Latest News

Wednesday, February 21, 2018

ရန်ကုန်မြို့ပြအလှကို ဝေဖြာစေမည့် ရန်ကုန်ဘူတာကြီး ဘက်စုံစီမံကိန်း

ရန်ကုန်မြို့ပြအလှကို ဝေဖြာစေမည့် ရန်ကုန်ဘူတာကြီး ဘက်စုံစီမံကိန်း

  ရန်ကုန်    မြို့ကို   နေရာပေါင်းစုံ  ဘက်ပေါင်းစုံက   တိုးချဲ့မှု၊ ပြုပြင်မှု၊ အသစ်တည်ဆောက်မှုတွေနဲ့ တိုးတက်ဖွံ့ဖြိုး အောင်ဆောင်ရွက်နေတာကြောင့်  ရန်ကုန်မြို့ဟာ ခေတ်မီအလှကုန်ပစ္စည်းတွေနဲ့ ခြယ်မှုန်းထားတဲ့ မိန်းမပျိုငယ်တစ်ဦးရဲ့ သွင်ပြင်လက္ခဏာကို မြင်တွေ့နေရသလိုဖြစ်နေပါတယ်။   အခု လည်း   ရန်ကုန်မြို့လယ်မှာရှိတဲ့   ရန်ကုန် ဘူတာကြီးဘက်စုံစီမံကိန်းကို တည်ဆောက် အကောင်အထည်ဖော်ဖို့   တင်ဒါအောင်မြင်တဲ့ ကုမ္ပဏီကို  သတင်းထုတ်ပြန် လိုက်ပြီ ဖြစ်ပါတယ်။
ဒီစီမံကိန်းကို စင်ကာပူ Oxley    Holdings၊၊ မြန်မာမင်း      ဓမ္မ ကုမ္ပဏီ၊   တရုတ် Sino  Great Wall  Co., Ltd. တို့ ပူးပေါင်း ထားတဲ့အဖွဲ့က   တင်ဒါ အောင်ခဲ့တာဖြစ်ပြီး  ၂ဝ၁၈  ခုနှစ်   ဇန်နဝါရီ   ၃ဝ  ရက်နဲ့ ဖေဖော်ဝါရီ ၈ ရက်မှာ ပြုလုပ်ခဲ့တဲ့ အစိုးရအဖွဲ့  အစည်းအဝေးမှာ အစိုးရ အဖွဲ့   သဘောတူညီချက်နဲ့  ခွင့်ပြုခဲ့တာ ဖြစ်တယ်လို့  Oxley Holdings  က ဖေဖော်ဝါရီ ၁၅ ရက်မှာ သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
တကယ်တော့      ရန်ကုန်ဘူတာကြီးဆိုတာ ရန်ကုန်မြို့လယ်မှာ  အထင်ကရနေရာတစ်ခုဖြစ်ပြီး ရန်ကုန်မြို့ရဲ့ ထင်ရှားပြီး အရေးပါတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန်ဘူတာကြီးဆိုတာ  မြန်မာတစ်နိုင်ငံလုံးရထားစီး  ခရီးသွားပြည်သူတွေရဲ့ အဓိကအမှတ်သညာပြု စိတ်ထဲမှာ စွဲစွဲ ဖြစ်နေတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ရန်ကုန်မြို့ကနေ တစ်နိုင်ငံ လုံးရဲ့  ရထားခရီးစဉ်တွေကို  ခွဲဖြာခြင်း၊  ဆုံစည်းခြင်းဖြစ်တဲ့ ဆုံမှတ်ဘူတာကြီးလည်း ဖြစ်ပါတယ်။
အခုဆိုရင် ဘူတာကြီးယာ့ဒ်ဝင်းဟာ ရန်ကုန်ရဲ့ အစည်ကား ဆုံး  နေရာ၊ ဖွံ့ဖြိုးတိုးတက်မှုပုံရိပ် တွေ ဝိုင်းရံနေတဲ့       ဗဟိုချက်နေရာတစ်ခုလို    ဖြစ်တည်နေတဲ့ ဧရိယာဖြစ်လို့  အခုလို  ရန်ကုန်ဘူတာကြီးဘက်စုံစီမံကိန်းကို         အကောင်အထည်ဖော်ဖို့  ဆောင်ရွက်တာဟာ  ရန်ကုန်မြို့တွင်းရဲ့     တိုးတက်မှုပုံရိပ်ကို ထပ်ဆင့်တွန်းအားပေး ခြယ်မှုန်းလိုက်သလို ဖြစ်စေတာတော့ အမှန်ပါပဲ။
ဒီစီမံကိန်းဟာ မြေဧရိယာ ၂၅ ဒသမ ၇ ဟက်တာ(၆၃ ဒသမ ၅ ဧက) အကျယ်အဝန်းပေါ်မှာ  အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်ခန့် ရင်းနှီးမြှုပ်နှံ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။   ဒီလို  အကောင်အထည်ဖော်ဆောင်ရွက်တဲ့အခါ အိမ်ရာ  အဆောက်အအုံတွေ၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ် ရေး စင်တာတွေ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေနဲ့ ရထားသယ်ယူပို့ဆောင်ရေးဗဟိုနေရာတွေ စုံစုံလင်လင်ပါဝင်မှာဖြစ် တဲ့အတွက် နိုင်ငံတကာအဆင့်မီ အဆောက်အအုံတွေ ထွက်ပေါ် လာတော့မှာ ဖြစ်ပါတယ်။
အကောင်အထည်ဖော်    ဆောင်ရွက်မယ့် ရန်ကုန်မြို့ကြီး ဘက်စုံစီမံကိန်းရဲ့ နေရာအနေအထား ကို  ကြည့်ရင်တော့   ရန်ကုန်မြို့    မင်္ဂလာတောင်ညွန့်မြို့နယ် အတွင်း   တည်ရှိနေပါတယ်။    ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းဈေးအနီး၊ ဆူးလေဘုရားလမ်း၊   ဗိုလ်မင်း ရောင်လမ်း၊ အောင်ဆန်းကွင်းစတဲ့ ရန်ကုန်မြို့ရဲ့ အချက်အချာကျ တဲ့ လမ်းတွေအနီးမှာဖြစ်တာမို့ အချိန်တိုအတွင်း အရှိန်အဟုန်နဲ့ တိုးတက်ဖွံ့ဖြိုးလာမယ့် စီမံကိန်းဖြစ်ပါတယ်။
ဒီစီမံကိန်းနဲ့ပတ်သက်ပြီး Oxley Holdings  က ထုတ်ပြန် ခဲ့တဲ့ ဘက်စုံစီမံကိန်း ဒီဇိုင်းပုံစံငယ်ဟာ နိုင်ငံတကာအဆင့်မီ အထပ်မြင့်   အဆောက်အအုံတွေ၊   ထူးခြားပြီးဆန်းသစ်တဲ့ အဆောက်အအုံဒီဇိုင်းပုံစံတွေကို  တွေ့မြင်ရတာမို့  ရန်ကုန်မြို့ လယ်မှာတော့ အသွင်သစ်၊ အမြင်သစ်နဲ့ အဆောက်အအုံပုံစံ အသစ်တွေရဲ့ အနေအထားကို ထိတွေ့အသုံးပြုခွင့်ရရှိတော့မှာ ဖြစ်ပါတယ်။
''ဒီစီမံကိန်းကို  နိုင်ငံတော်အစိုးရရဲ့  ခွင့်ပြုချက်နဲ့အညီ ရွေးချယ်ခဲ့ပြီး   လုပ်ကိုင်ခွင့်ရတဲ့ကုမ္ပဏီနဲ့   စာချုပ်ချုပ်နိုင်ရေး အတွက် ညှိနှိုင်းမှုတွေ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်'' ဟု   မြန်မာ့မီးရထားမှ  အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားထားပါတယ်။     အခုအနေအထားမှာ    ဒီစီမံကိန်း ဆောင်ရွက်ဖို့                                            
ကနဦးရွေးချယ်လိုက်ခြင်းဖြစ်ပြီး  အသေးစိတ်  ညှိနှိုင်ဆွေးနွေးမှုတွေ  ပြုလုပ်ရဦးမှာ  ဖြစ်ပါတယ်။

ဒီစီမံကိန်းတည်ဆောက်တဲ့အခါ   ရထားလမ်းကို    နဂိုအတိုင်းထားရှိပြီး     ကျန်တဲ့နေရာတွေပေါ်မှာ   အဆောက်အအုံတွေ   တည်ဆောက်မှာဖြစ်တာမို့     တည်ဆောက်ရေးကာလဟာ   အနည်းဆုံးရှစ်နှစ်နဲ့ ၁ဝ နှစ်ခန့်လည်း ကြာနိုင်တယ်လို့လည်း သိရပါတယ်။ စီမံကိန်းဧရိယာမှာ စုစုပေါင်း ၆၃ ဒသမ ၅ ဧကခန့်  ရှိပြီး ကြမ်းခင်းဧရိယာ စုစုပေါင်း ၁ ဒသမ ၉ သန်း စတုရန်းမီတာ ကို ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ တည်ဆောက်  အကောင်အထည်ဖော်မှာ  ဖြစ်ပါတယ်။
ဒီလို  ရန်ကုန်ဘူတာကြီး   ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းမှာတော့ ရန်ကုန်မြို့ပြ  အမွေအနှစ် အဆောက် အအုံအဖြစ်သတ်မှတ်ထားတဲ့ လက်ရှိရန်ကုန်ဘူတာကြီး  အဆောက်အအုံက   ပါဝင်မှာမဟုတ်ဘဲ  နဂို ရှိရင်းစွဲအတိုင်း ဆက်လက်ထားရှိသွားမှာ ဖြစ်တယ်လို့  သိရတာမို့ စိတ်အေးဝမ်းသာမှု ဖြစ်ရပါတယ်။
တကယ်တော့   ရန်ကုန်ဘူတာကြီးကို  ပထမဆုံးအနေနဲ့ ၁၈၇၇ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့တာ ဖြစ်ပြီး ၁၉၄၇ ခုနှစ်မှာတော့   မြန်မာအင်ဂျင်နီယာ   ပညာရှင်ဦးတင်က     မြန်မာဒီဇိုင်းပညာရှင်  ဦးလှသွင်ရဲ့ ဗိသုကာပုံစံအတိုင်း ပြန်လည်ပြင်ဆင် တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဒီဇိုင်းပညာရှင် ဦးလှသွင်ရဲ့ ဘူတာကြီး ဒီဇိုင်းကို ရထားအာဏာပိုင်အဖွဲ့က ၁၉၄၆ ခုနှစ် မေလအ  ၇   ရက်မှာ ခွင့်ပြုခဲ့တာ ဖြစ်လို့ အဲဒီပုံစံအတိုင်း ဦးတင်က တည်ဆောက်ခဲ့ရာမှာ ၁၉၅၄ ခုနှစ်မှာ ပြီးစီးခဲ့ပြီး  စုစုပေါင်းကုန်ကျ ငွေကျပ် ၄ ဒသမ ၇၅ သန်းရှိခဲ့တယ်လို့  ဆိုပါတယ်။  ဒီလို   တည်ဆောက်ခဲ့တဲ့  ရန်ကုန်ဘူတာကြီးကို ၁၉၅၄ ခုနှစ် ဇွန် ၅ ရက်မှာ စတင်ဖွင့်လှစ်ခဲ့တာကြောင့် အခုဆိုရင်  ရန်ကုန်မြို့ပြ အမွေအနှစ်အဖြစ် သတ်မှတ်ထားတဲ့   အဆောက်အအုံတစ်ခု   ခံ့ထည်စွာ   တည်ရှိနေခြင်းဖြစ်ပါတယ်။
အခုဘက်စုံစီမံကိန်းမှာတော့   အထပ်မြင့်အဆောက်အအုံပေါင်း   ၂ဝ  ခန့်အပါအဝင်    ဒီဇိုင်းပုံစံ အသစ်နဲ့ ရထားဘူတာရုံအသစ်တစ်ခုလည်း   ပါဝင်မှာဖြစ်တာကြောင့်   ရန်ကုန်ဘူတာကြီးရဲ့ အဟောင်းနဲ့ အသစ် ဒီဇိုင်းလက်ရာတွေ  နှိုင်းယှဉ်လေ့လာနိုင်မှာ   ဖြစ်သလို   ဒီစီမံကိန်းကြောင့် မြို့ပြဖွံ့ဖြိုးမှု၊ ပြည်သူ များ ခရီးသွားလာမှုနဲ့ ခရီးသွားလုပ်ငန်းတွေပါ အဆင်ပြေချောမွေ့နိုင်မှာ ဖြစ်တာကြောင့် ရန်ကုန် မြို့ရဲ့အလှကတော့ လှချင်တိုင်းလှပနေတော့မှာဖြစ်ပါတယ်။        ။
ဝေယံဦး(မြန်​မာ့အလင်း)

No comments:

Post a Comment