Latest News

Tuesday, February 6, 2018

အစိုးရတပ်မတော်နှင့် TNLA တိုက်ပွဲကြောင့် ဒေသခံ ၁၅၀ ကျော် သိန္နီမြို့ပေါ်သို့ ထွက်ပြေးတိမ်း ရှောင်နေရ

အစိုးရတပ်မတော်နှင့် TNLA တိုက်ပွဲကြောင့် ဒေသခံ ၁၅၀ ကျော် သိန္နီမြို့ပေါ်သို့ ထွက်ပြေးတိမ်း ရှောင်နေရ

ဖေဖော်ဝါရီ ၆ ရက်၊ သိန္နီ

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် အစိုးရတပ်မတော်နှင့် TNLA တို့အကြား တိုက်ပွဲကြောင့် အနီးအနားရှိ ဒါခိုင်းကျေးရွာနှင့် ဆိုင်ခေါင်ကျေးရွာသားများ ၁၅၈ ဦးသည် သိန္နီမြို့နယ် ကောင်းအိုင်ကျေးရွာ ဘုန်းကြီးကျောင်းသို့ စစ်ရှောင်လာကြကြောင်း သိရသည်။

သိန္နီမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဒေါ်နန်းခင်ထားရီက "သူတို့ထွက်ပြေးလာတာက မနေ့ နေ့လည် ၂ နာရီကနေ ၄ နာရီအထိ အစ်မတို့ သိန္နီက နမ္မတူနဲ့ ကွတ်ခိုင်တို့နဲ့ နယ်နိမိတ်ထိစပ်နေလို့ ဒီဘက်ကို ထွက် ပြေးလာကြတာ။ သူတို့ရွာဘက်မှာ တိုက်ပွဲတွေဖြစ်နေလို့လေ။ ထွက်ပြေးလာတာ အဲနှစ်ရွာ ရွာလုံးကျွတ်ပဲ။ တိုက်ပွဲ ကြားမှာတော့ ထိခိုက်တာတွေ မရှိဘူး" ဟု မားနဂါးသတင်းဂျာနယ်သို့ အတည်ပြု ပြောဆိုသည်။

အဆိုပါ ထွက်ပြေးလာသူထဲတွင် အမျိုးသား ၇၂ ဦးနှင့် အမျိုးသမီး ၈၆ ဦး စုစုပေါင်း ၁၅၈ ဦးရှိပြီး စားသောက်ဖွယ်ရာ များနှင့် အဝတ်အစားများ လိုအပ်လျက်ရှိနေကြောင်း သိရသည်။

"သူတို့ ထွက်ပြေးလာတုန်းက အခက်အခဲပေါင်းစုံနဲ့လေ။ ကျောင်းသားတွေဆိုရင် ကျောင်းစိမ်းနဲ့ ထွက်ပြေးလာကြ တယ်။ အဝတ်အစားတွေလည်း ယူမလာဘူး။ အခုတော့ ရွာအချင်းချင်းက ပြုစုပေးတယ်။ မြို့နယ်အနေနဲ့ ဒီနေ့စားဖို့ သောက်ဖို့တွေ ပို့ထားတယ်။ လူကယ်ပြန်ကလည်း အနွေးထည်တွေ လာလှူထားတာရှိတယ်။ အဲဒါတွေကို မနက်ဖြန် ကျရင် သွားလှူမှာ" ဟု ဒေါ်နန်းခင်ထားရီက ဆက်ပြောသည်။

ပြီးခဲ့သည့် ဖော်ဖော်ဝါရီ ၅ ရက်၌ ကွက်ခိုင်မြို့နယ် တာခိုင်ချောင်းအနီးတွင် တစ်ကြိမ်၊ ဖေဖော်ဝါရီ ၅ ရက်နေ့တွင်ပင် ကွတ်ခိုင်မြို့နယ် ဖာဖိုင်ကျေးရွာနှင့် ငေါ့ငါးကျေးရွာကြားတွင် တစ်ကြိမ် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း TNLA ဘက်မှ သတင်းထုတ်ပြန်ထားသည်။

သတင်း-မိုင်းအနိုင်၊ မားနဂါး/ပိုတို-ဆရာ ခွန်ဂေါင်

No comments:

Post a Comment