နေပြည်တော်၊ ဖေဖော်ဝါရီ- ၂၄ ရက်
ကမ္ဘာ့ချန်ပီယံရွှေခါးပတ်ဆုနှစ်ခုပိုင်ရှင် အောင်လအန်ဆန်အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ပြုစာ လွှာနှင့် ဂုဏ်ပြုဆုငွေပေးအပ် ခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ရေးအဖွဲ့ ဖေစ်ဘွတ်စာမျက်နှာတွင်ရေးသားဖော်ပြထားသည်။
MMA မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဖြစ်သူ အောင်လအန်ဆန်အနေဖြင့် ဘရာဇီးနိုင်ငံသားလက်ဝှေ့သမား ALEXANDRE MACHADO အား ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက် သုဝဏ္ဏမိုးလုံလေလုံအားကစားရုံ၌ ကျင်းပသော လိုက်ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံရွှေခါးပတ်လုပွဲတွင် ပထမအချီ၌ပင် အလဲထိုးအနိုင်ရရှိ ခဲ့သည်။
ထိုသို့ ယခင်မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံရွှေခါးပတ်ဆုအပြင် လိုက်ဟဲဗီး ၀ိတ်တန်းကမ္ဘာ့ချန်ပီယံ ရွှေခါးပတ် ဆုကိုပါ ထပ်မံရရှိခဲ့ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သည့်အတွက် အောင်လအန်ဆန်အား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော်(ကြည်း၊ရေ၊လေ)အရာရှိ၊ စစ်သည်၊ မိသားစုများက လှိုက်လှဲစွာဂုဏ်ပြု၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကပေးပို့သည့် ဂုဏ်ပြုစာလွှာ နှင့် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း ၁၀၀ တို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်ပုံက ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ Rose Garden Hotel ၌ သွားရောက်ချီးမြှင့်ပေးအပ်ရာ အောင်လအန်ဆန်က လက်ခံရယူသည်။
ထို့နောက် ကမ္ဘာ့ချန်ပီယံရွှေခါးပတ်နှစ်ခုပိုင်ရှင် အောင်လအန်ဆန်က တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများ အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ ချီးမြှင့်ငွေအား My Me ပရောဂျက်မှကလေးငယ်များ၏ ပညာရေး နှင့်ကချင်ပြည်နယ်ရှိ ပရဟိတလုပ်ငန်းများတွင် အသုံးပြုသွား မည်ဖြစ်ကြောင်း၊ ချန်ပီယံဆုအား ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်းနှင့် နောက်ပြိုင်ပွဲများတွင်လည်း ပိုမိုကြိုးစား သွားမည်ဟု ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ပိုတို - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
No comments:
Post a Comment