Latest News

Tuesday, February 6, 2018

အလည် တစ်ခေါက်လာ ရောက်စေချင် ဝါးခယ်မ မြို့နယ်တစ်ခွင်

အလည် တစ်ခေါက်လာ ရောက်စေချင် ဝါးခယ်မ မြို့နယ်တစ်ခွင်

ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း ၂၆ မြို့နယ်တွင် အပါအဝင်ဖြစ်သော ဝါးခယ်မမြို့နယ်၌ နှစ်ပေါင်း ၂ဝ ကျော်  အလုပ်တာဝန်ထမ်းဆောင်ရင်း စာရေးသူနေထိုင်ခဲ့ဖူးသည်။  ဝါးခယ်မမြို့သည်   ဧရာဝတီမြစ်ကမ်း နံဘေး၌ တည်ထားသော မြို့လည်းဖြစ်ပါသည်။ မြစ်ချောင်းအင်းအိုင်များပေါများသော ဧရာဝတီတိုင်းဒေသကြီးရှိ  အောက်ဘက်အရပ်ကျသောမြို့နယ်များသည် ယခင်က  ရေလမ်းခရီးကိုသာ အားထား၍ တစ်မြို့မှတစ်မြို့သို့သွားလာမှု၊  ကုန်စည်ပို့ဆောင် ကူးသန်းရောင်း ဝယ်မှုပြုလုပ် ခဲ့ရသော မြို့နယ်များဖြစ်သည်။

ထိုမြို့နယ်များအနက် ဝါးခယ်မမြို့လည်း ပါဝင်သည်။ ယခုအခါ  မြစ်ကူး တံတားကြီးများရှိနေပြီဖြစ်၍ အချိန်တို အတွင်း ခရီးပေါက်နေပြီဖြစ်ကာ ဖွံ့ဖြိုးစည်ပင်မှုလည်း ပိုမို အားကောင်းလာပြီဟု  ဆိုနိုင်သည်။ ဝါးခယ်မမြို့နယ်သည်   မြို့နယ်ဂုဏ်ဆောင်ထူးချွန်ထင်ရှားကြသူများ၊  နိုင်ငံချစ်သောအထင်ကရ  ပုဂ္ဂိုလ်များ၊  အသိ ပညာရှင်၊ အတတ်ပညာရှင်များ၊ စီးပွားရေး စွမ်းဆောင်ရှင်များ၊  စာပေ၊  ဂီတပညာရှင်များကိုအစထား၍ များစွာသော ထူးချွန် ထက်မြက်သူများ၏    ဇာတိမြေအဖြစ် ရပ်တည်နေသော  မြို့တစ်မြို့လည်းဖြစ်သည်။ ဝါးခယ်မမြို့နယ်ဖွား  သက်ကြီးရွယ်အို များ၏ဆိုစကားတွင် မြို့တည်သက်တမ်းအား တရားဝင်ခွင့်ပြုခြင်းကို  ၁၉ဝ၆ ခုနှစ် အောက်တိုဘာ ၁ ရက်ဟု  မှတ်သားရသောကြောင့်   ယနေ့ ဝါးခယ်မမြို့၏ သက်တမ်းမှာ ၁၁၂ နှစ်ရှိခဲ့ပြီ ဖြစ်၍ နှစ် ၁ဝဝ ကျော်သက်တမ်းရှိသောမြို့ဟုလည်း  ဆိုနိုင်ပါသည်။

ဝါးခယ်မမြို့ မြို့အမည်တွင်ခဲ့ပုံသည်  ဧရာဝတီတိုင်းဒေသကြီးသည်  မွန်သွေးမကင်းသော မွန်လူမျိုး ၃၂ မျိုး မြို့စာရင်း ဝင်ဖြစ်ခဲ့ပြီး   ရှေးအခါက   ခေါ်ခဲ့သည်ဆိုသော မှတ်တမ်းနှင့်အတူ ရှေးသာသနာပြု  စာပေ မှတ်တမ်း များတွင်   ဝါးခယ်မမြို့သည်  မြို့ဦး၊   မြို့လယ်၊   မြို့စွန်တို့၌ ဘုရား၊ စေတီများ ကိန်းဝပ်နေသောကြောင့် ကမ္ဘာစစ်ဖြစ်ခဲ့စဉ် အခါက စစ်ဘက်အရေး အခင်းဘေးမှ ကင်းဝေးခဲ့သည်ဟုဆိုနိုင်ပါသည်။ ဂုဏ်ယူစရာအဖြစ် မှတ်တမ်းတင် ကြရမည်ဖြစ်ပါသည်။ ဝါးခယ်မမြို့နယ်သည် ဧရာဝတီတိုင်း ဒေသကြီး မြောင်းမြခရိုင်၌  ပါဝင်ပြီး မြို့ပေါ် ၁ဝ ရပ်ကွက်၊  မြစ်တစ်ဖက်ကမ်း လေးရပ်ကွက် ပေါင်း ၁၄ ရပ်ကွက်အတွက် ကျေးရွာအုပ်စု ၁၂၆ အုပ်စုဖြင့် ဖွဲ့စည်းထားသော မြို့နယ်ဖြစ်သည်။

ပထဝီအနေအထားအရ  မြို့တည်ရှိမှု သည် မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၁၆ မိနစ်မှ ၁၆ ဒီဂရီ ၅ဝ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ဝ၁ မိနစ်မှ ၉၅ ဒီဂရီ ၃ဝ မိနစ်နှင့်ပင်လယ်ရေမျက်နှာပြင်အထက်  ၅ ပေ အမြင့်တွင်  တည်ရှိနေ၏။  နယ်မြေထိစပ်မှု အဖြစ် အရှေ့ဘက်၌  မအူပင်မြို့နယ်နှင့် ကျိုက်လတ်မြို့နယ်၊ တောင်ဘက်၌ မော် လမြိုင်ကျွန်းမြို့နယ်နှင့် လပွတ္တာမြို့နယ်၊ အနောက်ဘက်၌  မြောင်းမြမြို့နယ်နှင့် အိမ်မဲမြို့နယ်၊ မြောက်ဘက်၌ ပန်းတနော် မြို့နယ်တို့တည်ရှိသည်။ ရှေးယခင်က ဝါးတောများထူထပ်သည့် ဒေသဟု  သိရသော်လည်း  စာရေးသူနေထိုင်ခဲ့သောအခါက ဝါးထူ ထပ်သော အရပ်ကို ကျေးရွာများ၌သာ တွေ့ရသည်။ မြစ်ချောင်းပေါများပြီး စွတ်စိုရာသီ ကိုရရှိသော   ဒေသဖြစ်ခြင်း၊  နုန်းတင် မြေနုများပေါများခြင်းတို့ကြောင့် စိုက်ပျိုး သီးနှံ များအလွန်ကောင်းမွန်စွာ ထွက်ရှိရာမြို့လည်းဖြစ်သည်။   ဝါးခယ်မငရုတ်သည်  ဧရာဝတီတိုင်း ဒေသကြီး အတွင်း မြန်မာပြည် အထက်ပိုင်းနှင့် အောက်ပိုင်းဒေသများသို့တိုင် စီးပွားဖြစ်တင်ပို့ရောင်းချနိုင်ခြင်း၊ ငရုတ်သား အရည်အသွေး ကောင်းမွန်ခြင်းတို့ကြောင့် အိမ်ရှင်မများ အကြိုက်ဖြစ်ကြောင်း သိရသည်။

ဝါးခယ်မမြို့သည်    မြေဆီမြေသား ကောင်းမွန်သဖြင့် ဆန်စပါးအထွက်ကောင်းခြင်း၊ ဆန်လုံးကောင်းမွန်ခြင်း တို့ကြောင့်  ပြည်ပသို့   ဆန်တင်ပို့မှုအတွက်  များစွာအထောက်အကူပြုသည်။ ဆီထွက် သီးနှံများနှင့် ပဲမျိုးစုံတို့ပါ စိုက်ပျိုးဖြစ်ထွန်း သောကြောင့် လူမှုစီးပွားအခြေပြုလုပ်ငန်းများနှင့် စီးပွားရေးကောင်းမွန်သည့်မြို့ဟုလည်း ခေါ်နိုင်ပါသည်။ ယခုအခါ ရန်ကုန်မြို့မှ ဝါးခယ်မသို့ ကားစီး၍ သွားမည်ဆိုပါက   သုံးနာရီခရီးသာရှိပြီး ယခင် ရေလမ်းခရီးဖြင့်  သွားလာစဉ် သင်္ဘောစီး၍ ညအိပ်ခရီးသွားခဲ့ ရပုံများသည် ပုံပြင်အလား ဖြစ်ခဲ့ရပါပြီ။ ကားအလွန်များပြီး ကားကျပ်နေသော ရန်ကုန်မြို့မှ နှုတ်ခွန်းဆက်ကမ္ပည်းအလွန် ဧရာဝတီတိုင်းဒေသကြီးမှ နှုတ်ခွန်းဆက်ကြိုဆိုပြီး မကြာမီ မဲဇလီရေထိန်းတံခါးကိုလွန်သော အခါ စိမ်းစိုစိုလယ်တောကွင်းပြင်က ကြိုနေသကဲ့သို့ ကားလမ်းဘေး ဘယ်ညာမြင်ကွင်း များကိုကြည့်ရင်း  ဗိုလ်မြတ်ထွန်းတံတားကြီးပေါ်ရောက်သောအခါ   အပေါ်စီးမှ  တွေ့မြင်ရ သည်က နုန်းတင်မြေနုကမ်းခြေပေါ်မှ စိုက်ခင်းများပင်ဖြစ်ပါသည်။ ပန်းတနော်မြို့   လမ်းဆုံ၌ ရောင်းသူ  ဝယ်သူ၊ ခရီးသွားကြသူများနှင့် ကားကြီးကားငယ်အသွယ်သွယ်တို့သည် ဒေသထွက်  ပန်းတနော်  သင်ဖြူးဖျာများကိုဝယ်ယူနေ ကြသည်မှာ အလကားဝေပေးနေသကဲ့သို့ မြင်နေရသည့်အတွက်    စိုက်ပျိုးရေးကို  အားထားခဲ့ရသည့် ဧရာဝတီတိုင်း ဒေသကြီး၏ အသွေးအသားမြို့နယ် များ၏ စီးပွားရေး လူမှုအကျိုးပြုလုပ်ငန်းများ တစ်ပိုင်တစ်နိုင် သာမက ဝင်ငွေတိုးကာ စီးပွားရေးဖွံ့ဖြိုး လာမှုများကို ကြည်နူးမိခဲ့ရသည်။

ဝါးခယ်မမြို့နှင့်နီးလာလေ ရွာစဉ်တန်း မှ ရွာကြီးရွာငယ်များကိုတွေ့ရပြီး ရွာထဲတွင် တိုးတက်စည်ပင်လာသော လူနေမှုများ၊ အိမ်ခြံမြေများ၊ တိုက်တာအဆောက်အအုံများနှင့် အတူ လယ်ယာလုပ်ငန်းအတွက် စိုက်ပျိုး ရိတ်သိမ်းခြွေလှေ့ရာတွင် အလွယ်တကူလုပ်ကိုင် နိုင်သော စက်ကိရိယာများ၊ စာသင်ကျောင်းများ၊ ရွာဦး ဘုရားစေတီများကိုလည်း ကြည်နူး မဆုံးတွေ့မြင်ခဲ့ရသည်။ ဝါးခယ်မမြစ်ကူးတံတားကြီးကို ကျော်ပြီးသောအခါ ရောက် ခဲ့ပါပြီ ရွှေခယ်မြေဆီဟု ဆိုချင်ပါသည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် ဖြင့် မြစ်ပြင်ကိုဖြတ်၍ တည်ဆောက်ထားသော ရန်ကုန်မှသည် ဝါးခယ်မမြို့သို့အသွား  ဗိုလ်မြတ်ထွန်းတံတားကြီး၊ ရွှေလောင်းမြစ်ကို ဖြတ်ကျော်ရမည့် ရွှေလောင်းကြိုးတံတား၊ လမ်းသမိုင်းတံတားနှင့်ဝါးခယ်မကြိုးတံတား များကို ဖြတ်ကျော်ခဲ့ရပါသည်။ ဝါးခယ်မမြို့သို့ရောက်သောအခါ   မြင်ကွင်းများက  လွန်ခဲ့သောနှစ်ပေါင်းများစွာကနှင့်  အကွာကြီးကွာနေပါသည်။

လမ်းများမှာ  သန့်ရှင်း သပ်ရပ်ကျယ်ဝန်းနေပြီး ကားကြီး၊ ကားငယ်များ   ဖြတ်သန်းနေသောမြို့ရှောင်လမ်း၊ မြို့တွင်းလမ်းများကို ငေးမော ကြည့်ရင်း ယနေ့ ဝါးခယ်မမြို့အကြောင်း ဒေသခံများကို မေးမြန်းမိခဲ့ပါသည်။  ရှေးယခင်  ဝါးခယ်မမြို့၌    မြို့ဦး၊  မြို့လယ်၊ မြို့စွန်မှ ဘုရားစေတီများသည် တန်ခိုးကြီး၊   သမိုင်းဝင်ဖြစ်ခဲ့ သော်လည်း  ထိုဘုရားစေတီများ၏သမိုင်းနှင့် ဘုရားတည်သက်တမ်းသိရန် မကြိုးစားခဲ့မိသော ကျွန်မ ယခုမှ အပြေးအလွှား မှတ်သားရပါသည်။ ဝါးခယ်မမြို့ဦး မြို့ထိပ်မှ မြသိန်းတန် စေတီတော်သည် ရှေးဟောင်းအမွေအနှစ်ဖြစ်ပြီး သက္ကရာဇ် ၁၂၅၃ ခုနှစ်က ဥာဏ်တော်အမြင့် ၁ဝ၉ ပေနှင့် မြေစိုက်စေတီ ဖြစ်သော်လည်း လုံးတော်ပြည့် ရွှေသင်္ကန်းနှင့် မြစ်ကမ်းနံဘေး တင့်တယ်စွာ စံပယ်နေပြီး   မြို့ကျက်သရေဆောင်  ကြေးသွန်းရုပ်ပွားတော်ကြီးကလည်း   ကိန်းဝပ်နေပါ သည်။    တင်ပျဉ်ခွေအထိုင်  ဘူမိဖဿ မုဒြာဟန်နှင့်   ဥာဏ်တော်ကိုးတောင်ရှိ ကြေးသွန်းရုပ်ပွားတော်ကြီးကို ကြေးပိဿာ ချိန် ၉၉၉၉ ပိဿာ ၉၉ ကျပ် ကိုးမူးသားဖြင့်  သက္ကရာဇ် ၁၂၅၂ ခုနှစ် တပို့တွဲလပြည့်ကျော် ၆ ရက်တွင် စတင်တည်ထားခဲ့ပြီး  ၁၈၉၁  ခုနှစ် မတ် ၂၃ ရက်တွင် ပြီးဆုံးတော်မူခဲ့သော ကြေးသွန်းဘုရားကြီးကို  သကျမဟာ သီရိဘုရားကြီးဟု ဘွဲ့အမည်တင်လှူခဲ့၏။   ဘုရားကြီးနှင့် ပတ်သက်၍ နဝင်းငါးလီကျ နေသည်ကို တွေ့ရ၍  ဧရာဝတီတိုင်းဒေသကြီး၌ ရှားရှားပါးပါး ထင်ရှားခဲ့ပါသည်။

မြို့အစွန်တစ်ဖက်ကမ်းမှ ရှေးဟောင်း စေတီမှာ  ပြည်လုံးချမ်းသာသော်ကစေတီတော်ဟု ဘွဲ့အမည်ရပြီး မူလဒါယကာ မွန်မျိုးနွယ်ဖြစ်သော သမုဒ္ဒဃော သမင်းနှင့် မိဖုရားဥမ္မာ ဒန္တီ မင်းသမီးတို့ကောင်းမှုဖြင့် တည်ထား ခဲ့သော ရှေးဟောင်းစေတီဖြစ်ပါသည်။ မြန်မာနိုင်ငံ၏  ပထမဆုံးဝန်ကြီးချုပ် ဝါးခယ်မမြို့သား ဦးနုကို ဂုဏ်ပြုသောအားဖြင့် ဦးနု စာကြည့်တိုက်နှင့် လူငယ်ဖွံ့ဖြိုးရေး စင်တာကို ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၈ ရက်တွင်လည်းကောင်း၊ မူကြိုကလေးများကို စောင့် ရှောက်ပေးသော မေတ္တာကြယ်စင် မူကြို ကျောင်းကို ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၈ ရက်တွင်လည်းကောင်း၊ ထို့ပြင် ဝါးခယ်မမြို့နယ် စာပေချစ်လူငယ်များအဖွဲ့ကို ၂ဝ၁၂ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင်လည်းကောင်း၊ စက္ခုပါလ မျက်စိကုဌာနနှင့် ဒန္တသုခသွားနှင့် ခံတွင်းဆေးကုခန်းကို ၂ဝ၁၄  ခုနှစ် မေ၂ ရက်တွင်လည်းကောင်း၊ အားမန်သစ် မသန်စွမ်းသူများအသင်း (ဝါးခယ်မ)ကို  ၂ဝ၁၄ ခုနှစ် ဧပြီ ၁၈ ရက်တွင်လည်းကောင်း၊ သက်ကြီးရွယ်အိုဘိုးဘွား များ ခိုနားနိုင်မည့် ဒေါ်ပိုက်မိ ဘိုးဘွားရိပ်သာကို ၂ဝ၁၅ ခုနှစ် မတ် ၂၅ ရက်တွင်လည်းကောင်း ထူထောင် ခဲ့ပါသည်။

 ဝါးခယ်မမြို့သည်      ဆန်ရေစပါး  ပေါများစွာထွက်ရှိခြင်း၊     ဒေသထွက် မြန်မာမှု အစားအစာများ ပေါများခြင်း၊ ရာသီ အခါမလပ် စိုက်ပျိုးသီးနှံများ စိုက်ပျိုးနိုင်ခြင်း၊ ရေချိုအရပ်ဖြစ်၍ ရေချိုသယံ ဇာတဖြစ်သော ငါး၊ ပုစွန်ပေါ များခြင်း၊ မွေးမြူရေးအတွက်  ရေခံမြေခံကောင်းများရှိခြင်း၊ ကုန်ရောင်းကုန်ဝယ်လွယ်ကူချောမွေ့စည်ပင်ခြင်း စသည့် မြို့ရွာစည်ပင်ဖွံ့ဖြိုးစေသောအချက်များနှင့် ညီညွတ်နေသောကြောင့် ထာဝရစည်ပင် နေသော မြို့နယ်ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။   ။ မြမဉ္ဇူဝေ (ကျုံမငေး)မြ၀တီ

No comments:

Post a Comment