Latest News

Wednesday, February 7, 2018

ဖုံးကွယ်နေသည့် အမှန်တရားတချို့ ပေါ်ထွက်လာချိန် - ဆောင်းပါး

ဖုံးကွယ်နေသည့် အမှန်တရားတချို့ ပေါ်ထွက်လာချိန် - ဆောင်းပါး

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မြန်မာနိုင်ငံဘက်မှ နေရပ်စွန့်ခွာ ထွက်ပြေးလာသူများအား ပြန်လည်လက်ခံရေးဆိုင်ရာ နှစ်နိုင်ငံ သဘောတူညီချက်များအရ မြန်မာနိုင်ငံဘက်မှ ပြန်လည်လက်ခံရန် အဆင်သင့်ဖြစ်နေချိန်၊  ဘင်္ဂလားဒေ့ရှ်ဘက်တွင်မူ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)  နှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက်ကို ဇန်နဝါရီလ ၂၂ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီးနောက် ဒုက္ခသည်များ ပြန်လည်ပို့ဆောင်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်သည်။
ယာယီလက်ခံမည့်စခန်းများ ဖွင့်ကာစောင့်ဆိုင်း
ရေလမ်း၊ ကုန်းလမ်းတို့မှ ပြန်လည်ဝင်ရောက်လာမည့်သူများအတွက် ယာယီ လက်ခံမည့် စခန်းများဖွင့်ကာ မြန်မာဘက်မှ အသင့် စောင့်ဆိုင်းနေပြီဖြစ်သည့်တိုင်  တစ်ဖက်နိုင်ငံတွင်မူ လိုအပ်ချက်များရှိနေမှုနှင့် ပြင်ဆင်ရန်များ ရှိနေမှုတို့ကြောင့် ဟုဆိုကာ နှစ်နိုင်ငံသဘောတူညီခဲ့သည့် ဇန်နဝါရီလ၂၃ ရက်နေ့တွင် ဒုက္ခသည် တစ်ဦးတစ်ယောက်ကိုမျှ ပြန်လည်မပို့နိုင်ခဲ့။ ဒီအခြေအနေများမှာပင် မြန်မာနိုင်ငံ ဘက်က နေရပ်စွန့်ခွာသူ အရေအတွက်အနည်းငယ်တို့က ဘင်္ဂလားဒေ့ရှ်ဘက်သို့ ဆက်လက်သွားရောက်နေကြဆဲဖြစ်ကာ နိုင်ငံတကာအသိုင်းအဝိုင်းကမူ ပြန်လည် လက်ခံရေးအစီအစဉ်များနှင့် စပ်လျဉ်း၍ ၄င်းတို့ ပြဋ္ဌာန်းထားသည့် တောင်းဆိုချက် များဖြင့် မြန်မာနိုင်ငံအပေါ် ဆက်လက်ဖိအားပေးမှု ပြုလုပ်လျက်ရှိနေသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဖေဖော်ဝါရီ (၃-၄)ရက်က ကမ္ဘာကျော် အမေရိကန် သတင်းစာကြီး တစ်စောင်ဖြစ်သည့် The New York Times  ၏ မျက်နှာဖုံးတွင် ဖော်ပြထားသည့် သတင်းဓာတ်ပုံ၏ ပုံစာသည်လည်းကောင်း၊ အတွင်းစာမျက်နှာ ကမ္ဘာ့ရေးရာကဏ္ဍတွင် ဖော်ပြခဲ့သည့် သတင်းဆောင်းပါးသည် လည်းကောင်း၊ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မောင်တောဒေသအရေးနှင့် စပ်လျဉ်း၍ ကမ္ဘာ့မီဒီယာ (အထူးသဖြင့် အနောက်နိုင်ငံမီဒီယာ)များမှ ရေးသားဖော်ပြနေကျပုံစံများနှင့် မတူဘဲ မူကွဲနေခဲ့သည်။ ရေးသူမှာ နယူးယောက်တိုင်းမ်သတင်းစာ၏ ဗန်ကောက် အခြေစိုက် အရှေ့တောင်အာရှ ဗျူရိုအကြီးအကဲ  သတင်းစာဆရာမ ဟန်နာဘီးခ်ျ ဖြစ်သည်။
မောင်တောဒေသအရေးနှင့်စပ်လျဉ်း၍ နိုင်ငံတကာမီဒီယာများတွင်   ရေးရိုး ရေးစဉ် ဖြစ်ရပ်များ(ယင်းဖြစ်ရပ်များမှာလည်း ဒုက္ခသည်ဆိုသူများ၏ နှုတ်ထွက် ပြောစကားသက်သက်မျှသာ)နှင့် မြန်မာ့တပ်မတော်မှ ကျူးလွန်ခဲ့သည်ဆိုသော အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ၊ အဓမ္မပြုကျင့်မှုများ၊ ကျေးရွာများကို မီးရှို့ မှုများ စသည့် စွပ်စွဲချက်များ မှန်ကန်မှု ရှိ၊ မရှိ စတင်စူးစမ်းလာသည့် အနေအထားကို ဟန်နာဘီးခ်ျ၏ သတင်းဆောင်းပါးတွင် တွေ့ရှိရသည်။  တစ်နည်းအားဖြင့်  သူ၏ သတင်းဆောင်းပါးသည် တစ်ဖက်နိုင်ငံရောက် ဒုက္ခသည်ဆိုသူများ၏ အတွင်းရေး  ဇာတ်လမ်းအချို့လည်း ဖြစ်သည်။ သာမန်အားဖြင့်ဆိုလျှင် သတင်းထောက်များ အနေဖြင့် ဒုက္ခသည်စခန်းတာဝန်ခံများက ရွေးချယ်ပေးတွေ့လေ့ရှိကြသည့် ဇာတ်နာ အောင် ပြောတတ်သူများထံမှ ကြားရသမျှကိုပင် အချက်အလက်မှန်များအဖြစ် သတင်းလုပ်ကာ မီဒီယာပေါ်တင်ကြမြဲ။
ရုပ်ပုံကားချပ်တစ်ခုသည်လည်း သတင်းတစ်ပုဒ်ဖြစ်
သို့ဖြင့် ဒုက္ခသည်ကလေးတစ်ဦးက  ရေးဆွဲပြသည့်  ရုပ်ပုံကားချပ်တစ်ခုသည် လည်း   သတင်းတစ်ပုဒ်ဖြစ်လာခဲ့သလို  သားသည်မိခင်များ၊  သက်ကြီးရွယ်အိုများ၊  ကလေးသူငယ်များ၏ ဘေးဒုက္ခကို ရင်ဆိုင်ကြုံတွေ့နေရဟန်  ဓာတ်ပုံ၊  ရုပ်ရှင်ပုံတို့ ကလည်း မြင်ရ၊ ကြားရသူတို့၏ စိတ်နှလုံးကို ဆွဲကိုင်လှုပ်ခါစေနိုင်သော အကောင်းဆုံး သက်သေများ   ဖြစ်လာခဲ့ကြသည်။    သို့ရာတွင်    ယင်းအသွင်သ္ဌာန်တို့၏နောက်ကွယ်မှ ဖုံးကွယ်နေသော အမှန်တရားများကို တူးဆွဖော်ထုတ်ရန်မူ မည်သည့် မီဒီယာကမျှ စိတ်ဝင်စားခြင်း မရှိခဲ့ကြ။    
ဟန်နာဘီးခ်ျသည်ပင်လျှင် နယူးယောက်တိုင်းမ်မှ အယ်ဒီတာ၏ တာဝန်ပေး ချက်အရ ဘင်္ဂလားဒေ့ရှ်မှ ဒုက္ခသည်စခန်းသို့ သွားရောက်ကာ    အတွင်းကျကျ  လေ့လာစုံစမ်းရေးသားခဲ့ခြင်းဖြစ်သည်။ သူ့ကို တာဝန်ပေးခဲ့သည့် အယ်ဒီတာက မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များအကြောင်း၊ ဒုက္ခသည်များ ခံစားကြရသည့်   ဒုက္ခဇာတ်လမ်းများအကြောင်းတို့ မည်မျှ မှန်ကန်မှု ရှိ၊ မရှိ သိလိုခဲ့သည် ဟု ဆိုသည်။ မည်သို့ပင်ဆိုစေ ဟန်နာဘီးခ်ျ၏ သတင်းဆောင်းပါးမှ တစ်ဆင့် ဒုက္ခသည်စခန်း၏ သဘောသဘာဝအချို့ကို မိမိတို့ သိရှိခွင့်ရခဲ့သည်။
သူ့ထက်ငါ ဇာတ်နာသည်ထက် နာပြ
ကူညီကယ်ဆယ်ရေး အဖွဲ့အစည်းများ၏ ပေးကမ်းဝေငှမှုကို ဦးစားပေးရရှိနိုင်ရန် အတွက် သူ့ထက်ငါ ဇာတ်နာသည်ထက် နာပြနေကြသူများ၊ ငိုနေသည့်ကလေးများကို ချီထားသော သားသည်မိခင်များကို အသုံးချကာ ကယ်ဆယ်ရေးပစ္စည်းများရရန် ကြိုးပမ်းကြပုံများကိုလည်း ရုပ်ရှင်မြင်ကွင်း တစ်ခုသဖွယ် တွေ့မြင်လာရသည်။
သူ၏  သတင်းဆောင်းပါးမှ  ဇာတ်ကောင်တစ်ကောင်မှာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းတွင် နှစ်ပေါင်းများစွာ နေထိုင်ကာ ဘင်္ဂလားဒေ့ရှ်ဘက်တွင် ဇနီး နှစ်ဦးနှင့် မြန်မာ ဘက်တွင် ဇနီး တစ်ဦးရှိသော ဆိုယွတ်ဟူစိန်ဆိုသူ တစ်ဦးဖြစ်သည်။ သူက မြန်မာဘက်မှ ဇနီးဖြစ်သူ မွေးသည့်  သမီး လေးဦးကို  မိဘမဲ့တူမများအဖြစ်   ဒုက္ခသည်စခန်းတွင် လိမ်လည်စာရင်းသွင်းထားသူဖြစ်ပြီး မိန်းကလေးများ၏ မိဘနှစ်ဦးမှာ မြန်မာနိုင်ငံတွင် အသတ်ခံခဲ့ရကြောင်း လုပ်ဇာတ်ခင်းထားခဲ့သည်။ ဆိုယွတ်ဟူစိန်မှာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွင် နှစ်ရှည်လများ နေထိုင်ပြီး ဇနီးသုံးယောက်ယူထားခဲ့သည့်အပြင် မြန်မာနိုင်ငံဘက်တွင်ရှိနေသည့် အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကိုပင် မျက်စိကျကာ လက်ထပ်လိုနေသေးသူ ဖြစ်သည်ဟုလည်း ဆိုသည်။
ဟန်နာဘီးခ်ျ၏ သတင်းဆောင်းပါးတွင် ပါဝင်သည့် နောက်ထပ် ဇာတ်ကောင် တစ်ကောင်မှာ နူးရ်ရှတ်အမည်ရှိ အသက် ကိုးနှစ်အရွယ် ယောက်ျားလေးတစ်ဦး ဖြစ်သည်။ သူ့မိဘများကို မြန်မာစစ်သားများက  အိမ်အနီးရှိ သစ်ပင်တွင်  ကြိုးဆွဲချ သတ်ခဲ့ကြောင်း၊ သူကိုယ်တိုင်ကမူ ပလတ်စတစ်ပုံးတစ်ပုံးဖြင့် မြစ်ကိုဖြတ်ကူးလာခဲ့ ကြောင်း ဇာတ်လမ်းဆင်ပြောပြသည်။  သူ၏  အဘိုးနှင့် အဘွားလည်း   မြန်မာစစ်တပ် က သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်ဟု ဆိုသည်။
သို့ရာတွင် စစ်စစ်ပေါက်ပေါက် မေးသောအခါ သူ့စကားတို့ ရှေ့နောက်မညီတော့။ လိမ်ညာပြောဆိုမှုတို့လည်း ပေါ်လာသည်။ နူးရ်ရှတ်နေခဲ့သည်ဆိုသည့်ရွာမှ ရွာသား များကို ရှာဖွေမေးမြန်းရာတွင်မူ  ¤င်းတို့ရွာတွင် ရွာသားတစ်ဦးတစ်လေမျှ သတ်ဖြတ် ခံရမှုမရှိကြောင်း တညီတညွတ်တည်း ဖြေကြားခဲ့သည်ဟု ဆောင်းပါးရှင်က ဆိုသည်။ စင်စစ်  နူးရ်ရှတ်အမည်ရှိ  ကိုးနှစ်အရွယ် ထိုကလေးသည် မြန်မာနိုင်ငံဘက်မှ ဖြစ်သည်ဟု ဆိုရန်ပင် မသေချာ။
ပဋိပက္ခများ၏ သမိုင်းကြောင်းနောက်ခံ
ရခိုင်ပြည်နယ်  မောင်တောဒေသအတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုဖြစ်စဉ် များနှင့် နောက်ဆက်တွဲဖြစ်ရပ်များနှင့် စပ်လျဉ်း၍ သတင်းများရေးသားကြရာတွင် နိုင်ငံတကာသတင်းဌာနများမှ သတင်းသမားများ လျစ်လျူရှုခဲ့သော အချက်အလက် များစွာ ရှိခဲ့သည်။ မောင်တောဒေသ ပဋိပက္ခများ၏ သမိုင်းကြောင်း နောက်ခံ၊ ဒေသခံ တိုင်းရင်းသားများ ခံစားခဲ့ကြရသည့် ပျက်စီးဆုံးရှုံးနစ်နာမှုများ၊ ဒေသခံတိုင်းရင်း သားများ၏ ခံစားချက်များ စသည်တို့မှာ မည်သည့်သတင်းဌာန၏ စိတ်ဝင်တစား အလေးထားမှုကိုမှ မခံရ။
ထို့အပြင် လတ်တလောဖြစ်ရပ်များအပေါ်မှာပင်လျှင် ဘက်လိုက်ရေးသားမှုများ ရှိသည်ဟု မြန်မာပြည်သူများက ရှုမြင်ထားကြသည်။ နိုင်ငံတကာ မီဒီယာများ၏ လက်စွမ်းပြမှုများကြောင့် ရခိုင်ဒေသအကြမ်းဖက်မှုဟုဆိုလျှင် က္ဘာ့အမြင်၌ မူလ အကြမ်းဖက်သူများမှာ မှိန်ပျောက်ကွယ်သွားပြီး ''မြန်မာစစ်တပ်နှင့် ဗုဒ္ဓဘာသာ လူရမ်းကားများ''ကြောင့်ဟု  မြင်လာကြသည်။  အနောက်နိုင်ငံများမှ နိုင်ငံရေး အသိုင်းအဝိုင်း၊ ပညာရှင်အသိုင်းအဝိုင်း၊  မီဒီယာအသိုင်းအဝိုင်းများသို့  ဘင်္ဂါလီ အရေး တက်ြ<ွကလှုပ်ရှားသူများက အချိန်ကာလများစွာကပင် ကြိုတင် လော်ဘီ လုပ်ခဲ့ပြီးဖြစ်သည့် အားလျော်စွာ အချိန်ကိုက်ပေါ်ပေါက်လာသည့်  အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ် များနောက်တွင် နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ထက်ကြပ် မကွာ လိုက်ပါလာခဲ့ကြပြီး ဒီမိုကရေစီစနစ် ခိုင်မြဲအောင် ထူထောင်ခါစ မိမိတို့နိုင်ငံကို ဖိအားပေါင်းစုံ ပေးခဲ့ကြခြင်းဖြစ်သည်။
စင်စစ်အားဖြင့်   ရခိုင်ပြည်နယ်   မောင်တောဒေသတွင်  ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများ၊ သတ်ဖြတ်မှုများ၊ ထွက်ပြေးတိမ်းရှောင်မှုများ စသည် တို့မှာ ပြဿနာတစ်ရပ်၏ အပေါ်ယံမျှသာဖြစ်သည်။  ပင်လယ်ထဲမျောနေသော ဧရာမရေခဲတုံးကြီး၏  ရေပေါ်ပေါ်နေသော  ထိပ်ပိုင်းမျှသာဖြစ်ပြီး  မမြင်ရသည့် အောက်ပိုင်းမှာမူ အဆပေါင်းများစွာ  ကြီးမားသည့် ထုထည်ကြီး ရှိနေသကဲ့သို့ပင် ဖြစ်သည်။ မောင်တောဒေသဖြစ်စဉ်များကို အမှန်အတိုင်း ပကတိဖြစ်စဉ်အတိုင်း သိရန်၊ နောက်ကွယ်မှ ကြိုးကိုင်စေစားနေသည့် အင်အားစုများကို ဖော်ထုတ်နိုင်ရန် အတွက်ဆိုလျှင်မူ အမှန်တကယ်သိလိုသော ဆန္ဒနှင့် လက်ကုန်နှိုက် တူးဆွနိုင်မှသာ ဖြစ်နိုင်လိမ့်မည်။
အချိန်များစွာနောက်ကျပြီးမှ ပေါ်ပေါက်လာ
ယခု ဟန်နာဘီးခ်ျရေးသားခဲ့သည့် နယူးယောက်တိုင်းမ် သတင်းစာပါ သတင်း ဆောင်းပါးသည်ပင် အချိန်များစွာ နောက်ကျပြီးမှ ပေါ်ပေါက်လာသည့် အယ်ဒီတာ တစ်ဦး၏   သံသယနှင့်  သိလိုစိတ်ကို အရင်းခံကာ ပေါ်ထွက်လာရခြင်းဖြစ်သည်။ မိမိတို့အလိုရှိရာ ရှုထောင့်မှ ချဉ်းကပ်ပြီး သတင်းတစ်ပုဒ်ကို လိုသလိုရေးနိုင်သည့် ဥဒါဟရုဏ်တစ်ခုလည်း ဖြစ်သည်။
မိမိတို့နိုင်ငံအနေဖြင့်မူ ‘''အလုပ်ဖြင့်သက်သေပြမည်''ဟူသည့် မူအတိုင်း လုပ်စရာရှိသည့်အလုပ်တို့ကို အရှိန်အဟုန်မပျက် လုပ်ကိုင်လျက်ရှိသည်။ ချီးမွမ်းခြင်း၊ ရှုတ်ချခြင်း၊ ကူညီပေးခြင်း၊ ဖိအားပေးခြင်း စသည်ဖြင့် မည်သည့်နိုင်ငံ၊ မည်သည့်အဖွဲ့ အစည်းတို့က မည်သို့ပင် ပြုကြစေကာမူ မိမိတို့၏ အင်အားအစစ်အမှန်ဖြစ်သော ပြည်တွင်း အင်အား၊ စည်းလုံးညီညွတ်မှုအင်အားဖြင့်သာ အရာရာကို ရင်ဆိုင်ကြ ရမည်ဟု တင်ပြလိုပါကြောင်း။  ။ အယ်ဒီတာတစ်ဦး(မြန်​မာ့အလင်း)

No comments:

Post a Comment