Latest News

Tuesday, February 6, 2018

ပင်လုံတွင် သက်သေထူခဲ့သော တိုင်းရင်းသား စည်းလုံးညီညွတ်မှု ထာဝစဉ်ရှင်သန်ရေး - ​ဆောင်းပါး

ပင်လုံတွင် သက်သေထူခဲ့သော တိုင်းရင်းသား စည်းလုံးညီညွတ်မှု ထာဝစဉ်ရှင်သန်ရေး - ​ဆောင်းပါး

ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကို များသည် နှစ်စဉ် ဖေဖော်ဝါရီလရောက်ပြီ ဆိုလျှင် လွန်ခဲ့သော အတိတ်ကသမိုင်းဝင်နေ့ တစ်နေ့ကို  ပြန်လည်အောက်မေ့သတိရကြ သည်။ ထိုစဉ်က အမျိုးသားခေါင်းဆောင် ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်း ဒေသမှ  တိုင်းရင်းသားခေါင်းဆောင်များ သည် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်လုံမြို့ လေးတွင် မြန်မာပြည်လွတ်လပ်ရေးအတွက် အသက်တမျှအရေးပါသော  သမိုင်းဝင် စာချုပ်တစ်ခုကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြ သည်။  ထိုစာချုပ်လက်မှတ်ရေးထိုးနိုင်မှု ကြောင့် တစ်နှစ်အတွင်း တစ်နိုင်ငံလုံးလွှမ်းခြုံ သောလွတ်လပ်ရေးကြီးကို နယ်ချဲ့တို့ထံမှ အရယူနိုင်ခဲ့သည်။ အမှန်စင်စစ်မှာမူ နယ်ချဲ့ တို့သည် တောင်တန်းနှင့် ပြည်မကိုသွေးခွဲ ပြီး ဆက်လက်အုပ်ချုပ်လိုခြင်းပင်ဖြစ်သည်။

သူ့ကျွန်ဘဝကျရောက်ခဲ့

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည် ရှေးမြန်မာမင်းများလက်ထက်   ခေတ် အဆက်ဆက်တွင် ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်းဖြင့် ကမ္ဘာ့အလယ်၌ ဝင့်ထည် စွာ ရပ်တည်နိုင်ခဲ့သည်။ သို့ရာတွင် အင်္ဂလိပ် နယ်ချဲ့တို့က ဘကြီးတော်ဘုရားလက်ထက် ၁၈၂၄ ခုနှစ်တွင် တစ်ကြိမ်၊    ပုဂံမင်း လက်ထက် ၁၈၅၂ ခုနှစ်တွင် တစ်ကြိမ်၊ သီပေါမင်းလက်ထက် ၁၈၈၅ ခုနှစ်တွင် တစ်ကြိမ်  ခေတ်မီစစ်လက်နက်များဖြင့် ကျူးကျော်စစ် သုံးကြိမ်တိုင်တိုင် တိုက်ခိုက် ခဲ့ကြသည်။ ၁၈၈၆ ခုနှစ် ဇန်နဝါရီလ ၁ ရက် နေ့တွင် ထီးကျိုးစည်ပေါက် တစ်နိုင်ငံလုံး သူ့ကျွန်ဘဝရောက်ခဲ့ရသည်။ သူ့ကျွန်ဘဝ တွင် နှစ်ပေါင်း ၁၂ဝ ကျော်နေခဲ့ရသည်။

လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်

ဒုတိယကမ္ဘာစစ်ပွဲ   ကာလအတွင်း ဗိုလ်ချုပ်အောင်ဆန်း  ဦးဆောင်သော ဗမာ့ လွတ်လပ်ရေးတပ်မတော်သည် ''အင်္ဂလိပ် အခက်ဗမာအချက်''ဟုဆိုကာ အခြေအနေ နှင့် အချိန်အခါအရ ဂျပန်များနှင့် ပူးပေါင်း ၍ အင်္ဂလိပ်ကို မောင်းထုတ်နိုင်ခဲ့သည်။ သို့ရာတွင် ''ကျားကိုကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီး ကျားထက်ဆိုး'' ဆိုသကဲ့သို ဂျပန် တို့သည် အင်္ဂလိပ်တို့ထက် ဆိုးလာကြသည်။ ပြည်သူများကို ညှဉ်းပန်းနှိပ်စက်ခဲ့ကြသည်။ ထို့ကြောင့် ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက် နေ့တွင် ဖက်ဆစ်ဂျပန်တို့ကို တိုက်ထုတ်ခဲ့ရ ပြန်သည်။

ဖက်ဆစ်ဂျပန်တို့ကို မောင်းထုတ်နိုင်ခဲ့ သော်လည်း လွတ်လပ်ရေးချက်ချင်းမရခဲ့ပေ။ ဂျပန်ပြေးသည့် အချိန်တွင် နောက်တစ်ကြိမ် ပြန်ဝင်လာသော အင်္ဂလိပ်တို့က လွတ်လပ် ရေးပေးရန် အချိန်ဆွဲခဲ့ကြသည်။ တောင်တန်း နှင့်  ပြည်မအား  သွေးခွဲအုပ်ချုပ်မှုဖြင့် ဆက်လက်စိုးမိုးခြယ်လှယ်ရန် ကြံစည်ခဲ့ကြ သည်။ လွတ်လပ်ရေးမပေး၍   မရသည့် အခြေအနေတွင် တောင်တန်းနှင့် ပြည်မကို ခွဲခြား၍   လွတ်လပ်ရေးပေးရန် ကြံစည်ခဲ့ကြ ပြန်သည်။ မည်သို့ပင်ဆိုစေကာမူ ပင်လုံကို သက်သေတည်လိုက်သဖြင့် နယ်ချဲ့တို့သည် ၎င်းတို့၏   ပက်စက်သောအကြံအစည်ကို စွန့်လွှတ်ခဲ့ကြရသည်။

လွတ်လပ်ရေးအတွက် လန်ဒန်သို့ထွက်ခွာ

ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာ့လွတ်လပ်ရေး အတွက် ဗြိတိသျှအစိုးရနှင့် ဆွေးနွေးနိုင်ရန် အတွက် ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၁ ရက် နေ့တွင် လန်ဒန်သို့ ထွက်ခွာခဲ့သည်။ ဗိုလ်ချုပ် အောင်ဆန်းသည်   နန်းရင်းဝန်အက်တလီ ဦးဆောင်သော  ဗြိတိသျှကိုယ်စားလှယ်အဖွဲ့နှင့် ဆွေးနွေးစဉ် တောင်တန်းဒေသပြည်နယ်များ နှင့် ပြည်မတို့ပူးပေါင်းလျက် ပြည်ထောင်စု ပုံသဏ္ဌာန်ဖြင့်  လုံးဝလွတ်လပ်ရေးပေးရန် တိကျပြတ်သားစွာ တောင်းဆိုခဲ့သည်။

ထိုသို့      နှစ်ဖက်ဆွေးနွေးနေစဉ်                    ''အောင်ဆန်းသည် ရှမ်းပြည်ကို ကိုယ်စားမပြု၊ ပြည်မမှ မြန်မာခေါင်းဆောင်တစ်ဦးသာဖြစ် သည်''ဟူသော ကြေးနန်းစာတစ်စောင်သည် ရှမ်းပြည်နယ်    စော်ဘွားနှစ်ဦးအမည်ဖြင့် ဗြိတိသျှအစိုးရထံသို့ ရောက်ရှိလာခဲ့သည်။ မြန်မာကိုယ်စားလှယ်အဖွဲ့သည်   တိုင်းပြည် လွတ်လပ်ရေးအတွက် စိုးရိမ်ပူပန်ခဲ့ကြရသည်။

သို့သော် နှစ်ရက်အကြာတွင် ကြေးနန်းတစ်စောင်ထပ်ရောက်လာခဲ့သည်။ ထိုကြေးနန်း စာတွင် ''ဗိုလ်ချုပ်အောင်ဆန်းသည်  ရှမ်း ပြည်နယ်အပါအဝင်    တောင်တန်းဒေသ အားလုံးကို ကိုယ်စားပြုသော ခေါင်းဆောင် ဖြစ်ကြောင်း၊ တောင်တန်းဒေသမှ တိုင်းရင်းသား ပြည်သူများအတွက် အရေးဆိုရန် အကြွင်းမဲ့ ထောက်ခံကြောင်း တောင်ကြီးမြို့၌ ကျင်းပ သည့် လူထုအစည်းအဝေးကြီးက တစ်ခဲနက် ထောက်ခံဆုံးဖြတ်ကြောင်းနှင့် ပဒေသရာဇ် စနစ်အောက်မှ အလျင်အမြန်လွတ်မြောက် ရေးကို တောင်းဆိုကြောင်း'' ဖြင့်   တိကျ ပြတ်သားစွာ ဖော်ပြထားသည်။

ထို့ကြောင့် မြန်မာ့လွတ်လပ်ရေးအတွက် အာမခံချက်ပေးသော အောင်ဆန်း-အက်တလီ စာချုပ်ကို ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင်    ဗိုလ်ချုပ်အောင်ဆန်းနှင့်        အက်တလီတို့က လက်မှတ်ရေးထိုးခဲ့ကြသည်။  ထိုစာချုပ်တွင် တောင်တန်းဒေသများသည် ပြည်မကြီးနှင့် ပူးပေါင်းရန် သဘောတူပါက   ပြည်မရော        တောင်တန်းဒေသများပါ လွတ်လပ်ရေးပေးမည်ဟုပါရှိသည်။ ပရိယာယ် များလှသော နယ်ချဲ့တို့သည် လွတ်လပ်ရေး ပေးခါနီးတွင်  တောင်တန်းဒေသများကို ချန်လှပ်ထားရန် ကြံရွယ်ခဲ့ကြသည်။

သမိုင်းဝင်ပင်လုံစာချုပ်

မည်သို့ပင်ဆိုစေကာမူ     ဗိုလ်ချုပ် အောင်ဆန်းသည် တောင်တန်းနှင့်  ပြည်မ အကြား ရေကိုသားလျှင် အကြားမထင်သကဲ့သို့ တစ်ဆက်တစ်စပ်တည်း   စည်းလုံးပေးနိုင်ခဲ့ သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက် နေ့မှစတင်၍  ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့တွင် ပင်လုံညီလာခံကြီးကျင်းပခဲ့ရာ တိုင်းရင်းသားခေါင်းဆောင်များ   စုံညီစွာ တက်ရောက်ခဲ့ကြသည်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁ဝ နာရီတွင် ဗိုလ်ချုပ်နှင့်အတူ ကချင်၊ ချင်း၊ ရှမ်းအမျိုးသားကိုယ်စားလှယ်ကြီး ၂၃ ဦးသည် သာတူညီမျှ တလုံးတစည်းတည်း နေထိုင်ကြမည်ဟူသော    သန္နိဋ္ဌာန်ဖြင့် ပင်လုံစာချုပ်ကြီးကို လက်မှတ်ရေးထိုးခဲ့ကြ သည်။ ထိုသို့ တိုင်းရင်းသားစည်းလုံးညီညွတ် မှုကို ပြသနိုင်ခဲ့သည့် ပင်လုံစာချုပ်ချုပ်ဆိုခဲ့ သော    ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို                     ''ပြည်ထောင်စုနေ့''အဖြစ် သတ်မှတ်ခဲ့သည်။ နှစ်စဉ်   ထိုနေ့ထိုရက်ရောက်ရှိလျှင်  နိုင်ငံ တစ်ဝန်း၌ ပြည်ထောင်စုနေ့အခမ်းအနားများ ကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်။ ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် (၇၁)နှစ်မြောက်ပြည်ထောင်စုနေ့ အခါသမယ ကြီး ကျရောက်တော့မည်ဖြစ်သည်။

ပြင်ပ ပယောဂကို သိရှိရန်လို

ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် အမှတ်(၁ဝ) ဒေါင်းနင်းလမ်း၌   နန်းရင်းဝန် အက်တလီ နှင့်တွေ့ဆုံစဉ် ''ကျုပ်တို့ဗမာပြည်အကြောင်း ပြောကြားတဲ့အခါတိုင်း စည်းလုံးညီညွတ်ပြီး လွတ်လပ်တဲ့ဗမာပြည် တစ်ပြည်လုံးကို မျက်စိ ထဲမှာ မြင်ယောင်ပြီး     ပြောတာဖြစ်တယ်၊ ကျုပ်တို့တစ်ပြည်လုံး   စည်းလုံးညီညွတ်ရေး အတွက် ဆောင်ရွက်ရာမှာ ကျွန်ုပ်တို့နိုင်ငံ တွင်းမှာရှိတဲ့  လူမျိုးစုအားလုံးကို    ပြင်ပ ပယောဂမပါဘဲ လွတ်လပ်စွာတွေ့ဆုံဆွေးနွေး ခွင့်ပေးရင် ကျွန်ုပ်တို့  မကျော်လွှားနိုင်တဲ့ အခက်အခဲဆိုလို့    ဘာမျှရှိမှာမဟုတ်ဘူး၊ အားလုံးစည်းလုံးညီညွတ်လာမှာ  အမှန်ပါပဲ'' ဟု အနှစ်သာရရှိသောစကားကို အတိအလင်း ပြောကြားခဲ့သည်။

လက်ရှိအချိန်အထိ မှန်ကန်နေ

ဗိုလ်ချုပ်၏စကားသည် လက်ရှိအချိန် အထိ မှန်ကန်နေဆဲပင်ဖြစ်သည်။ တိုင်းပြည် အတွင်း ထာဝရငြိမ်းချမ်းရေး တည်ဆောက်ရေး အတွက် နိုင်ငံတော်အစိုးရက ကမ်းလှမ်းထား သော်လည်း တချို့သောလက်နက်ကိုင်အဖွဲ့ အစည်းများသည် အတိတ်ကို ဖက်တွယ်ထားဆဲ ပင်ဖြစ်သည်။ လက်ရှိပကတိအခြေအနေကို လက်တွေ့ကျကျ  ရှုမြင်လိုခြင်းမရှိသေးပေ။ ထိုသို့ဆိုလျှင် အနာဂတ်ငြိမ်းချမ်းရေးသည် ဝေဝါးနေမည်သာဖြစ်သည်။

တချို့သောလက်နက်ကိုင်  အဖွဲ့အစည်း များသည်     ပြင်ပပယောဂဝင်နှောင့်မှု၊ သိမ်းသွင်းမှုကို ခံနေရဆဲပင်ဖြစ်သည်။ ဆိုလို သည်မှာ တစ်မြေတည်းနေ၊ တစ်ရေတည်း သောက်၊ အေးအတူပူအမျှ အတူတကွနေထိုင် ခဲ့ကြသည့် ညီအစ်ကိုချင်းကို မယုံကြည်ဘဲ ကြိုးကိုင်သူများ အလိုကျ လိုက်ကနေဆဲ ပင်ဖြစ်သည်။ တစ်မြေတည်းနေ၊ တစ်ရေတည်း သောက်၊ မရှိအတူ၊ ရှိအတူ နေထိုင်ခဲ့ကြသည့် တိုင်းရင်းသားညီအစ်ကိုများအကြား  စားပွဲ ဝိုင်းတွင်  ဆွေးနွေးတိုင်ပင်ညှိနှိုင်းသွားမည် ဆိုလျှင်Win-Win ရလဒ်ရရှိနိုင်ပေသည်။ မတူညီမှုများကိုဖယ်ရှားကာ   တူညီသော အချက်များဖြင့် စတင်ဆွေးနွေးအဖြေရှာသင့် နေပြီဖြစ်သည်။

အားလုံးအတွက် ထာဝရငြိမ်းချမ်းရေး

အစိုးရအဆက်ဆက်သည်    ထာဝရ ငြိမ်းချမ်းရေးရရှိရေးအတွက်  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို ကမ်းလှမ်းခဲ့ သည်။ ထိုသို့ကြိုးပမ်းအားထုတ်မှုများကြောင့် နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသား   လက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့မှ ခေါင်းဆောင်များသည်    ၂ဝ၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် နေပြည်တော် ၌ နိုင်ငံသားအားလုံးမျှော်လင့်တောင့်တနေသည့်    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု       ရပ်စဲရေးစာချုပ် (Nationwide Ceasefire Agreement-NCA) ကို   အောင်မြင်စွာ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

ထို့ပြင် မွန်ပြည်သစ်ပါတီနှင့် လားဟူ ဒီမိုကရက်တစ်  အစည်းအရုံးတို့ကလည်း မကြာခင်  NCA  စာချုပ်တွင် ပါဝင်လက်မှတ် ရေးထိုးမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၂၃ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။  ထိုနှစ်ဖွဲ့ လက်မှတ်ရေးထိုးပြီးချိန်တွင်   NCA  လက်မှတ်ရေးထိုးသည့်   တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁ဝ ဖွဲ့အထိ ရှိလာတော့ မည်ဖြစ်သည်။

မောင်းနှင်အား

နယ်ချဲ့တို့အား    မြန်မာ့မြေပေါ်မှ           မောင်းထုတ်ပြီးနောက်   လွတ်လပ်ရေး ရရှိအောင် ဆောင်ကြဉ်းနိုင်ခဲ့သော်လည်း ကိုလိုနီအမွေဆိုးများကမူ   ကျန်ခဲ့သည်။         တိုင်းရင်းသားညီအစ်ကိုများအကြား စိတ်ဝမ်း ကွဲပြီး တစ်ဦးနှင့်တစ်ဦး သံသယဝင်ကာ လက်နက်စွဲကိုင်ခဲ့ကြသည်။    အချို့သော          တိုင်းရင်းသားများသည် လက်ရှိအချိန်အထိ လက်နက်စွဲကိုင်နေဆဲပင်ဖြစ်သည်။ အကျိုး ဆက်အနေဖြင့် တစ်နိုင်ငံလုံးလွှမ်းခြုံသောငြိမ်းချမ်းရေးကို အပြည့်အဝ တည်ဆောက် နိုင်ခြင်းမရှိသေးဘဲ အချို့သောဒေသများ တွင် သေနတ်သံများကြားနေရဆဲပင်ဖြစ် သည်။ ဝမ်းနည်းဖွယ်ရာပင်ဖြစ်သည်။

အမှန်စင်စစ်မှာမူ လက်နက်စွဲကိုင် တောင်းဆိုမှုများသည်   အကျိုးမရှိသော လုပ်ရပ်များပင်ဖြစ်သည်။   တိုင်းရင်းသား ညီအစ်ကိုများအကြား တစ်ဦးနှင့် တစ်ဦးယုံကြည်မှုတည်ဆောက်ကြရမည်ဖြစ်သည်။ ယုံကြည်မှုတည်ဆောက်သည် ဆိုရာတွင် ဦးစွာ မိမိကိုယ်ကိုယ် ယုံကြည်မှု စတင်တည် ဆောက်ရမည်ဖြစ်သည်။  သတ္တိမွေးကြရ မည်ဖြစ်သည်။    

မိမိကိုယ်ကိုယ်   ယုံကြည်မှုရှိနေမှသာလျှင်        တစ်ဖက်သားအပေါ် ယုံကြည်နိုင်မည်ဖြစ် သည်။

တိုင်းရင်းသားစည်းလုံးညီညွတ်မှုသည်        နိုင်ငံတစ်နိုင်ငံ   အေးချမ်းတည်ငြိမ်မှုနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲနေ စေရန်အတွက် အသက်တမျှအရေးပါလျက် ရှိသည်။ စည်းလုံးညီညွတ်မှုအင်အား ချည့်နဲ့ ယိုယွင်းလာသော နိုင်ငံသည် အဘက်ဘက် မှ အနုတ်လက္ခဏာဆောင်လာမည်ဖြစ်သည်။ ထို့ပြင်  စည်းလုံးညီညွတ်မှု ပြိုကွဲလျှင် နိုင်ငံလည်း အစိတ်စိတ်အမြွှမြွှာပြိုကွဲသွားနိုင်ပေသည်။    မည်သို့ပင်ဆိုစေကာမူ တိုင်ရင်းသား  စည်းလုံးညီညွတ်ရေးသည်           နိုင်ငံတစ်နိုင်ငံ တိုးတက်ရေးအတွက် မောင်းနှင် အား  တစ်ရပ်ပင်ဖြစ်သည်။  ထို့ကြောင့် တိုင်းရင်းသားညီအစ်ကိုများအကြား သံသယ များဖယ်ရှားကာ ထာဝရငြိမ်းချမ်းရေးရရှိ အောင် တည်ဆောက်သွားရန်လိုအပ်နေမည် ဖြစ်သည်။ ငြိမ်းချမ်းရေးမရရှိသေးသည့် ပြည်နယ်များရှိ ဒေသခံပြည်သူများသည် ရည်ရွယ်ချက်မဲ့သော စစ်ပွဲများကို စိတ်ကုန် မုန်းတီးနေကြပြီဖြစ်သည်။

စည်းလုံးခြင်းသည်အင်အား

လွတ်လပ်ရေးဗိသုကာ    ဗိုလ်ချုပ် အောင်ဆန်းသည် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးနှင့် တိုင်းပြည်တည်ဆောက်ရေး တို့တွင် စုပေါင်းအားဖြင့် ကြိုးပမ်းအားထုတ် ရေးအတွက် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက် ညက ပင်လုံမြို့၌  ပြုလုပ်သည့် စော်ဘွားများထမင်းစားပွဲတွင် မြွက်ကြားခဲ့ သည့်အချက်များအနက်မှ       အချို့ကို ကောက်နုတ်ဖော်ပြရလျှင် ''တစ်တိုင်းပြည်လုံး ကြီးပွားတိုးတက်စေချင်ရင် လူအား၊ ငွေအား၊ ပစ္စည်းအားနဲ့ ပူးပေါင်းပြီး အင်တိုက်အားတိုက် လုပ်နိုင်မှ အကျိုးခံစားခွင့်ရှိကြမှာပဲ၊ ဗမာက တစ်မျိုး၊ ကရင်ကတစ်ဖုံ၊ ကချင်၊  ချင်းတို့က တခြား အကွဲကွဲအပြားပြား လုပ်နေကြရင် အကျိုးရှိမှာ မဟုတ်ဘူး၊ စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်မယ်''ဟု  တိုက်တွန်းပြောကြား ခဲ့သည်။

တိုင်းရင်းသား   ညီအစ်ကိုများအကြား အပြန်အလှန်နားလည်ခွင့်လွှတ်မှု၊ ယုံကြည်မှု တို့ကို အခြေခံလျက် စည်းလုံးညီညွတ်မှုကို တည်ဆောက်သွားကြရမည်   ဖြစ်သည်။ တိုင်းပြည်အတွင်း ငြိမ်းချမ်းရေး တစ်ရက် စောပြီး တည်ဆောက်နိုင်လျှင် ပြည်သူများ အတွက် တစ်ရက်စောပြီး အကျိုးရှိမည် ဖြစ်သည်။  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည်        မြန်ဆန်လေ ကောင်းမွန်လေပင်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ     တိုင်းရင်းသား ညီအစ်ကိုများအကြား ၁၉၄၇ ခုနှစ်က ပင်လုံ တွင် တည်ဆောက်ခဲ့သောစည်းလုံးညီညွတ်မှုမျိုး၊ နားလည်ယုံကြည်မှုပုံစံမျိုးကို ပြန်လည် ရရှိအောင် တည်ဆောက်သွားသင့်ပါသည်။ စည်းလုံးခြင်းသည်   ခွန်အားပင် မဟုတ်ပါ လား။

ခြုံ၍တင်ပြရလျှင် တိုင်းရင်းသားညီအစ်ကို များသည် လွန်ခဲ့သော (၇၁)နှစ်က ပင်လုံမြို့ ကလေးတွင် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို  ပြသနိုင်ခဲ့သည်။  အမှန်စင်စစ်မှာမူ လွတ်လပ်ရေးအတွက် များစွာအရေးပါသော ပင်လုံစာချုပ်ကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ချုပ်ဆိုနိုင်ခဲ့သည်။ တိုင်းရင်း သား   ညီအစ်ကိုများသည်   ထိုနေ့ကို ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။ ပြည်ထောင်စုကြီးအတွင်း ရှေးနှစ်ပေါင်းများစွာ ကတည်းကပင် တစ်မြေတည်းနေ၊ တစ်ရေ တည်း သောက်၊ မရှိအတူ ရှိအတူ၊ အေးအတူ ပူအမျှ အတူတကွ    နေထိုင်ခဲ့ကြသည့် တိုင်းရင်းသားညီအစ်ကိုများ၏ စည်းလုံးညီညွတ် မှုကို သက်သေထူခဲ့သော နေ့ထူးနေ့မြတ်ပင်ဖြစ် သည်။ နှစ်စဉ် ထိုနေ့ ထိုရက်ရောက်ရှိချိန်တွင် နိုင်ငံတစ်ဝန်း၌   ပြည်ထောင်စုနေ့အခမ်း အနားများကို   အနှစ်သာရပြည့်ဝစွာဖြင့် ကျင်းပကြသည်။   စည်းလုံးညီညွတ်မှု၏အနှစ်သာရကို မျိုးဆက်သစ်များ သိရှိ တန်ဖိုးထားတတ်စေရန်ဖြစ်သည်။ မည်သို့ ပင်ဆိုစေကာမူ  တိုင်းရင်းသားညီအစ်ကိုများ အကြား   ပင်လုံတွင်  သက်သေထူခဲ့သော တိုင်းရင်းသား   စည်းလုံးညီညွတ်မှုကြီး ထာဝစဉ်ရှင်သန်နေအောင်   ထိန်းသိမ်း တည်ဆောက်သွားနိုင်ကြပါစေ။    ။
မောင်သောင်းဝင်း(တမန်ဟောင်း)​ကြေးမှုံ

No comments:

Post a Comment