Latest News

Friday, February 9, 2018

အောင်ဆန်းမဟာ အာဇာနည်ကို နှလုံးသားနဲ့ ရိုကျိုး ဦးခိုက်ခဲ့တဲ့ ကဗျာဆရာကြီးတင်မိုး

အောင်ဆန်းမဟာ အာဇာနည်ကို နှလုံးသားနဲ့ ရိုကျိုး ဦးခိုက်ခဲ့တဲ့ ကဗျာဆရာကြီးတင်မိုး

ဗိုလ်ချုပ်အောင်ဆန်း ၁၀၂ နှစ်ပြည့်မွေးနေ့ ၁၃ ဖေဖော်ဝါရီ ၂၀၁၇ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်သာ မပေါ်ခဲ့ရင် မြန်မာနိုင်ငံတော်ရဲ့ ဂုဏ်ကျက်သရေ ရွှံ့ပေသလို ပေကျံပြီး အမြဲငုံ့ခံနေရတဲ့ သုဿန်လုပ်တိုင်း အရိုင်းကြီးရိုင်းတော့မှာ ပလေ တင်မိုး “ဗိုလ်ချုပ်အောင်ဆန်းနဲ့ လူထုခေါင်းဆောင် “ဒေါ်အောင် ဆန်းစုကြည်” တို့ကို ဘ၀တစ်ခုလုံးနဲ့ ဦးညွှတ်ပြီး၊ တန်ဖိုးထားခဲ့တဲ့ ကဗျာဆရာကြီးတင်မိုးဟာ၊ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ကဗျာတွေကို ရဲရင့်တက်ကြွစိတ်နဲ့ လှပစွာဖန်တီးထုဆစ်ထားခဲ့တာကို တွေ့ရှိရပါတယ်။

၁၉၆၅ ခုနှစ်က ထုတ်ဝေခဲ့တဲ့ အမေ့ကျောင်း ကလေးကဗျာ စာအုပ်ကလေးထဲမှာ “အရုဏ်ဦးက ကြယ်နီ” အမည်နဲ့ ဟောဒီလိုရေးဖွဲ့ထားပုံက အရုဏ်ဦးက ကြယ်နီ အရုဏ်ဦးက ကြယ်နီဖြာ ဗိုလ်ချုပ်အောင်ဆန်းပါ တို့ဗမာပြည် အမှောင်တွင်း သူခေါင်းဆောင်လို့လင်း စိတ်ရင်းမှန်လို့ သစ္စာတည် ဗိုလ်ချုပ်အာဇာနည် တိုင်းပြည်ကောင်းအောင် သူသယ်ပိုး သူ့ဂုဏ်ဘယ်မညှိုး ရိုးသားဖြောင့်မတ် သူ့မူရာ ငယ်ငယ်ထဲကပါ ဗမာပြည်သူ့ အချစ်ပန်း ဗိုလ်ချုပ်ဦးအောင်ဆန်း ဒီ“အရုဏ်ဦးက ကြယ်နီ” ကဗျာလေးကို ကွယ်လွန်သွားရှာပြီဖြစ်တဲ့ နိုင်ငံကျော်ရုပ်ရှင် မင်းသားကြီး ဦးမြတ်လေးနဲ့ ကလေးငယ်လေးတွေစုပြီး သီဆိုခဲ့တာကို မြန်မာအသံရေဒီယိုက အာဇာနည်နေ့တစ်နေ့မှာ လွှင့်ထုတ်ခဲ့လို့ ကျွန်တော်ရင်ခုန်ခံစားခဲ့ရတာကို မှတ်မှတ်ထင်ထင်ရှိနေပါတယ်။

၁၃၃၂ ခုနှစ်က ထုတ်ဝေခဲ့တဲ့ ကဗျာဆရာကြီးတင်မိုးရဲ့ ထီးကလေးနဲ့မနီ ကဗျာစာအုပ်ကလေးကို အမျိုးသားစာပေဆု ချီးမြှင့်ပေးအပ်ခြင်းခံရပါတယ်။ “အမျိုးသားစာပေဆု ရွေးချယ်ရေးအဖွဲ့က “တင်မိုး၏ ထီးကလေးနဲ့မနီ ကဗျာများကို ဖတ်ရှုရသော ကလေးများအဖို့ မုချပျော်ရွှင် ကြည်နူးကြပေလိမ့်မည်။ အသိလိမ္မာ တိုးကြလိမ့်မည်။ တည်ဆောက်ချင် ဖန်တီးချင်သည့် အလှစိတ်ဓာတ် ကိန်းအောင်းလာလိမ့်မည်ဟု ယုံကြည်သည်။” လို့ ချက်ချက်ပြုဆုပေးခဲ့ပါတယ်။ “ထီးကလေးနဲ့မနီ” ကဗျာစာအုပ်ကလေးက ပန်းချီကျော် ပေါ်ဦးသက်ရဲ့ ကဗျာသရုပ်ဖော်ပုံတွေနဲ့ အင်မတန်ကျက်သရေ ရှိလှတာအမှန်ပါ။ ကဗျာဆရာကြီးတင်မိုးရဲ့ ကဗျာတွေနဲ့လည်း လိုက်ဖက်လှပါဘိ။ အဲဒီထီးကလေးနဲ့မနီ ကဗျာစာအုပ်ကလေးထဲက ကျွန်တော့်ရင်ထဲစွဲ တသသနဲ့ ရင်ခုန်ကျန်ရစ်ခဲ့တဲ့ ကဗျာလေးတစ်ပုဒ် ရှိပါတယ်။ ကျွန်တော်က ဒီကဗျာလေးကို ဖတ်ပါများလို့လား မသိ၊ အလွတ်နီးနီး တောင်ရနေပါတယ်။ ဒီကဗျာ လေးကို ကျွန်တော့်တူလေးတွေ တူမလေးတွေကို ရွက်ပြခဲ့သလို။ ဟော...အခုထိ တူမကမွေးတဲ့ ကျွန်တော့်မြေးကလေးတွေဖြစ်တဲ့ ပြည့်ဖူးခန့်နဲ့ တာရာလင်းသျှန်တို့ကို ရွတ်ပြနေမိတယ်။ မြေးကလေးတွေလည်း စွဲလို့ အလွတ်တောင် ရနေကြပါပြီ။

ကဗျာအမည်ကလေးက “ဗိုလ်ချုပ်အောင်ဆန်းကို ချစ်လျှင်” တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ချစ်လျှင် -ဗိုလ်ချုပ်အောင်ဆန်းချစ်ပါလျှင် သူ့လို ကိုယ်ကျိုးစွန့်ဖို့ပင် ငွေကိုမခင် ဂုဏ်မမက် အာဏာအဆိပ် ထိပ်မတက် -ဗိုလ်ချုပ်အောင်ဆန်းချစ်ပါလျှင် သူ့လိုရဲသွေး မွေးဖို့ပင် ရန်သူဆိုရင် မကြောက်တမ်း မြန်မာ့သတ်္တိစမ်းချင်စမ်း -ဗိုလ်ချုပ်အောင်ဆန်းချစ်ပါလျှင် သူ့လို တာဝန်သိဖို့ပင် မိခင်တိုင်းပြည် လွတ်မြောက်ကြောင်း ထမ်းဆောင်ခဲ့တဲ့ သူရဲကောင်း ကလေးတွေကို ချစ်တဲ့၊ ကလေးတွေကိုတန်ဖိုးထားတဲ့၊ ကလေးတွေရဲ့ အနာဂတ်ကို လမ်းပွင့်စေတဲ့ ကလေးတွေအပေါ် စေတနာကောင်းကောင်းနဲ့ ရိုးသားဖြူစင်စွာ ဖွဲ့ဆိုခဲ့တဲ့ ကလေးတွေချစ်တဲ့ ကဗျာဆရာကြီးရဲ့ စိတ်စေတနာကလည်း အင်မတန်ဖြူစင်သန့်ရှင်းလှပါတယ်။ “ကိုယ်တို့မှာ အသပြာမရှိ စေတနာကဗျာသာရှိပါတယ်”လို့ ပြောခဲ့တဲ့ “ကဗျာဆရာကြီး တင်မိုး” စိတ်ဓာတ်က ရိုးသားဖြူစင်မှုတွေနဲ့ တဖျတ်ဖျတ်တောက်ပလို့။ ကလေးတွေအတွက် အသံသာသာနဲ့ဆိုလို့ ကောင်းရွတ်လို့ ကောင်းအောင် ဖန်တီးနိုင်စွမ်းတဲ့ ကဗျာတွေ၊ ကလေးတွေ အတွေးအခေါ်အားကောင်းအောင် အက္ခရာခေါင်းလောင်းထိုးပေးခဲ့တဲ့ ကဗျာတွေ၊ နိုင်ငံချစ်စိတ်ကို ကလေးတွေရင်ထဲ ရှိလာအောင် မွေးဖွားပေးတဲ့ ကဗျာတွေ၊ ဇာတိမာန်စိတ်ကို နှိုးထလာအောင်၊ နှိုးဆွပေးနိုင် စွမ်းတဲ့ကဗျာတွေ မြန်မာဓလေ့ မြန်မာအငွေ့တွေ ထုံမွှန်ပျံ့သင်းနေအောင် ရေးဖွဲ့ထုဆစ်ခဲ့တဲ့ ကဗျာဆရာကြီးတင်မိုးရဲ့ ကလေးကဗျာတွေထဲကပဲ အင်မတန် ကျော်ကြားထင်ရှားတဲ့ “တတိယတန်း မြန်မာဖတ်စာ စာအုပ်” စာမျက်နှာ ၁၄ မှာပါတဲ့ အောင်ဆန်းဇာနည်ကဗျာလေးကလည်း၊ သင်ကြားခဲ့ရသူ ကလေးတိုင်းရဲ့ နှလုံးအိမ်ထဲမှာ စွဲထင်ကျန်ရစ်တာ အထင်အရှားပါ။ ကျောင်းသုံးစာအုပ်ထဲမှာ ရေးသူအမည်မပါသော်လည်း ဒီအောင်ဆန်းဇာနည် ကဗျာလေးကို ကဗျာဆရာကြီးတင်မိုး ရေးခဲ့တာသေချာပါတယ်။ ကျွန်တော်တို့ ရွတ်ဆိုကြည့်လိုက်ကြရအောင် အလို ... ဘာတဲ့ “အောင်ဆန်း ဇာနည်” အောင်ဆန်းဇာနည် -ဖေဖော်ဝါရီ ဆယ့်သုံးမှာ ဗိုလ်ချုပ်မွေးနေ့ပါ -တစ်ထောင့်ကိုးရာတစ်ဆယ့်ငါး ရှေ့နေဦးဖာသား -ဇာတိနတ်မောက် မကွေးခရိုင် သိကြများခုတိုင် -ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဖွား မိခင်ဒေါ်စုသား -တစ်ထောင့်ကိုးရာလေးဆယ့်ခွန် ပြောင်းကြွတမလွန် -မျက်ရည်သွန်လို့ ဘ၀င်ညှိုး ဇူလိုင် တစ်ဆယ့်ကိုး -ပြည်ထောင်စုရဲ့ ကျေးဇူးရှင် ဗိုလ်ချုပ်တို့ဖခင် -ကောင်းစေချင်တဲ့ မှာစကား ငါတို့ မမေ့အား -ပြည်ထောင်စုရေးကြိုးပမ်းဆောင် ပြည်ချစ်တို့ခေါင်းဆောင် -ဆိုရှယ်လစ်ဘောင်လမ်းစဉ်များ ဗိုလ်ချုပ်ချမှတ်သွား ဗိုလ်ချုပ်အောင်ဆန်းကို ရိုသေတဲ့ ဗိုလ်ချုပ်ဆို ဗိုလ်ချုပ်အောင်ဆန်းမှဆိုတဲ့စိတ်နဲ့ တန်ဖိုးထား လေးမြတ်ခဲ့တဲ့ကဗျာ ဆရာတင်မိုးရဲ့ အနုပညာသမား စိတ်ဓာတ်က လေးစားဖွယ်ရာ ကောင်းလှပါတယ်။ “တိုင်းပြည်နဲ့ လူမျိုးမျက်နှာ ထောက်ထားပြီး အလုပ်လုပ်ကြပါ” လို့မှာခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းစကားက ရဲဝံ့စားလှတဲ့ စကားသတ္တိပေါ့။

“ပြည်သူသည်သာအမိ ပြည်သူသည်သာအဖ” လို့ ချမှတ်ခံယူ ယုံကြည်သွားတဲ့ အောင်ဆန်းလမ်းစဉ်ဟာ ဒီမိုကရေစီ အလင်းတံခါးအတွက် ပန်းသစ်တွေကို ပွင့်ဝေသွားစေခဲ့ပြီ မဟုတ်ပါလား။ ဟော...တိုက်ဆိုင်းလွန်းလှပါဘိ၊ ၀ိညာဉ်မီးလျှံတွေ ပျံသန်းလာပုံက လွမ်းစရာကောင်းပါဘိ။ အေဒီ ၂၀၁၇ ခု ဖေဖော်ဝါရီ ၁၃ ရက်နေ့ဟာ ဗိုလ်ချုပ်အောင်ဆန်း ၁၀၂ နှစ်ပြည့်တဲ့နေ့ပေါ့။ ဟော... ခုအေဒီ ၂၀၁၇ ခု ဇန်န၀ါရီလ ၂၂ ရက်နေ့ဟာ ကဗျာဆရာကြီးတင်မိုး ကွယ်လွန်ခဲ့တာ ၁၀ နှစ် ပြည့်ပါပကော။ အနုပညာအလင်းရဲ့ ၀တ်မှုန်သစ်တွေနဲ့ သံမဏိပန်းပွင့်တွေ တဝေေ၀နဲ့ ၀ိညာဉ်မီးလျှံတွေနဲ့ ထိန်ထိန်တောက်နေတဲ့ ကဗျာဆရာကြီးတင်မိုးရဲ့ အောင်ဆန်းအာဇာနည်ဘွဲ့ ကဗျာတွေထဲက ကဗျာလေးတစ်ပုဒ်က ဆောင်းလေအနောက်မှာ တသော့သော့၊ တမော့မော့နဲ့ အရှေ့အရုဏ်ဦးဆီ ချီလာပြီ မြေးကလေးတွေဖြစ်တဲ့ ပြည့်ဖူးခန့်နဲ့ တာရာလင်းသျှန်တို့ရဲ့ ကဗျာရွက်သံက ကျွန်တော့်ရင်ခုန်သံကို မြန်စေပြီ။ “ဗိုလ်ချုပ်အောင်ဆန်းချစ်ပါလျှင် သူ့လို ကိုယ်ကျိုးစွန့်ဖို့ပင် ရွှေကို မခင် ဂုဏ်မမက် အာဏာအဆိပ် ထိပ်မတက်” မောင်နွေထက်

No comments:

Post a Comment