Latest News

Monday, February 19, 2018

သထုံမြို့နယ်ထွက် ကွမ်းရွက်ဈေး တစ်ပိဿာ ငွေကျပ်တစ်သောင်းထိ ဈေးနှုန်းမြင့်တက်

သထုံမြို့နယ်ထွက် ကွမ်းရွက်ဈေး တစ်ပိဿာ ငွေကျပ်တစ်သောင်းထိ ဈေးနှုန်းမြင့်တက်

သထုံ ဖေဖော်ဝါရီ  ၁၉

မွန်ပြည်နယ် သထုံမြို့နယ်အတွင်း စိုက်ပျိုးထွက်ရှိသော ကွမ်းရွက်များသည် ဖေဖော်ဝါရီလတွင် တစ်ပိဿာ ငွေကျပ်တစ်သောင်း အထိ ဈေးနှုန်းရရှိခဲ့သဖြင့် ၁ဝ နှစ်တာကာလအတွင်း ဈေးနှုန်းအမြင့်ဆုံး ရရှိခြင်းဖြစ်ကြောင်း  ကွမ်းစိုက်တောင်သူများထံမှ သိရသည်။

''ကွမ်းရွက်ဈေးကတော့ ဒီနှစ်အကောင်းဆုံးပဲ။ ဘာဖြစ်လို့လဲဆိုတော့ အရင်နှစ်တွေမှာ ကွမ်းရွက်ဈေးမကောင်းဘူး။ ကွမ်းစိုက်တာရှုံးကြတော့ စိုက်သူနည်းလာတယ်။ ဒီဘက်က ကွမ်းရွက်တွေက  မုံရွာကွမ်းနဲ့ ဆက်စပ်မှု ရှိတယ်။

ဘာလို့လဲဆိုရင် အရည်အသွေးအရ မုံရွာကွမ်းရွက်ကို မယှဉ်နိုင်ဘူး။ မုံရွာကွမ်းရွက်က ဈေးကွက်ကို အဝင်နည်းရင် ဒီဘက်ကကွမ်းရွက်က ဈေးတက် တယ်။ ဒီနှစ်ဈေးကောင်းလို့ ဝမ်းသာတုန်းရှိသေးတယ် ကွမ်းရွက်တွေက အထွက်ကျတယ်။

ခါတိုင်းတစ်တိုင်ကို ၁၅ကျပ်သားလောက် ထွက်ရင် ခုကငါးကျပ်သားလောက်ပဲ ထွက်တော့တယ်'' ဟု  သထုံမြို့နယ် ဇရပ်ကျွန်းကျေးရွာနေ  ဦးသန်းထွန်း ကပြောသည်။

သထုံဒေသထွက် ကွမ်းရွက်များမှာ ၂ဝ၁၇ ခုနှစ်အထိ အမြင့်ဆုံးဈေးအဖြစ် ငွေကျပ် ၈ဝဝဝ ဝန်းကျင်ထိသာ ရရှိခဲ့ဖူးပြီး ၂ဝ၁၈ ခုနှစ်နှစ်ဆန်းကစတင်၍  ကွမ်းရွက်ဈေးများ တဖြည်းဖြည်း မြင့်တက်လာကာ  ငွေကျပ် တစ်သောင်းအထိ ဈေးရလာသည်။

သထုံမြို့နယ်အတွင်း ကွမ်းရွက်စိုက် တောင်သူများအနေဖြင့်  သင်္ကြန်ကာလ နောက်ပိုင်း မိုးဦးကာလတွင် စတင်စိုက်ပျိုး လုပ်ကိုင်လေ့ရှိပြီး  ၁၅ ရက်လျှင် တစ်ကြိမ် ခူးဆွတ်နိုင်ကာ ကွမ်းတိုင် ၁ဝဝဝ ခန့်စိုက်ပျိုးထားပါက အထွက်ကောင်းချိန်တွင် တစ်ခါခူးဆွတ်လျှင် ကွမ်းရွက်ပိဿာချိန် ၇ဝ မှ  ၈ဝ ကြားထွက်ရှိ၍ အထွက်နှုန်း လျော့ချိန်တွင် ပိဿာချိန် ၄ဝ မှ ၅ဝ ကြားရရှိသည်။

သထုံမြို့နယ်အတွင်း ကွမ်းရွက်စိုက် တောင်သူပေါင်း ၁၅ဝ ခန့်ရှိပြီး ထွက်ရှိသော ကွမ်းရွက်များကို ဒေသတွင်းစားသုံးမှုအပြင် မော်လမြိုင်၊ကရင်ပြည်နယ်၊ပဲခူးတိုင်းဒေသကြီးနှင့်  ရန်ကုန်တိုင်း ဒေသကြီး တို့သို့ တင်ပို့ရောင်းချ ကြကြောင်း သိရသည်။မြ၀တီ

No comments:

Post a Comment