Latest News

Friday, February 9, 2018

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး မှတ်တမ်း - ​ဆောင်းပါး

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး မှတ်တမ်း - ​ဆောင်းပါး

လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြ ရာတွင် ရွှေတိဂုံဘုရားအလယ်ပစ္စယံညီလာခံသည် ဖဆပလအဖွဲ့ချုပ်က ကြီးမှူးကျင်းပခဲ့သည့် အစည်း အဝေးကြီးများတွင် ပထမဆုံး အကြီးကျယ် အခမ်း အနားဆုံး  ညီလာခံကြီးဖြစ်ပေသည်။  ဖဆပလ အဖွဲ့ချုပ်၏ ပထမဦးဆုံးရည်မှန်းချက်မှာ ဖက်ဆစ် များအား တော်လှန်တိုက်ခိုက်မောင်းထုတ်ရေးဖြစ်ပြီး ဒုတိယရည်ရွယ်ချက်မှာ    နောင်ထပ်ဝင်လာမည့် ဗြိတိသျှနယ်ချဲ့တို့ထံမှ လွတ်လပ်ရေးယူရန်အတွက် နိုင်ငံရေးတိုက်ပွဲများ ဆက်လက်ဆင်နွှဲရန် ပြည်သူ တစ်ရပ်လုံးအား စည်းရုံး၍ အသင့်ပြင်ဆင်ထားရေး ပင် ဖြစ်သည်။ ဒုတိယရည်ရွယ်ချက် အောင်မြင်ရေး အတွက် နေသူရိန်ဇာတ်ရုံကြီးတွင် ဗိုလ်ချုပ်အောင် ဆန်းက ပြင်ဆင်မှုများပြုလုပ်ခဲ့သည်။

မြန်မာပြည်သို့   ဆာဒေါ်မန်စမစ်ပြန်လာလျှင် ရာထူးပေးစည်းရုံးပြီး ခေါင်းဆောင်များအား ဖြိုခွဲမည့် အရေးကို ဗိုလ်ချုပ်က ကြိုတင်မြော်တွေး၍ အကွဲကွဲ အပြားပြားဖြစ်နေသော ပါတီအဖွဲ့များအား နေသူရိန် ညီလာခံသို့  ဖိတ်ခေါ်ကာ စည်းရုံးခဲ့သည်။ ညီလာခံ တွင်  ဗိုလ်ချုပ်အောင်ဆန်းအား တပ်ပေါင်းစုကြီး၏ ဥက္ကဋ္ဌအဖြစ် တညီတညွတ်တည်း ရွေးချယ်တင်မြှောက် လိုက်သည်။  ဆာဒေါ်မန်စမစ်သည် မြန်မာပြည်တွင် သုံးနှစ်သုံးမိုးအုပ်ချုပ်မည့်      စက္ကူဖြူစာတမ်းကို သယ်ဆောင်လာခဲ့သည်။ ယင်းကို မြန်မာခေါင်းဆောင် များက   လက်မခံကြဘဲ   ဗိုလ်ချုပ်အောင်ဆန်းက တစ်နှစ်အတွင်း လွတ်လပ်ရေးပေးရမည်ဟု တောင်းဆို ခဲ့သည်။

တောင်တန်းဒေသအတွက် ညီလာခံ

ဗြိတိသျှနယ်ချဲ့တို့က မြန်မာနိုင်ငံကို အုပ်ချုပ် ရာတွင် ပြည်မအား ၁၉၃၅ ခုနှစ် ဗမာနိုင်ငံအစိုးရ အက်ဥပဒေအရ    ရွေးကောက်တင်မြှောက်သည့် အစိုးရက  အုပ်ချုပ်၍  တောင်တန်းဒေသများကို ဘုရင်ခံကိုယ်တိုင်အုပ်ချုပ်ခဲ့သည်။ အကြောင်းပြချက် မှာ တောင်တန်းဒေသမှာ  နိုင်ငံရေးအရ  ဖွံ့ဖြိုး တိုးတက်မှုမရှိသေး၍ ပြည်မကဲ့သို့ ကိုယ်ပိုင်အုပ်ချုပ် ရေးနှင့် မထိုက်တန်သေးဟူ၍ ဖြစ်သည်။ ခိုင်မာသည့် အထောက်အထားတစ်ရပ်မှာ ဗြိတိသျှကာကွယ်ရေး တွင် တစ်စိတ်တစ်ဒေသအသုံးဝင်မည့် တောင်တန်း ဒေသကို ချန်လှပ်၍ ပြည်မကိုလက်လွှတ်ရန် အကြံ ဖြစ်သည်။ ထို့ကြောင့် တောင်တန်းဒေသကို ချန်မထား ဘဲ ပြည်မနှင့်တစ်ပါတည်း လွတ်လပ်ရေးပေးရန်ကိစ္စ ကို ညီလာခံတွင် အဆိုတင်သွင်းရန် ဆုံးဖြတ်ကြသည်။

မြန်မာပြည်လွတ်လပ်ရေးအတွက် ပြည်သူလူထု မှာ စိတ်အားထက်သန်နေပြီး ရန်ကုန်မြို့ရှိ ပြည်သူ လူထုမှာ ပျော်ပျော်ရွှင်ရွှင် ဖြစ်နေကြသည်။ မည်သည့် နေရာကြည့်ကြည့် ညီလာခံအကြောင်းနှင့် ဗိုလ်ချုပ် အောင်ဆန်းအကြောင်းတို့သာ ရေပန်းစားနေသဖြင့် ပီတိဖြစ်စရာဖြစ်သည်။ ညီလာခံကြီးကို မျှော်လင့်ချက် များ၊ စိတ်လှုပ်ရှားမှုများနှင့် ဖွင့်ခဲ့သည်။ ဗိုလ်ချုပ် အောင်ဆန်းမှာ လူကြိုက်အများဆုံး ပုဂ္ဂိုလ်ဖြစ်သည် နှင့်အညီ စက္ကူဖြူစာတမ်းပါ ဆင်းမလားစီမံကိန်းကို ပယ်ချပြီး  စစ်မှန်သောလွတ်လပ်ရေးရသည်အထိ ဆက်လက်အရေးဆိုသွားမည်ဟု ပြောဆိုလိုက်ရာ လူထုကြီးက    တစ်ခဲနက်ထောက်ခံကြပေသည်။ ရွှေတိဂုံညီလာခံသို့ ရှမ်းလူငယ်များလည်း တက်ရောက် ခဲ့ကြသည်။  ညီလာခံပြီးသောအခါ ရှမ်းပြည်နယ် အရေးအတွက်   ဆက်လက်ဆွေးနွေးကြသည်။ ဆွေးနွေးပွဲသည် နောင်ဖြစ်ပေါ်လာမည့် ပင်လုံစာချုပ် လက်မှတ်ရေးထိုးရေးအတွက် အရေးကြီးသောဖြစ်ရပ် များတွင် တစ်ခုအပါအဝင်ဖြစ်သည်။

စက္ကူဖြူစာတမ်း ကန့်ကွက်ပွဲများ

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သောအစိုးရအဖွဲ့ဝင် များသည် ၁၉၄၆ ခုနှစ် စက်တင်ဘာ ၂၉ ရက်တွင် စက္ကူဖြူ စာတမ်း ဖျက်သိမ်းရန် တောင်းဆိုသည့် လူထုဆန္ဒပြပွဲကို ဦးစီးကျင်းပကြသည်။ ဆန္ဒပြပွဲသို့ မြို့နေ အလုပ်သမားများ၊  ဆင်းရဲသားများ၊ အဖွဲ့အစည်းအသီးသီးနှင့်  ပုလိပ်အဖွဲ့ဝင် များ တက်ရောက်ကြပြီး တစ်ခဲနက်ကြွေးကြော်ဆန္ဒပြကြ သည်။ မြန်မာ့နိုင်ငံရေးသမိုင်းတွင်  အစိုးရအဖွဲ့ဝင်များ ကိုယ်တိုင်ပါဝင်သော   နယ်ချဲ့ဆန့်ကျင်ရေးဆန္ဒပြပွဲမှာ ပထမဆုံးအကြိမ်ဖြစ်သည်။  ဆန္ဒပြပွဲ၌    ဗိုလ်ချုပ် အောင်ဆန်းက မိန့်ခွန်းပြောကြားရာတွင် ယနေ့လူထုဆန္ဒပြ ပွဲသည်   ရန်ကုန်မြို့တွင် ပထမဆုံးအကြိမ် အကြီးမားဆုံး ဖြစ်သည်ဟု ဆိုရမည်ဖြစ်ကြောင်း၊ စစ်ကြီးပြီးမှ မြန်မာ လူထုသည် နိုင်ငံရေးနိုးကြားမှု ပိုမိုတိုးတက်လာကြောင်း၊ မြန်မာနိုင်ငံတွင် မဖြစ်ဖူးသော ပုလိပ်သပိတ်၊ အမှုထမ်း ပေါင်းစုံ  သပိတ်များပေါ်ပေါက်ခဲ့ကြောင်း၊  ဘုရင်ခံ၏အမှုဆောင်ကောင်စီဝင် ဖဆပလမှ ပုဂ္ဂိုလ်များကလည်း လူထုအင်အားကို တစ်ဆင့်တက်ပြီး ထောက်ခံရမည်ဖြစ် ကြောင်း၊ လွတ်လပ်ရေးအတွက် ပြည်သူလူထုသည် အဆင်သင့်ရှိနေသည်ကို  ယုံကြည်ကြောင်း ပြောကြားခဲ့ သည်။ ထိုကန့်ကွက်ပွဲကို ရန်ကုန်မြို့တွင် ကျင်းပသကဲ့သို့ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ကျင်းပခဲ့သည်။

ကန့်ကွက်ပွဲများအပြီး စက်တင်ဘာ ၃ဝ ရက်တွင် အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များကို ဗိုလ်ချုပ် အောင်ဆန်းက  အတွင်းဝန်ရုံးသို့  ဖိတ်ခေါ်ဆွေးနွေးခဲ့ သည်။   ဆွေးနွေးပွဲပြီးနောက်     ညနေပိုင်းတွင် သတင်းစာဆရာများနှင့်တွေ့ဆုံ၍  အစိုးရ၏  စေ့စပ် ဆွေးနွေးမှုမှာ အောင်မြင်သွားပါပြီဟု ပြောကြားခဲ့ပြီး အလုပ်ပြန်လည်ဝင်ရောက်ဖို့ တိုက်တွန်းခဲ့သည်။ အမှုထမ်း များ၊ အလုပ်သမားများ အလုပ်ပြန်ဝင်ကြသောကြောင့် ရန်ကုန်မြို့လည်း အခြေအနေတည်ငြိမ်အေးချမ်းသွားပြီး နေဝင်မီးငြိမ်း အမိန့်လည်း ရုပ်သိမ်းလိုက်သည်။

ထို့နောက် မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် အရေး ဆိုရာတွင် ပြည်မသာမက တောင်တန်းနယ်များပါ ပါဝင်မှ ပြည့်စုံမည်။ ထို့ကြောင့် တိုင်းရင်းသားအပေါင်း စည်းလုံး ညီညွတ်စွာဖြင့်  လွတ်လပ်ရေးကိုအရယူရန်  ဗိုလ်ချုပ် အောင်ဆန်းသည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင် ပြည်နယ်၊ ကယားဒေသများသို့သွားရောက်ပြီး တိုင်းရင်းသား လူမျိုးစုများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးခရီးစဉ်(ကချင်)

ဗိုလ်ချုပ်အောင်ဆန်း ကချင်ပြည်နယ်သို့ ပထမဆုံး သွားရောက်ရသည့်အကြောင်းမှာ   ၁၉၄၆   ခုနှစ် ဇန်နဝါရီလတွင် ဘုရင်ခံဆာဒေါ်မန်စမစ်သည် မြစ်ကြီးနား သို့ သွားရောက်၍ စက္ကူဖြူစီမံကိန်းအရ မြန်မာနိုင်ငံထဲ မပါဝင်ဘဲ တသီးတခြားနေလိုက  နေနိုင်ကြောင်း ကချင် တိုင်းရင်းသားတို့အား   ပြောကြားထားခဲ့ခြင်း၊  ထို့အပြင် ကချင်တိုင်းရင်းသားများ အဆင့်အတန်းမီအောင်နေနိုင်ရန် အတွက် မိမိက ထောက်ပံ့ကူညီမည်ဖြစ်ကြောင်း၊ ဆေးရုံ များ၊  ကျောင်းများ  ဆောက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားထားခဲ့ခြင်းတို့ကြောင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးမပျက်ပြားစေရေးအတွက်   သွားရောက် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းသည်  ၁၉၄၆  ခုနှစ် နိုဝင်ဘာ ၂၈ ရက်တွင်   မြစ်ကြီးနားရှိ   ကချင်တပ်များကို စစ်ဆေးရန် ရောက်ရှိသွားသည်။ ထိုနေ့ ညနေ ၅ နာရီတွင် ကချင်ခေါင်းဆောင်များ၏ ဖိတ်ကြားချက် အရ ဒူဝါစော်ဘွားများ၊ စစ်ဗိုလ်ဟောင်းများနှင့် ကချင်တိုင်းရင်းသားခေါင်းဆောင် ၃ဝ ခန့်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။     ထိုတွေ့ဆုံဆွေးနွေးပွဲသည် တိုင်းရင်းသားများနှင့် ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးပွဲဖြစ်၍ အလွန်အရေးကြီးသည်။ ဆွေးနွေးပွဲ တွင် ဗိုလ်ချုပ်က ''ဗမာပြည်ကို လွတ်လပ်တဲ့တိုင်းပြည် ဖြစ်အောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်၊ လွတ်လပ် တော့မှာတော့ အနှေးနဲ့ အမြန်ပဲ သေချာနေပါတယ်၊ ကချင်အမျိုးသားများကလည်း   ကျွန်တော်တို့ရဲ့ သွေးရင်းသားရင်းများဖြစ်တဲ့အတွက် ဗမာများနဲ့ ဆိုးတူကောင်းဖက် ပူးပေါင်းဆောင်ရွက်သွားစေချင် ပါတယ်''ဟု ပြောကြားခဲ့သည်။                  
ကောင်းဈာန်သိမ်း၊နေသူရိန်ညီလာခံ(​ကြေးမှုံ)

No comments:

Post a Comment