အခန်း (၁)
''ငါက နင်တို့ကို ပစ်မထားပါဘူးဟယ်၊ ငါ့အစ်မသားတွေ က ငါ့သားတွေပဲ၊ နင်တို့တွေ ဥမမည်စာမမြောက်တွေမို့ ငါပြောနေတာပါ၊ ဒါကို နင်တို့က ငါ့ကို ပြန်ပြောကြသေး တယ်၊ ငါ့ကို သတ်လိုက်ပါတော့ ကိုထိုက်ရေ၊ ငါ့ကို သတ်လိုက်ပါဟဲ့''
စကားပြောရင်း ဖောက်လာတဲ့ မေမေအေးရဲ့အသံက ညည်းညည်းတွားတွား။
''မေမေအေးကို သားတို့ ဘာပြန်ပြောလို့လဲ''
ကိုထိုက်က ပြန်မပြောတဲ့အကြောင်း ရှင်းပြတော့ ခံပြောလို့ဆိုပြီး မေမေအေး အော်ငိုပြန်တယ်။
''ငါ့ကို အဲဒီလို ပြန်ပြန်ပြောတာကိုက ပြန်ပြောတာပဲ၊ နင်တို့ ငါ့စကားကို နားမထောင်ဘူး၊ အီး...ဟီး...အီး...အစ်မရေ နင်ကတော့ စိတ်ချလက်ချကြီး ပစ်သွား ပြီပေါ့၊ ငါ့မှာတော့ ဒီကလေးတွေနဲ့ အီး…ဟင်း…ဟီး''
အမေ့ကို တလိုက်သေးတယ်။ မေမေအေးက သူ့ကို နည်းနည်းလောက် ပြန်ခံပြောမိရင်ပဲ ကိုထိုက်ကို ဆူတယ်။ ဒီလိုဆူပြီဆိုရင် ညီလေးလည်းရောပြီး အဆူခံရရော။ ဒါကြောင့် ညီလေး ငိုတယ်။ ညီလေးငိုတော့ ကိုထိုက်လည်း ဘယ်နေနိုင်တော့မလဲ။ ကိုထိုက်က အရွယ်ရောက်နေပြီမို့ မဆန်းပေမယ့် ညီလေးက ငယ်သေးတယ်။ အခုမှ ငါးတန်း။ ဝမ်းနည်းစရာကြုံရင် ဝမ်းနည်းတတ်တဲ့အရွယ် လေး။ ဒါကြောင့် တစ်ခါတလေ ညီလေးက ပြောရှာတယ်။
''ကိုကိုကြီး ညီလေး အဖေ့ဆီသွားနေချင်တယ်''
''သွားရတာပေါ့ ညီလေးရယ်၊ ကိုကိုကြီး စာမေးပွဲ ဖြေပြီးရင် ညီအစ်ကိုနှစ်ယောက် သွားနေကြမယ်လေ''
''ဟုတ် ကိုကိုကြီး''
ညီလေးက အဖေဘယ်နားနေနေ လိုက်ပြီး ကပ်နေချင် တဲ့သဘော။ အမေဆုံးတော့ ညီလေးက ကိုးနှစ်သားလေး။ကိုထိုက်ကတော့ ကိုးတန်းရောက်ပြီ။ ညီလေးက အမေ့ကို သတိရရင် အဖေ့ဆီသွားနေချင်တယ်ဆိုပြီး ပူဆာနေကျပါ။အခုလည်း မေမေအေးငိုပြောလို့ ဝမ်းနည်းသွားတယ် ထင်ပါ့။ ငိုနေရှာပြီ။ ဒီလိုပြောတိုင်းလည်း သွားခွင့်မရပါဘူး။ကိုထိုက်က ဆယ်တန်းဖြေမပြီးသေးသလို မေမေအေးရဲ့ သဘောက ရှိသေးတယ်။
''နင့်အဖေက နင်တို့ကို ပစ်ထားတော့တာ၊ ဒီလမ်းက ကားနဲ့အလျှိုလျှိုသွားနေတာတောင် မဝင်ဘူး၊ သူ့အဖေ ဆီလိုက်သွားရင် ကျွန်မတူလေးတွေ ကလေကချေ ဖြစ်ရ ချည်ရဲ့၊ တကယ်လည်း မထည့်နိုင်ပါဘူးတော်၊ ဒီကလေး တွေကို ကျွန်မရင်နဲ့ လွယ်မမွေးရုံပဲရှိတာ''
မေမေအေး ပြောတာလည်း မှန်သလောက်တော့ မှန်တယ်။ အဖေလည်း ကိုထိုက်တို့ကို လာမတွေ့တာတောင် အတော်ကြာနေပြီကိုး။ အဖေက ကားသမားဆိုတော့ အိမ်ကပ်ရတယ်မရှိဘူးလို့ပဲ ကိုထိုက်ကတော့ တွေးလိုက် ပါတယ်။ အဖေမရှိလည်း မေမေအေး ရှိနေတာပဲ။ မေမေ အေးရှိရင် အားလုံးပြည့်စုံနေသလို။ မေမေအေးက အမေ့ ညီမအရင်းပါ။ အမေ သွေးတိုးလေဖြတ်ပြီး ရုတ်တရက် ဆုံးသွားတော့ အားကိုးစရာဆိုလို့ မေမေအေးပဲရှိတယ်။မေမေအေးကလည်း သားတွေ၊သမီးတွေနဲ့ဆိုတော့ အဆင် ပြေတယ်တော့ ဘယ်ဟုတ်မလဲ။ ကိုထိုက်တို့ မေမေအေးရဲ့ အုပ်ထိန်းမှုအောက်မှာပဲ လုံခြုံပါတယ်။ အဖေနဲ့တော့ နေချင်တာပေါ့။ ဒါပေမဲ့ အဖေက စာမလာသတင်းမကြား ဆိုတော့ အဖေ့ကိုလည်း မယုံရဲသေးဘူး။
အခန်း(၂)
''မေမေအေး သားကို ကျူရှင်လခပေးဦး''
''ဟင် နင့်ကျူရှင်လခကလည်း တောင်းမဆုံးဘူး၊ ဒီတစ်လမပေးနိုင်သေးဘူး၊ တကတည်း လူတွေမှ အဆင် မပြေပါဘူးဆို တကတဲ''
မေမေအေးစကားကြောင့် ကိုထိုက်မျက်နှာလေး ငယ်သွားရှာတယ်။ မေမေအေး တစ်ခုခုကို မကျေနပ်ပြီး စိတ်ရှုပ်နေပုံပေါက်တယ်။ ဒီလိုအချိန်ဆို မေမေအေး တုတ်ထိုးအိုးပေါက် ပြောတတ်တာ ကိုထိုက်အသိဆုံး။တစ်လောက ညီလေး ကျူရှင်လခတောင်းတုန်းကလည်း မေမေအေးပြောသံ ကြားဖူးတယ်။
''နင့်အဖေကဆို လာလည်းမလာဘူး၊ ဘာမှလည်း လာမပေးဘူး၊ အစစအရာရာ ငါ့တာဝန်တွေချည်းပါလား နော်၊ ရော့ ဒါအကုန်ပဲ၊ ငါ့သားသမီးတွေအတွက်လည်း ပေးရသေးတာ''
အခုလည်း ကိုထိုက် မေမေအေးရဲ့ အရိပ်အခြည်ကို မကြည့်ဘဲပြောလိုက်တော့ ဆူသံပူသံကလွဲလို့ ဘာမှမရ။ ဒါပေမဲ့ ကိုထိုက်တို့ မေမေအေးကို ကျေးဇူးတင်ရမယ်။ဘာလို့လဲဆိုတော့ ကိုထိုက်တို့ညီအစ်ကိုကို အများနဲ့တန်းတူ ကြိုးစားပြီး ထားပေးရှာတယ်။ တစ်ခါတစ်ခါ မေမေအေး ဖောက်လာရင်တော့ ကိုထိုက်တို့ ကြောက်ရုံကလွဲလို့ပေါ့။မေမေအေးရဲ့ယောက်ျား ဦးကျောက်ခဲကလည်း သဘော ကောင်းတော့ ကိုထိုက်တို့အတွက် ပိုပြီးအဆင်ပြေတယ်။ဦးကျောက်ခဲက ကိုထိုက်တို့ကို ချစ်ရှာတယ်။
''ကလေးတွေ သနားပါတယ် မအေးရယ်၊ အငယ်လေး ကဆို ဘာမှသိသေးတာမဟုတ်ဘူး''
ကိုထိုက်တို့အပေါ် ကရုဏာသက်တဲ့ ဦးကျောက်ခဲကို ကိုထိုက်တို့ကလည်း ချစ်ကြတယ်။ ကိုထိုက်တို့မှာ မေမေ အေးရဲ့ ဆူသံပူသံမကြားရရင် အေးအေးချမ်းချမ်းပဲ။ဦးကျောက်ခဲက ကိုထိုက်တို့ ဘာလုပ်လုပ် ဘာမှပြောတဲ့လူမှ မဟုတ်တာ။ တစ်ခါတစ်ခါ မေမေအေး မသိအောင် မုန့်ဖိုးတောင်ပေးသေးတာ။ ဦးကျောက်ခဲက ကိုထိုက်တို့ကို နှုတ်ကယ်စောင်မ လက်ကယ်စောင်မလည်းရှိတယ်။
''မင်းတို့လေးတွေ ငါတို့ မဆုံးမလို့ ဘယ်သူဆုံးမမလဲ''
အမေတို့ ညီအစ်ကို မောင်နှမတွေထဲမှာ အမေပြီးရင် မေမေအေးက အကြီးဆုံး။ ဒါကြောင့် အမေဆုံးပြီးတော့ ကိုထိုက်တို့ရဲ့ နေရေး၊ ဝတ်ရေး၊ စားရေးနဲ့ ကျောင်းစရိတ် တွေက မေမေအေးရဲ့တာဝန်တွေ ဖြစ်လာတယ်။ အဖေက တစ်ကောင်ကြွက်တစ်မျက်နှာ။ အခုဆို အဖေက ကိုထိုက် တို့ကို လှည့်မကြည့်သလိုတောင် ဖြစ်နေပြီ။ အဖေမရှိပေ မယ့် မေမေအေးရှိတယ်။ ဒါပေမဲ့ မေမေအေးက သူ့သား သမီးတွေလောက်တော့ နေရာတော့မပေးဘူး။ ကိုထိုက် တို့က သူ့သားသမီးတွေနဲ့ယှဉ်ရင် ဒုတိယနေရာကပဲဆိုတာ ကိုထိုက်သတိထားမိတယ်။ ဒါကလည်း ဖြစ်နိုင်ပါတယ်။မေမေအေးနဲ့ ကိုထိုက်တို့က တူဝရီးတွေပဲလေ။
အခန်း(၃)
''ကိုကျောက်ခဲရယ် ကျွန်မတော့ စိတ်ညစ်တော့တာ ပဲတော်၊ ဒီကလေးတွေက ကျွန်မတာဝန်တွေတော့၊ ရှင်စဉ်းစားကြည့်၊ အခုကြည့်လေ၊ ကိုစံအောင် ကလေးတွေ ကို လာတောင်မတွေ့တော့ဘူး''
မေမေအေးက ဘေးဘီကို အကဲခတ်ကြည့်ပြီး ပြောလိုက်တယ်။ ဦးကျောက်ခဲက ရေနွေးကြမ်းသောက်ရင်း ခပ်တိုးတိုးလေးပြန်ပြောတယ်။
''အင်း ဟုတ်တော့ ဟုတ်သား''
မေမေအေးတစ်ခုခုကို သတိရဟန်နဲ့ ထပ်ပြောလိုက် ပြန်တယ်။
''ကျွန်မပြောဦးမယ်၊ အခု ကိုစံအောင်က မိန်းမ တောင် ယူမယ်ကြားတယ်တော့''
ဦးကျောက်ခဲ ဒီစကားကြောင့် ပျာပျာသလဲဖြစ်သွား ပြန်တယ်။
''အင်း ဒါဆို တို့ဆီက သူ့နွားတွေ၊ ငွေတွေတော့ တို့ပြန်ပေးရတော့မှာပေါ့''
အမေမဆုံးခင်က မေမေအေးတို့ကို အမေချေးငှား ပေးထားတဲ့ ငွေနဲ့ နွားတွေက အများကြီးကိုး။
''တော့်နှယ် ဒုံးဝေးပါ့တော်၊ ဘာလို့ပြန်ပေးမှာလဲ၊ လာယူကြည့်ပါ့လား၊ ကျွန်မပါးစပ်နဲ့ တွေ့သွားမှာပေါ့၊ ဒါတွေမပေးချင်လို့ ကျွန်မတူတွေကို မွေးနေတာတော့...နို့မို့ဆို...''
မေမေအေးရဲ့စကားက ဟန်မဆောင်နိုင်ဘဲ ထွက်လာ တယ်။ လောဘကြောင့်ပေလားတော့ ကိုထိုက်မသိ။ ဒီစကားကြောင့် ဦးကျောက်ခဲလည်း အံ့သြသွားပြီ။
''အင် ဒါဆို မင်းက ကလေးတွေကို''
''တော်တော့ ရှင်တော်တော့''
မေမေအေး ဘာကိုဆိုလိုတယ်ဆိုတာ ဦးကျောက်ခဲ ကောင်းကောင်းသဘောပေါက်သွားပြီ။ ဦးကျောက်ခဲ မေမေအေးကို တွေကြည့်နေတယ်။ ဦးကျောက်ခဲက မေမေ အေးကို နိုင်သူမဟုတ်။ ဦးကျောက်ခဲရဲ့ရင်ထဲ နင့်သွားတာ သေချာတယ်။ အခုတော့ မေမေအေးက ဟန့်လိုက် တာကြောင့် ဦးကျောက်ခဲ စကားကို ဖြတ်လိုက်ရပြီ။ ဒါပေမဲ့ ဦးကျောက်ခဲရဲ့မျက်နှာက ''မအေး...နင်ပြောရက်တယ်''ဆိုတဲ့ ပုံမျိုး။ မေမေအေး ကိုယ့်စကားနဲ့ကိုယ်ဆိုတော့ မျက်နှာပျက်ပြီး ဦးကျောက်ခဲကို ပြောပြနေပြန်တယ်။
''ကိုကျောက်ခဲ ရှင့်ကို ပွင့်ပွင့်လင်းလင်း ပြောပြတာပါ။ ကိုထိုက်တို့ ညီအစ်ကိုလေးတွေကို သားအရင်းလေးတွေလို ချစ်ပါတယ်။ ဒါပေမဲ့ ဒီပစ္စည်းတွေကိုယူပြီး သူတို့လေး တွေ လမ်းဘေးမရောက်အောင် လုပ်ပေးတဲ့ သဘောပဲ တော်၊ ရှင်စဉ်းစားကြည့်၊ ဒီခေတ်ထဲ လူတစ်ယောက်တာဝန် မသေးဘူးနော်''
''ဟုတ်ပါပြီ ဒါပေမဲ့ ဒီအကြောင်းကို ကလေးတွေ မသိစေပါနဲ့ကွာ''
မေမေအေးက ဦးကျောက်ခဲကို လျှာရှည်တယ်ဆိုတဲ့ သဘောနဲ့ကြည့်ပြီး ပြောတယ်။
''ရှင်ပြောစရာ မလိုပါဘူးတော်''
မေမေအေးတို့ စကားဖြတ်လိုက်ကြတယ်။ မကြာဘူး။ညီလေး ကျူရှင်ကပြန်လာပြီး မီးဖိုချောင်ထဲဝင်လို့ လှန်လှောပြီး ထမင်းစားနေလေရဲ့။ ညီလေးကတော့ ကလေးပီပီ ဘာမှမတွေး။ အချိန်မှန်စားနေရရင် ကျေနပ် နေရှာတာ။ ကိုထိုက်တို့ညီအစ်ကို စိတ်ထဲမှာတော့ မေမေ အေးရှိရင် အားလုံးပြည့်စုံနေပြီပဲ။ မေမေအေးကလည်း တူလေးတွေကို မိတဆိုးလေးတွေမို့ သနားလွန်းကြောင်း ခုနစ်အိမ်ကြား ရှစ်အိမ်ကြား အော်အော်ပြောတတ်တာကိုး။
''ကိုထိုက်တို့ ညီအစ်ကိုက သနားစရာ။ ဒါကြောင့် ကျွန်မတူတွေကို ကျွန်မက မျက်နှာအငယ်မခံဘူး။ကျွန်မအစ်မက မွေးထားပေမယ့် ကျွန်မသားတွေပဲ''
ဒါကြောင့် မေမေအေးကို ကိုထိုက်တို့ အားကိုးပြီး ယုံကြည်ကြတယ်။ ချစ်ကြတယ်။ အခုတော့ မေမေအေးရဲ့ သဘောက အမေမဆုံးခင်က သူတို့ကို ချေးငှားပေးထားတဲ့ နွားတွေနဲ့ငွေတွေကို မပေးချင်ကြတော့တဲ့ သဘော။ ဒီအကြံကို ကိုထိုက်တို့ အရင်ကမသိကြ။ ဒါပေမဲ့ မေမေ အေးတို့လင်မယား ပြောနေတာတွေကို ကိုထိုက် အိမ်ပေါ် ကနေ နားနဲ့ဆတ်ဆတ် ကြားလိုက်ရတယ်ဆိုတာ မေမေ အေးတို့ သတိမထားလိုက်မိကြ။ အိမ်ပေါ်မှာ ဘယ်သူမှ မရှိဘူးအမှတ်နဲ့ မေမေအေးတို့လင်မယား ပြောနေခဲ့ကြ တာ။ပတ်ဝန်းကျင်ကလူတွေကတော့ မေမေအေးတို့ အကြောင်း မသိရှာသေး။ ကိုထိုက်တို့ကို ထိန်းရမယ့် တာဝန်ရှိလို့ ထိန်းထားတယ်ထင်နေကြတာပါ့။
အခန်း(၄)
ရွာထိပ်က ကားလမ်းဘေးမှာ အဖေ့ကားအလာကို ကိုထိုက်တို့ညီအစ်ကိုနှစ်ယောက် ထိုင်စောင့်နေကြတယ်။
''ညီလေးရာ အဖေ့ကားကလည်း လာခဲတာကွာ''
''ဟုတ်တယ် ကိုကိုကြီး''
စောင့်နေကြတာ ကြာသွားပေမယ့် လမ်းပေါ်မှာ လိုင်းကားတစ်စီးမှ မလာသေး။ ကိုထိုက်ကတော့ လောနေ ပြီ။ အဖေ့ကို မေမေအေးရဲ့အကြောင်း ပြောပြချင်လွန်းနေ ပုံပေါက်တယ်။
''ဝူး''
ခပ်လှမ်းလှမ်းမှာ ကားတစ်စီး ထိုးရပ်လာတယ်။ ခရီး သည်တချို့လည်း ဆင်းလာကြတယ်။ ပြီးတော့ ခရီးသည် တွေနောက်က ကပ်ပါလာတဲ့ အဖေ။ ကိုထိုက်တို့ဆီကို လာနေပြီ။ ဒါကြောင့် ကိုထိုက်တို့ အဖေ့ဆီ ပြေးသွား ကြတယ်။
''အဖေ''
''ဟေ့ သားတို့''
ပြုံးပြနေတဲ့ အဖေ့ကို ကိုထိုက်တို့ ညီအစ်ကို နှစ်ယောက်လုံး အားပါးတရဖက်လိုက်တယ်။ ပြီးတော့ မေးလိုက်ကြတာလည်း စုံလို့။ ဖအေဖြစ်သူနဲ့ဝေးနေတာ လည်း ကြာပြီလေ။
''အဖေ မေမေအေးဆီမှာ အဖေ့ပိုက်ဆံတွေ၊ နွားတွေ ပေးထားတာလား''
''အေး ဟုတ်တယ်လေ၊ အဲဒါ သားတို့အတွက်လေ၊ အဖေစုထားတာ''
''သြော်...ဟုတ် အဖေ၊ ဒါဆို အဖေရယ် သားတို့နဲ့ နေရအောင်နော် အဖေ နေရအောင်နော်''
ညီလေးလည်း ဝင်ထောက်ခံရှာတယ်။
''ဟုတ်ပါတယ် ဖေဖေ၊ သားတို့နဲ့ နေရအောင်နော်''
ကိုစံအောင်တော့ တွန့်သွားပြီ။ သားတွေကို ပြန်မေး ရုံကလွဲလို့ပေါ့။
''မေမေအေးနဲ့ နေရတာကော သားရယ်''
ကိုထိုက် ပြတ်ပြတ်သားသား ပြန်ပြောလိုက်တယ်။
''သားတို့ မေမေအေးနဲ့ မနေချင်တော့ဘူး''
''ဘာလို့လဲ...သားရယ်''
ကိုထိုက် အဖေ့စကားကို မဖြေ။ တွေပြီးရပ်နေရှာတယ်။
မေမေအေးရဲ့အကြောင်းကိုတော့ ကိုထိုက်ပြော ထွက်ပုံမရ။ အဖေလည်း ဆုံးဖြတ်ရခက်နေပြီ။
''ကိုစံအောင် ခရီးသည်တွေစောင့်နေပြီ''လို့ လှမ်းအော် ပြီး ကားထဲကထွက်လာတဲ့ အမျိုးသမီးတစ်ယောက်။အဲဒီအမျိုးသမီးက အဖေ့နားရောက်လာတယ်။ အဖေ အနားကပ်လာတဲ့ အဲဒီအမျိုးသမီးစကားလည်း မဖြေနိုင် ရှာ။ ဆောက်တည်ရာမရ ဖြစ်နေပြီ။ ဒါကြောင့် အဖေ့ အနားတိုးကပ်လာတဲ့ အမျိုးသမီးကိုကြည့်ရင်း ကိုထိုက်မေး လိုက်တယ်။
''အဖေ အဲဒီမိန်းမက ဘယ်သူလဲ''
အဖေ ကိုထိုက်တို့ကိုတစ်လှည့်၊ အမျိုးသမီးကိုတစ်လှည့် ကြည့်ပြီး ပွင့်ပွင့်လင်းလင်း ပြန်ဖြေတယ်။
''သူက အဖေ့ မိန်းမ''
ကြားရတဲ့စကားက ကိုထိုက်တို့အတွက် စိတ်မချမ်း သာစရာ။ အဖေ့စကားကြောင့် ကိုထိုက်တို့ မေ့သွား လောက်အောင် တိုးတိတ်သွားကြပြီ။ ကျရတဲ့ မျက်ရည်တွေ က မဆုံးသေးပါလား။ ကိုထိုက်တို့ညီအစ်ကို သိလိုက်ကြပြီ။ကိုထိုက်တို့ဘဝထဲက အမေထွက်သွားလို့မှ မကြာသေးဘူး။အဖေထွက်သွားပြန်ပြီပေါ့။ ဒီလိုဆို အဖေနဲ့နေလို့မရ တော့တာ သေချာသွားပြီ။ ကိုထိုက်တို့ဘဝမှာ ပထမနေရာ အမြဲပေးကြတဲ့ အမေက သေကွဲခွဲသွားပြီ။ အခု အဖေက လည်း ရှင်ကွဲခွဲသွားပြန်ပြီ။ ကိုထိုက်တို့ မိထွေးနဲ့လည်း နေမဖြစ်။ မေမေအေးက သူ့အကြံနဲ့သူ။ မေမေအေး ကိုထိုက်တို့ကို ဒုတိယနေရာကပဲပေးခဲ့ပေမယ့် ကိုထိုက်တို့ ညီအစ်ကိုအပေါ် ကောင်းသလား ကောင်းခဲ့ပါတယ်။မေမေအေးရဲ့မေတ္တာတွေက အမှန်တကယ်မှ ဟုတ်ရဲ့လား ဆိုတာတော့ ကိုထိုက်တို့ ဝေခွဲရခက်သွားတာက လွဲလို့ပေါ့။ မေမေအေးရဲ့ မေတ္တာတွေက ဖြူသလား၊ မည်းသလား ဆိုတာ ဝေဝါးသွားတာတော့အမှန်။ တူတွေဖြစ်တဲ့အတွက် ကိုထိုက်တို့က ဒုတိယနေရာပဲရတယ်ဆိုတာ မှန်ပါတယ်။ မေမေအေးမှာ သားတွေသမီးတွေရှိသေးလို့။ ဒါပေမဲ့ မေမေအေး အဖေ့ကိုပြန်ပေးရမယ့် ပစ္စည်းတွေကြောင့် မေမေအေးရဲ့မေတ္တာတွေက ကိုထိုက်တို့အပေါ် ဖြူသလား ဖြူပေမယ့် မည်းသလား မည်းသွားခဲ့ပါပြီ။ ဒါပေမဲ့ ကိုထိုက် တို့ ဖြူပေမယ့် မည်းနေတဲ့ မေမေအေးရဲ့ မေတ္တ
ာအရိပ် အောက်က ထွက်သွားလို့မရသေးဘူး။ လောလောဆယ် ကိုထိုက်တို့ ညီအစ်ကိုရဲ့ဘဝက ခိုကိုးရာမဲ့လေးတွေလေ။
နန္ဒမန်းကြယ်(တွင်းငယ်)ကြေးမှုံ
No comments:
Post a Comment