Latest News

Tuesday, February 6, 2018

ရိုဟင်ဂျာလူမျိုးသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစာရင်းတွင် မပါဝင်ကြောင်း ပြည်​သူ့လွှတ်​​တော်​တွင်​​ပြောကြား

ရိုဟင်ဂျာလူမျိုးသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစာရင်းတွင် မပါဝင်ကြောင်း ပြည်​သူ့လွှတ်​​တော်​တွင်​​ပြောကြား

နေပြည်တော် ဖေဖော်ဝါရီ   ၅  

ရိုဟင်ဂျာလူမျိုးအမည်ကို မည်သည့်သန်းခေါင်စာရင်းတွင်မျှ မတွေ့ရကြောင်း၊ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးတွင်လည်း ရိုဟင်ဂျာလူမျိုးမပါရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက   ယနေ့  ပြည်သူ့လွှတ်တော်       အစည်းအဝေးတွင် ပြောကြားသည်။

ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး  (၁၂)ရက်မြောက်နေ့တွင်    မက်မန်း မဲဆန္ဒနယ်မှ ဦးတင်အေး၏ တိုင်းရင်းသားမျိုးနွယ်စုများတွင် ရိုဟင်ဂျာလူမျိုးမရှိကြောင်းအား   မြန်မာနိုင်ငံရှိ တိုင်းရင်းသားပြည်သူလူထုသာမက ကမ္ဘာ့နိုင်ငံအသီးသီးအား သိရှိစေရန် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ထားသည်ကို သိလိုကြောင်း   မေးခွန်းနှင့်စပ်လျဉ်း၍ ဖြေကြားရာတွင် ပြည်ထောင်စုဝန်ကြီးက   ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ် သည်။

ထို့ပြင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မြန်မာနိုင်ငံတွင် လူမျိုးစာရင်းကောက်ယူခြင်းကို လွတ်လပ် ရေးမရမီ  အင်္ဂလိပ်အစိုးရလက်ထက် ၁၉၁၁ ခုနှစ်၊ ၁၉၂၁ ခုနှစ်နှင့်   ၁၉၃၁ ခုနှစ်တွင် ကောက်ယူခဲ့ပါကြောင်း၊ လွတ်လပ်ရေးရပြီးချိန်တွင်လည်း ၁၉၅၃-၁၉၅၄ ခုနှစ် သန်းခေါင်စာရင်း၊ ၁၉၇၃  ခုနှစ် သန်းခေါင်စာရင်းနှင့် ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းကိုလည်း ကောက်ယူခဲ့ သည်ဟု မှတ်တမ်းများအရ   သိရပါကြောင်း၊ အဆိုပါ ၁၉၂၁ ခုနှစ်နှင့် ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းအစီရင်ခံစာ၏ PART I – Provincial Totals of Races by Religion ပါ မှတ်တမ်းများအရ ရိုဟင်ဂျာလူမျိုးအမည်ကို မည်သည့် သန်းခေါင်စာရင်းတွင်မျှ မတွေ့ရပါကြောင်း။

လွတ်လပ်ရေးရပြီးနောက်     သန်းခေါင်စာရင်း ကောက်ယူရန်အတွက် မြန်မာနိုင်ငံတွင်  နေထိုင်သော  တိုင်းရင်းသားမျိုးနွယ်စုအမည်စာရင်းများ သတ်မှတ်ပြုစုရာ တွင် ၁၉၃၁ ခုနှစ်တွင် ပြုစုခဲ့သော သန်းခေါင်စာရင်းအရ လူမျိုးစုစာရင်းအပေါ် အခြေခံ၍လည်းကောင်း၊ ၁၉၅၃-၁၉၅၄ ခုနှစ် လူမျိုးစုစာရင်းအရလည်းကောင်း၊ ၁၉၆၁ ခုနှစ် ယဉ်ကျေးမှုဝန်ကြီးဌာနအောက်ရှိ ရှေးဟောင်းစာပေ နှင့် ယဉ်ကျေးမှုရုံး၏   အကြံပြုချက်နှင့်  မြန်မာနိုင်ငံ သမိုင်းကော်မရှင်၏  အကြံပေးချက်အရ လည်းကောင်း၊ ၁၉၇၂ ခုနှစ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဗဟိုကော်မတီ ဌာနချုပ် တိုင်းရင်းသားလူမျိုးစုရေးရာကော်မတီ၏ညှိနှိုင်း ပေးချက်အရလည်းကောင်း လူမျိုးစာရင်းကိုပြုစု၍ ၁၉၇၃ ခုနှစ် လူဦးရေသန်းခေါင်စာရင်းတွင် အသုံးပြုခဲ့ပါကြောင်း၊ အဆိုပါသန်းခေါင်စာရင်းတွင်လည်း တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးတွင် ရိုဟင်ဂျာလူမျိုးမပါရှိသည်ကို   တွေ့ရှိပါ ကြောင်း ရှင်းလင်းသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက နိုင်ငံပိုင်မီဒီယာများ၊ ပုဂ္ဂလိကထုတ်ဝေသည့် မီဒီယာများတွင် လည်း ရိုဟင်ဂျာဆိုသည့်  လူမျိုးအမည်ကို ထည့်သွင်း အသုံးမပြုဘဲ   ရိုဟင်ဂျာလူမျိုးသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစာရင်းတွင် မပါဝင်ကြောင်း ကြိမ်ဖန် များစွာ ဖော်ပြပြီးဖြစ်ပါကြောင်း၊ ဖော်ပြဆဲလည်းဖြစ်ပါ ကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးတွင်ရှိသည့် မြန်မာ့သံရုံး ဝန်ထမ်းများ၊ မြန်မာသံအမတ်ကြီးများ၊ UN အဖွဲ့အစည်း များတွင်ရှိသည့် မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စား လှယ်ကြီးများကလည်း   ၎င်းအသုံးအနှုန်းသုံးစွဲခြင်းကို အသိအမှတ်မပြုဘဲ ထိုသို့သုံးစွဲလာသော  အခြားသော ကိုယ်စားလှယ်များကိုလည်း   တရားဝင်ကန့်ကွက်ခြင်း၊ ဆန့်ကျင်ခြင်း၊ ထောက်ပြခြင်းများကို   စဉ်ဆက်မပြတ် ပြုလုပ်လျက်ရှိပါကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားအကျိုးစီးပွားနှင့် တိုင်းရင်းသားလူမျိုးများအားလုံး၏ ရေရှည်အကျိုးစီးပွားကို ရှေးရှုဆောင်ရွက်လျက်ရှိပါကြောင်း၊   ရေရှည်အတွက် စဉ်းစားပြီး ကျယ်ပြန့်သောအမြင်များ၊ မှန်ကန်သောလုပ် ဆောင်ချက်များဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ခံစားချက်စကားလုံးဖြင့် တုံ့ပြန်ခြင်း ထက် လုပ်ထုံးလုပ်နည်းများ၊   ဥပဒေများနှင့်အညီ တည်တည်ငြိမ်ငြိမ် ဂုဏ်သိက္ခာရှိရှိ ဥာဏ်အမြော်အမြင်ဖြင့် ဆင်ခြင်တုံတရားကို အလေးအနက်ထားပြီး ထိရောက်သော တုံ့ပြန်မှုများဖြင့် တုံ့ပြန်ဆောင်ရွက်လျက်ရှိပါကြောင်း။

၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်းမှ ကောက်ယူရရှိသော လူမျိုးစုစာရင်းများမှာ   တိုင်းရင်းသားလူမျိုးများဖွဲ့စည်း ပါဝင်မှု၊ တိုင်းရင်းသားလူမျိုးစုငယ်များပါဝင်မှု၊   စာလုံး ပေါင်းသတ်ပုံ၊ အမည်နာမအသစ်၊ တိုင်းရင်းသားဖြစ်ခြင်း၊ မဖြစ်ခြင်း စသည့်ကိစ္စရပ်များတွင် အငြင်းပွားဖွယ်ရာများ ရှိပါသဖြင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပြီးမှသာလျှင် ထုတ်ပြန်သွားရန်   လျာထားပါကြောင်း၊ ဆွေးနွေး ညှိနှိုင်းမှုများ   ပြုလုပ်ရာတွင်  တိုင်းရင်းသားရေးရာ ကော်မတီဝင်များ၊   တိုင်းရင်းသားခေါင်းဆောင်များ၊     တိုင်းရင်းသားကိုယ်စားလှယ်များ၊     သမိုင်းပညာရှင်၊ ယဉ်ကျေးမှုပညာရှင်နှင့် လူဦးရေပညာရှင်များ၊ သက်ဆိုင် ရာဌာန၊ အဖွဲ့အစည်းများနှင့် အဆင့်ဆင့်ညှိနှိုင်းဆွေးနွေးမှု များ ပြုလုပ်သွားမည်ဖြစ်ပြီး  ညှိနှိုင်းသဘောတူညီချက် ရရှိချိန်တွင် တိုင်းရင်းသားလူမျိုးများစာရင်းကို ဆက်လက် ထုတ်ပြန်သွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့သည်။

အစည်းအဝေးတွင် ကျေးသီးမဲဆန္ဒနယ်မှ   ဦးစိုင်းအောင်ကျော်၏ ကျေးသီးမြို့နယ်တွင် လဝက ဦးစီးအရာရှိ တစ်ဦးနှင့် မိုင်းနောင်မြို့တွင်  လဝကမှူးတစ်ဦးအား အစားထိုးခန့်အပ်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ကျေးသီး မြို့နယ်ဦးစီးမှူးရုံးတွင်လိုအပ်ချက်ရှိသော အရာထမ်း ဝန်ထမ်း ဦးစီးအရာရှိတစ်ဦးနှင့်    အမှုထမ်းဝန်ထမ်း      လူဝင်မှုကြီးကြပ်ရေးမှူးတစ်ဦးတို့     အင်အားဖြည့်တင်း ပေးနိုင်ရေးအတွက် ဦးစားပေးကာ အမြန်ဆုံးဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

တမူးမဲဆန္ဒနယ်မှ ဦးနိုင်နိုင်ဝင်း၏ တမူးမြို့မှ တစ်ဖက် နိုင်ငံ   နယ်စပ်မြို့သို့   ခုနစ်ရက်ပတ်စပို့ သို့မဟုတ် နေ့ချင်းပြန်ပတ်စပို့ဖြင့် တရားဝင်ကူးသန်းသွားလာခွင့် ရရှိရန် မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက တမူးမြို့မှ တစ်ဖက်နိုင်ငံ နယ်စပ်မြို့သို့ ခုနစ်ရက်ပတ်စပို့    သို့မဟုတ် နေ့ချင်းပြန်ပတ်စပို့ဖြင့် တရားဝင်ကူးသန်းသွားလာခွင့်ပြုနိုင်ရေးအတွက် မြန်မာ နှင့် အိန္ဒိယနိုင်ငံအကြား နယ်စပ်ဖြတ်သန်းသွားလာရေး ဆိုင်ရာ သဘောတူညီချက်စာချုပ်  ချုပ်ဆိုဆောင်ရွက် နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ စာချုပ်ချုပ်ဆိုပြီး ပါက နယ်စပ်ဝင်ထွက်ပေါက်များ တရားဝင်သတ်မှတ်ပြီး နှစ်နိုင်ငံသားများအား နယ်စပ်ဖြတ်သန်းသွားလာခွင့် လက်မှတ်များဖြင့်  တရားဝင်ကူးသန်းသွားလာခွင့်ရှိမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

ထို့ပြင် ရေကြည်မဲဆန္ဒနယ်မှ ဒေါက်တာဦးစံရွှေဝင်း၏ နိုင်ငံတော်၏ ကျန်းမာရေး၊ ပညာရေး၊ လုပ်သားအင်အား၊ လူမှုရေးဖွံ့ဖြိုးမှု၊  စီးပွားရေးဖွံ့ဖြိုးမှုများကို စဉ်းစားခြုံငုံ သုံးသပ်ပြီး ''အမျိုးသားလူဦးရေမူဝါဒ'' ချမှတ်ဆောင်ရွက် ရန် အစီအစဉ် ရှိ၊ မရှိ  မေးခွန်း၊ ကလေးမဲဆန္ဒနယ်မှ ဒေါ်အေးအေးမူ၏  လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည် သူ့အင်အားဦးစီးဌာနနှင့် ပညာရေးဌာနများတွင် လူနည်းစု တိုင်းရင်းသားများ၏   ကိုယ်ရေးအချက်အလက်များ ဖြည့်သွင်းရာ၌   မြန်မာအက္ခရာအပြင် သက်ဆိုင်ရာ တိုင်းရင်းသားအလိုက်အက္ခရာ သို့မဟုတ် နိုင်ငံတကာသုံး အင်္ဂလိပ်အက္ခရာနှင့်ပါ ဖြည့်စွက်ရေး သွင်းခွင့်ပြုရန် အစီ အစဉ် ရှိ၊ မရှိ မေးခွန်း၊ စေတုတ္တရာမဲဆန္ဒနယ်မှ ဦးကျော် အောင်လွင်၏ ဆောက်လုပ်ရေးလုပ်ငန်းများ၊ သင်္ဘော ကျင်းများ၊ စက်ရုံအလုပ်ရုံများတွင် လုပ်ငန်းခွင်ဝင်ရောက် မည့် အလုပ်သမားများ   လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် Safety Courseသင်တန်းများ ပို့ချပေးရန် အစီအစဉ် ရှိ၊ မရှိ   မေးခွန်းတို့ကိုလည်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြန်လည် ဖြေကြားခဲ့သည်။

ထို့နောက် မိုင်းရယ်မဲဆန္ဒနယ်မှ ဦးစိုင်းသီဟကျော် တင်သွင်းသည့်  ''အကြောင်းအမျိုးမျိုးဖြင့်   နိုင်ငံပြင်ပသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြရသော မြန်မာနိုင်ငံသား များသည် ပြည်ပနိုင်ငံများ၏ ရွှေ့ပြောင်းအလုပ်သမား ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များ၊ မူဝါဒများနှင့် အခြားသော အကြောင်းရပ်တို့ကြောင့် အခက်အခဲများစွာ ရင်ဆိုင် ကြုံတွေ့ရလျက်ရှိနေသဖြင့် ၎င်းတို့  ဆက်လက်ရပ်တည် နိုင်ရေးနှင့် နိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက်လာကြပါက ထိရောက်သော ကူညီစောင့်ရှောက်မှုပေးနိုင်ရေးအတွက် သင့်လျော်သည့် မူဝါဒနှင့် လုပ်ငန်းစဉ်များ ချမှတ်ဆောင် ရွက်သွားရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း'' အဆိုနှင့်စပ်လျဉ်း၍   လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

ပန်းတောင်းမဲဆန္ဒနယ်မှ     ဒေါ်ခင်နှင်းသစ်က      အစိုးရက ရွှေ့ပြောင်းလုပ်သားများအတွက်  စောင့်ရှောက် ကူညီမည်ဆိုပါက မြေပြင်ပကတိအခြေအနေအတိုင်း  လွှမ်းခြုံရန်လိုအပ်မည်ဟု အကြံပြုလိုပါကြောင်း၊ ထို့ပြင် တရားမဝင် သွားရောက်လုပ်ကိုင်သည့်    လူများသည် အခက်အခဲ၊   စိမ်ခေါ်မှုများ  ကြုံတွေ့ရမည်ဖြစ်သည့် အတွက် တရားဝင်သွားရောက်လုပ်ကိုင်ခြင်းဖြစ်အောင်၊ ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်သည့်အတွက် ပြည်ပသို့ ရွှေ့ပြောင်းလုပ်သားအဖြစ်သွားသူတိုင်းကို   တရားဝင် ဖြစ်အောင် ၎င်းတို့လက်လှမ်းမီသည့်  အခြေအနေ များဖြစ်ရန်  လိုအပ်ချက်များကို ပြုပြင်ဖန်တီးရန် လိုအပ် ပါကြောင်း၊ ပြည်ပတွင် နှစ်ချီအလုပ်လုပ်ခဲ့ပြီး ရရှိလာသည့် လုပ်ငန်းကျွမ်းကျင်မှုများနှင့် မိမိနိုင်ငံအတွက် ပြန်လည် အသုံးချနိုင်အောင်    စီမံဆောင်ရွက်သင့်ပါကြောင်း ဆွေးနွေးသည်။

မိုင်းရှူးမဲဆန္ဒနယ်မှ  ဦးစိုင်းထွန်းအေး(ခ)ဦးစိုင်း ဝင်းအေးက ပြည်ပသို့   သွားရောက်  အလုပ်လုပ်ကိုင်နေ ကြသည့် မိမိတို့နိုင်ငံသားများသည် အိမ်းနီးချင်းနိုင်ငံများ ၏  ပြောင်းရွှေ့လုပ်သားများအပေါ်ထားရှိသည့် မူဝါဒ ပြောင်းလဲလာခြင်းနှင့်  ဥပဒေများပြင်ဆင်ပြဋ္ဌာန်းလာခြင်း တို့ကြောင့်  ပြည်ပတွင် ဆက်လက်အလုပ်လုပ်ကိုင်ရန်  အဆင်မပြေကြသည့်အတွက်   ပြည်တွင်းကို တဖွဲဖွဲ ဝင်ရောက်လာသူများမှာ    သိန်းနှင့် ချီနေပြီဖြစ်ပါကြောင်း၊ ၎င်းတို့ အမိနိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက်လာသည့်အခါ တရားမဝင် အလုပ်သမားတွေ ဖြစ်နေကြသည့်အတွက်  နယ်စပ်အဝင်ဂိတ်များတွင် တာဝန်ကျသူများက  ငွေညှစ် ခြင်းများ ကြုံတွေ့ခံစားနေကြရကြောင်း၊  ယင်းအခက် အခဲများ အဆင်ပြေစေရန်အတွက် အစိုးရ၏ ထိရောက် မြန်ဆန်သည့် တုံ့ပြန်မှု   လိုအပ်လျက်ရှိနေပါကြောင်း၊ အခက်အခဲဖြစ်၍ ပြန်လာကြသူများ အခက်အခဲမဖြစ်ရ အောင် အစိုးရအနေဖြင့် ပံ့ပိုးကူညီပေးသွားရန် လိုအပ်နေ ပါကြောင်း ဆွေးနွေးသည်။

ထို့ပြင်   အဆိုနှင့်စပ်လျဉ်း၍ သီပေါမဲဆန္ဒနယ်မှ ဦးစိုင်းသန့်ဇင်၊ ဆားလင်းကြီး မဲဆန္ဒနယ်မှ ဦးဝင်းသိန်းဇော်၊ အုတ်တွင်းမဲဆန္ဒနယ်မှ  ဒေါ်ချိုချို၊  ဘားအံမဲဆန္ဒနယ်မှ ဒေါ်နန်းသန်းသန်းလွင်၊ လွိုင်ကော်မဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်ခင်စည်သူတို့က ဆွေးနွေးကြသည်။

အဆိုနှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက နိုင်ငံတော်အနေဖြင့် နိုင်ငံသားများ အလုပ် အကိုင်ရရှိရေးနှင့်  အလုပ်သမားများ  လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေးလုပ်ငန်းများသည် နိုင်ငံတော် အစိုးရ၏   ဦးစားပေးလုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ မူဝါဒများ၊ အလုပ်အကိုင်ဆိုင်ရာမူဝါဒများကို တိကျစွာ ရေးဆွဲသတ်မှတ်ပြီး အကောင်အထည်ဖော်  ဆောင် ရွက်လျက်ရှိပါကြောင်း။

အကြောင်းအမျိုးမျိုးကြောင့်  နိုင်ငံပြင်ပသို့ သွား ရောက်ကြသည့် နိုင်ငံသားများ ပြည်ပနိုင်ငံများမှရောက်ရှိ သည့်အခါ မိမိနိုင်ငံသားများအနေဖြင့် တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ အထောက်အထားရှိသည့်သူဖြစ်စေ၊ အထောက်အထားမရှိသည့်သူဖြစ်စေ၊   မိမိနိုင်ငံသား များဖြစ်သည့်အတွက်  အစွမ်းကုန် ကူညီဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ အဆိုပါအကြောင်းအရာများသည် နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနအားလုံးက ဘက်စုံကဏ္ဍစုံသုံးသပ်ကာ  စဉ်ဆက်မပြတ်   ဆောင်ရွက်နေသည့် လုပ်ငန်းဖြစ်သည့်အတွက်   မှတ်တမ်းတင်ထားရှိသင့်ပါ ကြောင်း ရှင်းလင်းဆွေးနွေးသည်။

ယင်းအဆိုကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ဆုံးဖြတ်သည်။

ထို့ပြင် အစည်းအဝေးတွင် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်မရှိ အတည်ပြု၍ပေးပို့သော ''၁၉၄၈ ခုနှစ်၊ ဆိပ်ကမ်းအလုပ်သမားများ အလုပ်စီစဉ်ရေး အက်ဥပဒေ ကိုရုပ်သိမ်းသည့်ဥပဒေကြမ်း''အား   လွှတ်တော်၏       အဆုံးအဖြတ်ရယူ  အတည်ပြုခြင်းတို့ကို  ဆောင်ရွက်ခဲ့ သည်။        
ကျော်သူထက်၊ မွှေးကြူဇင်(သတင်းစဉ်)

No comments:

Post a Comment