''ရော့...အမေ... ဒါက အမေ့ အတွက် ကြေးအိုး...ပူတုန်းလေးစားလိုက်''
''အို...တိုက်ဆိုင်လိုက်တာဟယ်... အမေလည်း ခံတွင်းတွေပျက်ပြီး ထမင်းစား ချင်စိတ်မရှိဖြစ်နေတာနဲ့ အတော်ပဲ...အလိုက်သိလိုက်တဲ့ အမေ့သမီး''
''အလိုက်သိတာက သမီးမဟုတ်ဘူး အမေရဲ့...အမေ့သမက်လောင်း''
''ဟေ...ဘယ်တစ်ယောက်လဲဟဲ့''
''အသားဖြူဖြူ၊ အရပ်အနေတော်နဲ့တစ် ယောက်လေ အမေ''
''သြော်... မသိတော့ပါဘူးဟယ်။ ညည်းတွဲနေတဲ့လူတွေကို အမေတောင် သိပ် မမှတ်မိချင်တော့ဘူး၊ ကိစ္စတော့မရှိပါဘူး ဟယ်...ရှေးပညာရှိတွေက ရည်းစားတစ် ထောင်၊ လင်ကောင်တစ်ယောက်လို့တောင် ပြောသွားခဲ့သေးတာပဲအေ၊ ကိုယ့်ဘဝ တစ်သက်လုံးလက်တွဲရမယ့် လူပဲအေ... တစ်ယောက်တွေ့၊ တစ်ယောက်ကြိုက်၊ ဒီတစ် ယောက်ကိုပဲ ယူရမယ်ဆိုတော့ ဘယ့်နှယ် လူကောင်းသူကောင်းကို ရွေးယူနိုင်ဦးမှာလဲ ကွယ်...နော်''
တစ်ဖက်ခန်းကစကားသံတွေက သူ့နား ထဲ ပီပီသသနဲ့ အလုံးအရင်းဝင်နေတယ်။ ပြောနေတဲ့သူတွေတော့မသိ၊ နားမထောင်ဘဲ နားထဲအလိုလိုကြားနေရတဲ့သူတောင် သူတို့ အစားရှက်မိတယ်။ အမေနဲ့သမီး ဆုံးမ သြဝါဒပေးနေတဲ့စကားတွေက သူ့အတွက် သံဝေဂရစရာလည်း ကောင်းနေတယ်။ သူနဲ့ ခပ်လှမ်းလှမ်းမှာ တီဗွီထိုင်ကြည့်နေတဲ့ ၁၃ နှစ် အရွယ်သူ့သမီးကို မသိမသာ မျက်စပစ်ကြည့် လိုက်မိတယ်။ ဒီစကားတွေကို သမီးလေးများ ကြားသွားပြီလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ပေါ့။ကံကောင်းထောက်မစွာနဲ့ သမီးလေးက တီဗွီ ကလာတဲ့ ဇာတ်လမ်းကိုပဲ စိတ်ရောက်နေ တယ်။ ဇနီးသည်ကတော့ ဆယ်နှစ်အရွယ် သားလေးကို ရင်ခွင်ထဲထည့်ထားပြီး သူ့ဘေး နားမှာ တီဗွီထိုင်ကြည့်နေတယ်။ သူလည်း ဒီစကားတွေကိုကြားနေပုံရတယ်။ မျက်နှာက စိတ်မသက်သာပုံပေါ်နေတယ်။ တီဗွီက အသံကို နည်းနည်းထပ်မြှင့်လိုက်တယ်။ ဇနီး က သူ့မျက်နှာကိုလှမ်းကြည့်တယ်။
''မကြားချင်တဲ့စကားတွေ မကြားရအောင် လို့ပါကွာ''
သူနားလည်သလိုနဲ့ မျက်နှာပြန်လွှဲသွား တယ်။ တီဗွီအသံကြောင့် နံရံတစ်ချပ်သာ ခြားတဲ့ ဟိုဘက်အခန်းက စကားတွေကနားထဲ တိုက်ရိုက်မဝင်နိုင်တော့။ ဒါပေမဲ့...
''အမေတို့ သင်တန်းတွေနောက်မှ ပို့ချ...အငယ်မ...ငါ့အတွက်ရော ဘာမှ မပါဘူးလား''ဆိုတဲ့ ကလေးမလေးရဲ့ အစ်ကို့ အသံကိုကြားဖြစ်အောင် ကြားလိုက်ရသေး တယ်။
''ဟာ...ကိုကြီးကလည်း...ဒီ တစ် ယောက်က အရင်လူတွေလောက် အိတ်မ ဖောင်းပါဘူးဆို''
''ဟ....အာ့ဆို ဖွတ်ကျားကို သိက္ခာ အကျခံတွဲမနေနဲ့လေဟာ..ဘာလဲဟ''
''ဖွတ်ကျားလို့လည်းမဟုတ်ပါဘူးကိုကြီး ရ...သူကငွေမပေါပေမယ့် မဆိုးပါဘူး''
''အေးဟေ့... ဒါရှိတယ်ဆိုလည်း အပိုင်ဖမ်းတော့လေ။ ချိန်နေ..ဆနေရင်းနဲ့ ခွင်ကောင်းလွတ်သွားဦးမယ်''
''စိတ်ချ ကိုကြီးရေ... ဒီတစ်ခါတော့ အမိပဲ''
ယုံကြည်မှုအပြည့်နဲ့တက်ကြွနေတဲ့အသံ။ သူ့မျက်လုံးတွေက ဇနီးသည်ရင်ခွင်ထဲက သားငယ်လေးကို အမှတ်မထင်စိုးရိမ်မကင်းတဲ့ စိတ်နဲ့ကြည့်လိုက်မိသေးတယ်။ သူတို့ရပ်ကွက် ထဲ ဒေါ်သက်သက်မွန်တို့သားအမိ သုံး ယောက်ကို မသိတဲ့လူရှားတယ်။ ဒါ့အပြင် အသက်နှစ်ဆယ်ကျော်အရွယ် ''ရည်မွန်စိုး'' ဆိုတဲ့ သမီးချောချောတစ်ယောက်ကို ပိုင်ဆိုင် ထားတဲ့အပြင် အလုပ်မရှိအကိုင်မရှိ အချိန် တိုင်း သောက်စားမူးရစ်ချင်နေတဲ့ ''စိုးမိုးကျော်'' ဆိုတဲ့ သားဆိုးတစ်ယောက် ပါရှိလို့လည်း ရပ်ကွက်ထဲလူသိပိုများတယ်။
ဒေါ်သက်သက်မွန်ရဲ့ ယောက်ျား ဦးမောင်နိုင်ကတော့ ဆုံးသွားတာငါးနှစ် လောက်ရှိခဲ့ပြီ။ သူတို့ဒီရပ်ကွက်ကိုပြောင်းလာ ပြီး နှစ်လလောက်မှာဆုံးသွားတာပင်။ ဦးမောင် နိုင် ရှိကတည်းက ဒေါ်သက်သက်မွန်က ဈေးထဲက အထည်တွေကိုယူပြီး ရပ်ကွက်ထဲ ရက်ပြန်ပေးစနစ်နဲ့ ပြန်ရောင်းစားတယ်။ ဒီလောက်စီးပွားရေးလေးနဲ့ ဒီလိုဟန်မပျက်နေ နိုင်ဖို့မလွယ်ပေမယ့် ဒေါ်သက်သက်မွန်တို့ကဒေါင်ဒေါင်မြည်ပဲလေ။ သားအကြီးက အားမ ကိုးရပေမယ့် သမီးအငယ်ကတော့ အိမ်စရိတ် ကို ပြန်ထောက်မနိုင်တဲ့အထိ အားကိုးရ တယ်လေ။ ရည်မွန်စိုးက ဆယ်တန်းတောင် မအောင်ပေမယ့် ဆွေရိပ်မျိုးရိပ်မကင်းသူ တစ်ယောက်ရဲ့ စတိုးဆိုင်တစ်ဆိုင်မှာ အရောင်း စာရေးဝင်လုပ်နေတယ်။ ရုပ်ရည်လေးက လှတပတ၊ ကိုယ်ပုံလက်လှမ်းက ကြွကြွရွရွ ဆိုတော့ ရပ်ကွက်ထဲက ကာလသားတွေ သာမက၊ တစ်ယောက်စကား တစ်ယောက် နားကြားရတဲ့သူတွေပါ လာပိုးပန်းနေကြတာ တွေရှိတယ်။ အဲဒီလိုလာပိုးပန်းသူတွေကိုလည်း ''မကြိုက်ရင်မကြိုက်ဘူး၊ မချစ်ရင်မချစ်ဘူး''ပြတ်ပြတ်သားသားမကိုင်တွယ်ဘဲြေ>ွမမသေ၊ တုတ်မကျိုး ဒီဇိုင်းနဲ့ ကြိုးရှည်ရှည်လှန်ထားပြီး ရသမျှချူစားတတ်တယ်။ တချို့ကောင်လေး တွေက မေတ္တာစစ်၊ မေတ္တာမှန်နဲ့လာချဉ်းကပ် တာတွေလည်း ရှိသလို၊ တချို့တွေကလည်း ရှုပ်တယ်၊ ပွေတယ်ဆိုတဲ့ နာမည်ကြောင့် လက် တည့်စမ်းချင်ယုံသက်သက် အသုံးချသွားသူ တွေလည်းရှိတယ်။
ဘာပဲဖြစ်ဖြစ် ကလေးမလေးကတော့ တစ်ရယူ၊ တစ်မှီနှိုက်ကာ သူ့ဘဝကိုသူ အပျက်ဘက်ကိုရောက်နေမှန်းမသိဘဲ အကျေ နပ်ကြီး ကျေနပ်နေတော့တယ်။ ဆန်းပေ့ ဟော့ပေ့ဆိုတဲ့ အဝတ်အစားအဆန်းအပြား အကုန်ကိုယ်ပေါ်တင်ကာ နောင်ရေးအတွက် လုံးဝမတွေးဘဲ ဘဝကိုပေါ့ပေါ့နေ၊ ပေါ့ပေါ့စား ပဲ ဖြတ်သန်းနေတော့တယ်။
အမေဖြစ်သူနဲ့ အစ်ကိုကလည်း ဒီလို လုပ်နေတာသိရက်နဲ့တားမယ်၊ ဆီးမယ်၊ ဆုံးမ မယ်မရှိ။ သူတို့ပါစားနေ၊ သောက်နေရတော့ ဘေးကနေ အားပေးအားမြှောက်ပြုပြီး သူတို့ သမီး၊ သူတို့ညီမ ရည်းစားများတာကိုပဲ ချောလို့၊ လှလို့ ချစ်တဲ့၊ ကြိုက်တဲ့သူပေါတာပါလို့ ကြံဖန်ဂုဏ်ယူနေသေးတာ။ တစ်ခါတလေ များဆို ညဆယ်နာရီ၊ ဆယ့်တစ်နာရီမှ ဆိုင်ကယ်တွေနဲ့ ပြန်လာပို့တဲ့အခါတွေကရှိ သေး။ ဒါလည်း အမေနဲ့အစ်ကိုက စိတ်ပူပြီး ဆူမယ်၊ ပူမယ်မရှိဘဲ သူတို့ကပါဝမ်းသာ အားရနဲ့ ထွက်ကြိုနေကြသေးတယ်။
ငါးစာကိုပဲမြင်ပြီး၊ ငါးမျှားချိတ်ကိုမမြင်တဲ့ သူတို့သားအမိကို ပတ်ဝန်းကျင်ကစေတနာနဲ့ သတိပေးချင်ပေမယ့် ''ငါတို့ဘာသာ ဘာဖြစ် ဖြစ် နင်တို့အပူတစ်ပြားသားမှမပါဘူး''ဆိုတဲ့ ဒေါ်သက်သက်မွန်ရဲ့ လက်ခမောင်းခတ်ြေ<ွကးကြော်သံနဲ့ မူးလာတိုင်း မျက်စိရှေ့မှာ တွေ့သမျှလူကို ရန်ရှာတတ်တဲ့သားငမူးတို့ ကြောင့် အားလုံးက ရေငုံနှုတ်ပိတ်ပြီး ကိုယ်နဲ့ မဆိုင်သလို ခပ်ဆိတ်ဆိတ်ပဲနေဖြစ်ကြတော့ တယ်။
အဝေးပြေးကား အဝင်အထွက်၊ ပစ္စည်း အတင်အချတွေကိုကြီးကြပ်ရတဲ့အလုပ်လုပ်တဲ့ သူ့အတွက် သီးသန့်လေးလည်းဖြစ်၊ ဈေးနှုန်းလည်းသင့်တင့်တဲ့ လုံးချင်းအိမ်လေး မျိုးကို လိုက်ရှာရင်းနဲ့ အခုလို ဒေါ်သက်သက် မွန်တို့မိသားစုနဲ့ တစ်မိုးအောက်မှာစပ်တူ နေရဖို့အကြောင်း ဖန်လာတာပါ။ ကလေးငယ် ငယ်လေးတွေမရှိလို့ ဆူညံပူညံမရှိပေမယ့် စိုးမိုးကျော်မူးလာရင်တော့ သားအမိတစ်တွေ စကားတွေ အော်ကျယ်အော်ကျယ် ပြောပြီး ရန်ဖြစ်ကြတာတော့ရှိတယ်။
သူတို့နဲ့ နံရံတစ်ချပ်ပဲ ခြားထားပေမယ့် အဆက်အဆံက မရှိသလောက်ပင်။ သူ့ဇနီး နဲ့ကတော့ မျက်နှာချင်းဆိုင်တွေ့ရင်ပြုံးပြ၊ မေးထူးခေါ်ပြော အဆင့်လောက်တော့ရှိကြ တယ်။ သူက ရောရောနှောနှော မနေဖို့ သီးသန့်မှာမထားပေမယ့် ရှုပ်ရှုပ်ယှက်ယှက်မနေတတ်တဲ့သူ့အကြောင်းကို သိနေတာက တစ်ကြောင်း၊ စရိုက်ချင်းကလုံးဝမတူတာက တစ်ကြောင်းကြော့င်လည်းပါတယ်။ မိုးလင်း တာနဲ့ အိမ်ကထွက်ပြီးအလုပ်သွားရကာ ညမိုး ချုပ်မှပြန်လာရတဲ့ သူနဲ့ကတော့ဆုံဖို့က သိပ်မ ရှိ။ အဲ့လိုဆုံစရာမရှိဘဲ ကင်းကင်းရှင်းရှင်းနေရ အောင်ပဲ လျှပ်စစ်မီတာကို တစ်ခုစီ၊ ရေမီတာ ကိုလည်း တစ်ခုစီ သီးသန့်ခွဲထားလိုက်တယ်။ သူစိတ်ပူတာက သူ့သမီးကြီး။ သမီးကြီးက ၁၃ နှစ်ကျော်ကျော်ဆိုတော့ ကြီးကောင်လေး နည်းနည်းပေါက်လာပြီ။ အတုမြင်အတတ် သင်တတ်နေပြီ။ ရည်မွန်စိုးက အတိုအပြတ် တွေဝတ်ပြီးထွက်လာရင် မျက်စိတဆုံး ငေးကြည့်တတ်နေပြီ။
ဒီလိုအခါတွေဆို သူ့မှာ ဇနီးသည်ကို မသိမသာ လက်တို့ပြပြီး အတုမယူသင့်တာ တွေကို အတုမယူဖို့ သမီးကိုဆုံးမခိုင်းရတာ အမော။ တော်ကြာ ပုရိသတွေ တရုံးရုံးနဲ့ ပျော်မဆုံးဖြစ်နေတာကို ကလေးအတွေးလေး နဲ့အားကျစိတ်ဝင်သွားမှာသူတွေးပူတယ်။
ဘာပဲဖြစ်ဖြစ် ဒီတစ်မိုးကုန်အောင်ပဲ အောင့်အည်းနေပြီး နွေရောက်လို့အလုပ်အကိုင် ပွင့်လန်းလာတာနဲ့ အိမ်ပြောင်းဖို့အတွက် ဦးစားပေးအနေနဲ့ စီစဉ်ရတော့မယ်။
သူတန်ဖိုးထား ပျိုးထောင်ထားရတဲ့ သူ့သားသမီးတွေကို မုဆိုးနားနီးမုဆိုး၊ တံငါ နားနီး တံငါအဖြစ်မျိုးတော့ သူလုံးဝအဖြစ်မခံ နိုင်ပါ။
''ဒါကဘယ်လိုဖြစ်ရတာလဲ...နင်ပြော တော့ အချဉ်ကောင်ပါဆို၊ နင်ဖမ်းချင်တဲ့အချိန် ထဖမ်းလို့ရပါတယ်ဆို၊ ခုတော့ နင့်ကို ဟို အကောင်က ကွက်ကျော်ချသွားပြီ မဟုတ် လား''
နွေရာသီရဲ့ အပူကြောင့် ချွေးတဒီးဒီကျ အိပ်မရဖြစ်နေတဲ့အထဲ ဟိုသားအမိတွေရဲ့ ဗလုံးဗထွေးစကားသံတွေကပါ ထပ်နှိပ်စက်နေ တယ်။ အတတ်နိုင်ဆုံးအသံကိုနှိမ့်ပြီးပြောနေ ကြပေမယ့် အခန်းကကပ်လျက်ဆိုတော့ အနား လာထိုင်ပြီးပြောနေသလိုဖြစ်နေတယ်။ဘေးက ဇနီးနဲ့သားလေးကတော့ အိပ်မောကျနေပြီ။ ဒီတစ်ခါစကားတွေက အရင်တစ်ခေါက်တွေ ကလို စားရသောက်ရတာတွေကို စွာကျယ် စွာကျယ်ြ<ွကားနေသံနဲ့မတူ။ တိုးတိုးသာသာနဲ့ ပြဿနာတစ်ခုကို ကြိတ်ရှင်းနေကြသလို ဖြစ်နေတယ်။
ကလေးမလေးရဲ့အမေနဲ့အစ်ကိုကို ကြည့် မရပေမယ့် ကောင်းစွာအဆုံးမ၊ အသွန်သင် မခံရဘဲ လမ်းလွဲနေတဲ့ ကလေးမလေးကိုတော့ သားသမီးချင်း စာနာစိတ်နဲ့ ကရုဏာသက်မိ ပါတယ်။ ဒါကြောင့် ဘာပြဿနာလဲ သိချင် စိတ်နဲ့ နားကိုပိုပိုသာသာလေးစွင့်ထားလိုက် မိတယ်။ ညက တစ်နာရီထိုးတိုင်းထခေါက်နေ တဲ့ မီးကင်းခေါက်သံမှတစ်ပါး တိတ်ဆိတ်ငြိမ် သက်နေတယ်။
''စကားကို တိုးတိုးပြောစမ်းပါ သား ရယ်...မင်းညီမကိုအမေမေးပါဦးမယ်''
မူးမူးနဲ့အရစ်ရှည်နေတဲ့အကြီးကောင်ကို ဒေါ်သက်သက်မွန်က ဟန့်လိုက်သံကြားတယ်။ငမူးအသံတိတ်သွားတယ်။
''အဲ့ကောင်လေးကဘယ်ကလဲသမီး...''
''သမီးလည်း အတိအကျမသိဘူး အမေ။ဆိုင်မှာလာဝယ်ရင်းနဲ့ သမီးကို သဘောကျ တယ်လို့ပြောတာပဲ၊ ရုပ်ရှိ ရေလျှံပုံပေါက်နေ တော့ သမီးကလည်း အလိုက်သင့်ဆက်ဆံမိခဲ့ တာပေါ့၊ သူကလည်း သူ့မိဘတွေနဲ့ပါ မိတ် ဆက်ပေးမယ်၊ သမီးကိုပဲအတည်ယူပါ့မယ်လို့ အာမခံနေတော့ ယုံလိုက်တာ အမှားကြီးမှား တာပဲ အမေရယ်''
ခေါင်းကခေါင်းအုံးနဲ့ ကွာသွားတဲ့အထိ သူထိတ်လန့်သွားတယ်။ ဒါဆို...ဒါဆို...ကလေးမလေးက...။ သူဆက်မတွေးရဲ တော့ဘဲ ရင်ထဲကတုန်ကယင်ဖြစ်လာတယ်။
''တောက်...ငါကွာ... အဲ့ဒီ စားပြီး နားမလည်ကောင်ကို ငါနဲ့မတွေ့စေနဲ့၊ တွေ့ တာနဲ့ ငါသတ်မိမယ်''
အံကြိတ်ပြီး ကြုံးဝါးသံကိုထပ်ကြားရ တယ်။ စားတုန်း၊ သောက်တုန်းကပျော်ပျော်ကြီး စားထားကြပြီး သူတို့ထက်လည်တဲ့လူလည်နဲ့ တွေ့တော့ ကြိတ်မနိုင်ခဲမရခံနေကြရပြီပေါ့။
''ကဲ...ဖြစ်ပြီးမှတော့ ဘာတတ်နိုင် တော့မှာလဲ၊ ကြိုတင်ကာကွယ်စရာရှိတာတွေပဲ ကာကွယ်ရတော့မှာပဲ၊ ညည်းဆေးတွေ ဘာတွေသုံးထားရဲ့လား''
''ဟုတ်...သုံးထားတယ် အမေ၊ တကယ်လို့ အကောင်အထည်ပေါ်လာခဲ့ရင် လည်း ဖျက်ချပေးတဲ့နေရာကို သမီးသူငယ်ချင်း ကသိတယ်တဲ့အမေ၊ စိတ်ပူစရာတော့ မရှိပါဘူး''
''အေး...ကောင်းတယ်၊ ဘာမှလွမ်းနေ စရာမရှိဘူး၊ အဲဒီလို ပြတ်ပြတ်သားသား လုပ်ပစ်ရမယ်''
ဘုရား...ဘုရား။ ကိုယ့်မိုက်ပြစ်ကြောင့် ရလာတဲ့ သနားစရာ အသက်တစ်ချောင်းကို သွေးအေးအေးနဲ့ ဖျက်ချဖို့ပြောနေကြတာ။ သူအသက်ရှူတွေကျပ်လာတဲ့အထိ နှလုံးခုန် နှုန်းက မြန်လာတယ်။ အာခေါင်တွေ ခြောက်ကပ်ပြီး လည်ချောင်းတွေ တင်းကျပ် လာတယ်။
သမီး...သမီးလေး။ သူ့သမီးလေးများ ဒီစကားတွေကိုကြားသွားပြီလား။ အပျိုဖော် ဝင်စအရွယ်၊ သူ့သမီးငယ်ကို ဒီလိုစကားတွေ ကြားပြီး အတုယူမှားသွားမှာ သူစိတ်ပူလှတယ်။
အိပ်နေရာကနေထကာ သမီးလေး အိပ် နေတဲ့အခန်းဘက်မျက်နှာမူပြီး စိတ်မှာရည်စူး ဆုတောင်းမိတယ်။ ဘုရားသိကြားမလို့ သမီး လေးနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပါစေ။
မနောဖြူ(မြိတ်)ကြေးမှုံ
No comments:
Post a Comment