport Sports Student SYW SYW 1 Technology Thabaung Time Ayeyar Tourism Trailer Travel U Ba Hein U Ko Ni U Kyaw Myint U Win Htay USDP Video Wakhama Weather World News Yekyi Zalun စိတ်အဟာရ ရသစာများ စိုက်ပျိုးရေး ထူးဆန်းထွေလာ ဒီရေတော နာရေး ဗဒေငျ မဘသ မုံရွာ လယ်သိမ်းမြေသိမ်း လူပုဂ္ဂိုလ်များ လူပျောက်ကြော်ငြာ အရှင်သုစိတ္တ (မော်ကျွန်း) အရှင်သုစိတ္တ (မော်ကျွန်း) ဆရာတော် အထွေထွေ ဝေဖန်ရေး ထွေအုပ် ​မော်​တင်​စွန်း နိုင်ငံရေးအကျဉ်းသား

Labels

Recent Post