Latest News

Monday, February 26, 2018

တစ်ပတ်အတွင်း စိုက်ပျိုးရေးထွက်ကုန် ဈေးနှုန်း

တစ်ပတ်အတွင်း စိုက်ပျိုးရေးထွက်ကုန် ဈေးနှုန်း

(ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၃ ရက်အထိ)

ဒီတစ်ပတ်မှာတော့ ပုသိမ်ဈေးကွက်မှာ ဆန်ရော စပါးဈေးပါ တက်နေပါတယ်။ နှစ် ပတ်ဆက်တိုက် ဈေးနှုန်းမြင့်တက်ခဲ့တဲ့ ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာ ဈေးကျဆင်း သွားပြီး မတ်ပဲကလည်း ဈေးကျဆင်းသွားပါတယ်။

ဆန်၊ စပါး
ပြီးခဲ့တဲ့အပတ်က ဆန်ဈေးတွေတက်ခဲ့ပြီး စပါးဈေးငြိမ်နေခဲ့ပေမယ့် ဒီတစ်ပတ် မှာတော့ ဆန်ဈေးရော စပါးဈေးပါ မြင့်တက်လာခဲ့ပါတယ်။ ပုသိမ်မှာ ဆန်စက် ကုန်သည်တွေက ဈေးပေးဝယ်တဲ့အတွက်ကြောင့် ဈေးတက်လာခဲ့ပါတယ်။
ရန်ကုန် ဝါးတန်းကုန်စည်ဒိုင်မှာတော့ ဆန်အဝင်နည်းလာတဲ့အတွက် ဈေးတက် လာပြီး ဧရာဝတီပေါ်ဆန်း(စပါး)က တင်း ၁ဝဝ မှာ ကျပ် ၆ဝဝဝဝ ကျော်လောက် ဈေးတက်ခဲ့ကာ တင်း ၁ဝဝ ကို ၉၃၇၅ဝဝ ကျပ် ပေါက်ဈေး ရှိနေပါတယ်။ပေါ်ဆန်း ရင်(စပါး)ကတော့ တင်း ၁ဝဝ ကို ၈၇၆ဝဝဝ ဈေးရှိပြီး ကျပ် ၉ဝဝဝဝ နီးပါးဈေးတက် ခဲ့ပါတယ်။  ဖျာပုံပေါ်ဆန်း(စပါး)က တင်း ၁ဝဝ ကို ၈၈၄၆ဝဝ ပေါက်ဈေးရှိပြီး ကျပ် ၇ဝဝဝဝ ကျော် ဈေးတက်ခဲ့ပါတယ်။ ဆန်ဈေးကတော့ တစ်တင်းခွဲ တစ်အိတ်ကို ၃၇ဝဝဝ ကနေ ၃၈ဝဝဝ ကြား ပေါက်ဈေးရှိနေပြီး တစ်အိတ်မှာ ကျပ် ၄ဝဝဝ ကျော် ဈေးတက်ခဲ့ပါတယ်။
ဆန်ကြမ်း အမျိုးအစားတွေဖြစ်တဲ့ ရွှေသွယ်လေး(စပါး)နဲ့ ဧရာမင်း(စပါး)က တင်း ၁ဝဝ ကို ကျပ် ၆၉ဝဝဝဝ၊  မနောသုခ(စပါး)က တင်း ၁ဝဝ ကို ကျပ် ၅၉၈ဝဝဝ၊  မီး ကောက်(စပါး)က ကျပ် ၆၁၆၄ဝဝ စသည်ဖြင့်ရှိပြီး  အမျိုးအစားအလိုက် ဈေးနှုန်း တွေ တက်ခဲ့ပါတယ်။ ဆန်ဈေးကတော့ အမြင့်ဆုံး ၂၆ဝဝဝ ကနေ အနိမ့်ဆုံး ၂၄ဝဝဝ ရှိပြီး တစ်တင်းခွဲတစ်အိတ်ကို ကျပ် ၂ဝဝဝ နီးပါး ဈေးတက်ခဲ့ပါတယ်။
ရန်ကုန် ဝါးတန်းကုန်စည်ဒိုင်မှာတော့ ရွှေဘိုပေါ်ဆန်းသစ်  တစ်အိတ်ကို ကျပ် ၅၃ဝဝဝ ကနေ ၅၅ဝဝဝ ပေါက်ဈေးရှိပြီး တစ်အိတ်မှာ ၃ဝဝဝ ကျပ်လောက် ဈေး တက်လာသလို ပေါ်ဆန်း (နယ်စုံ၊ ဖျာပုံ၊ ဒေးဒရဲ၊ မြောင်းမြနဲ့ ပုသိမ်)ကလည်း တစ် အိတ်ကို ကျပ် ၃ဝဝဝဝ ကနေ ၄၃ဝဝဝ၊  ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထဆန်၊ ၂၅ မှတ်တန်၊ ငစိန်၊ မြီးဒုံး၊ မိုးသုခ၊ ရက် ၉ဝ နဲ့ နွေသီးထပ်ဆန်တွေကလည်း  တစ်အိတ်ကို ကျပ် ၂၆၅ဝဝ ခန့် ပေါက်ဈေးရှိပြီး တစ်အိတ်မှာ ကျပ် ၁ဝဝဝ ကျော် ဈေးတက်လာပါတယ်။
နယ်ကုန်စည်ဒိုင်ဖြစ်တဲ့ မူဆယ်ကုန်စည်ဒိုင်မှာတော့ တရုတ်နှစ်ကူးဖြစ်တဲ့အတွက် အရောင်းအဝယ်တွေ နားထားပြီး  ဈေးကတော့ မပြောင်းလဲပဲ ရှိတယ်နေတယ်လို့ သိရပါတယ်။
မတ်ပဲ(FAQ/RC)
ပြီးခဲ့တဲ့အပတ်က ဈေးအနည်းငယ် ပြန်တက်ခဲ့တဲ့ မတ်ပဲက ဒီတစ်ပတ်မှာ ဈေးပြန် ကျဆင်းသွားပါတယ်။ ဒေသတွင်းဝယ်လိုအားလျော့နည်းခဲ့ပြီး ပဲအဝင်တွေလည်း များလာတဲ့အတွက် ဈေးအနည်းငယ်ပြန်ကျသွားခဲ့တာလည်း ဖြစ်ပါတယ်။ အိန္ဒိယ နိုင်ငံမှာလည်း ပြည်တွင်းလက်ကျန်ပဲတွေ ကျန်ရှိနေသေးတဲ့အတွက်  မြန်မာမတ်ပဲက ဈေးမာနေတဲ့ အခြေအနေမှာရှိနေပါတယ်။ ပွဲတော်ကာလဖြစ်တဲ့အတွက် အနိမ့်ဈေး ရရှိနေတဲ့ မတ်ပဲက ဆက်ပြီး ဈေးကျနိုင်ဖွယ်လည်း နည်းနေတယ်လို့ ဗါမငတအေခ့ ကနေ သိရပါတယ်။ အိန္ဒိယနိုင်ငံမှာတော့ မြန်မာမတ်ပဲက တစ်တန်ကို ၄၆၅ ဒေါ်လာ ရှိပြီး ဈေးငြိမ်နေပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲက လက်ရှိပေါက်ဈေး ကျပ် ၅၄ဝဝဝဝ ကျော်ရှိပြီး တစ်ပတ်အတွင်း ကျပ် ၂ဝဝဝဝ ကျော် ဈေးပြန်ကျခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ကျပ် ၁၇ဝဝဝ ရှိပြီး တစ်တင်းမှာကျပ် ၂ဝဝ  ဈေးကျပါတယ်။  ပြည် ကုန်စည်ဒိုင်မှာတော့ ၁၈၃ဝဝ နဲ့ နှစ်ပတ်ဆက်တိုက် ဈေးငြိမ်နေပြီး နေပြည်တော် ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ကျပ် ၁၆၆ဝဝ နဲ့ တစ်တင်းမှာ ကျပ် ၁၃ဝဝ လောက် ဈေးတက်လာခဲ့ပါတယ်။
ပဲစင်းငုံနီ
ဇန်နဝါရီနောက်ဆုံးပတ်ကစပြီး တဖြည်းဖြည်း ဈေးတက်လာခဲ့တဲ့ ပဲစင်းငုံနီက တစ်တန်ကို ငါးသိန်းနီးပါးအထိ ရောက်ရှိတော့မယ့် အနေအထားတစ်ခုကနေ ဖေဖော်ဝါရီလတတိယအပတ်မှာ ဈေးပြန်ကျသွားပြီး တစ်ပတ်အတွင်း တစ်တန်မှာ ကျပ် ၆ဝဝဝဝ လောက်အထိ ဈေးကျဆင်းသွားခဲ့ပါတယ်။ ဈေးတက်တဲ့အချိန် တောင်သူတွေလက်ထဲမှာ ပဲမရှိတော့တဲ့အတွက် ဈေးအတက်အကျရိုက်ခတ်မှုက တောင်သူတွေအပေါ်တော့ အများကြီး မသက်ရောက်ပါဘူး။
အိန္ဒိယနိုင်ငံကို အဓိက တင်ပို့နေတာဖြစ်တဲ့အတွက် အိန္ဒိယဝယ်ယူမှုအပေါ် မူတည်ပြီး ဈေးအတက်အကျ အပြောင်းအလဲက ရှိနေဆဲပါ။ ပြီးခဲ့တဲ့ အပတ်က သုံးသပ်ထားသလို အိန္ဒိယအစိုးရက ပဲစင်းငုံနီတွေကို  လက်ရှိအချိန်အထိ ဝယ်ယူပေး နေတဲ့အတွက် ပဲစင်းငုံကတော့ လက်ရှိပေါက်ဈေးထက် ထပ်ပြီးကျဆင်းနိုင်ဖွယ် နည်း တယ်လို့ Agriwatchကတော့ သုံးသပ်ထားပါတယ်။
ရန်ကုန်ဈေးကွက်မှာ ပြီးခဲ့တဲ့အပတ်က ပဲစင်းငုံနီ တစ်တန်ကို ကျပ် ၄၇ဝဝဝဝ အထိ အမြင့်ဆုံးရှိခဲ့ရာက ဒီတစ်ပတ်ထဲမှာ ကျပ် ၄၂၇ဝဝဝ  အထိ ဈေးကျသွားပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ၊ မြင်းခြံကုန်စည်ဒိုင်၊  ပခုက္ကူကုန်စည်ဒိုင်နဲ့  ပြည်ကုန်စည်ဒိုင်တို့မှာ လည်း ပဲစင်းငုံနီဈေးနှုန်းတွေက တစ်တင်းမှာ ကျပ် ၁၅ဝဝ ခန့်အထိ ကျသွားခဲ့ပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီကတော့ ဒီတစ်ပတ်မှာလည်း ဈေးကျဆင်းသွားပါတယ်။ ကြက်သွန် တွေ ဈေးကွက်အတွင်းကို အများအပြား ဝင်ရောက်နေပြီး အရည်အသွေးညံ့တဲ့အတွက် ဈေးက ထပ်ပြီးကျဆင်းသွားခဲ့တာလည်း ဖြစ်ပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာ ကြက် သွန်နီ တစ်ပိဿာကို ကျပ် ၁၁၅ဝ ခန့်ရှိပြီး တစ်ပိဿာမှာ ကျပ် ၃ဝဝ ကျော် ဈေး ကျဆင်းသွားသလို  ပခုက္ကူကုန်စည်ဒိုင်မှာ ၂ဝဝ ကျပ်ခန့်၊ နေပြည်တော်ကုန်စည်ဒိုင်မှာ  ၂ဝဝ ကျပ်ကနေ ၄ဝဝ ကျပ်၊ ပြည်ကုန်စည်ဒိုင်မှာ ၂ဝဝ ကျပ်ခန့် ဈေးကျဆင်းခဲ့ပါတယ်။  ရန်ကုန် ကုန်စည်ဒိုင်မှာတော့ တောင်တွင်း၊ မြစ်သား၊ ဆိပ်ဖြူ၊ ပျော်ဘွယ်အစရှိတဲ့ ကြက်သွန်နီအမျိုးမျိုးက တစ်ပိဿာကို ကျပ် ၈၅ဝ ကနေ ကျပ် ၁၇၅ဝ ကြား ပေါက် ဈေးရှိပြီး တစ်ပိဿာမှာ ကျပ် ၃ဝဝ ကျော်လောက် ဈေးကျဆင်းသွားခဲ့ပါတယ်။
အာလူး
အာလူးကလည်း အဝင်များလာပြီး ဒေသတွင်းဝယ်လိုအား လျော့နည်းသွားတဲ့ အတွက်ကြောင့် ဒီတစ်ပတ်မှာ ဈေးအနည်းငယ် ကျဆင်းသွားခဲ့ပါတယ်။ နေပြည်တော် ကုန်စည်ဒိုင်မှာ အာလူး တစ်ပိဿာကို ကျပ် ၂ဝဝ ကနေ ၆ဝဝ ခန့်သာ ဈေးရရှိပြီး တစ်ပိဿာမှာ ကျပ် ၃ဝဝ လောက် ဈေးကျဆင်းသွားပါတယ်။ ပြည်ကုန်စည်ဒိုင်မှာ လည်း တစ်ပိဿာမှာ ကျပ် ၃ဝဝ ကနေ ၅ဝဝ ပေါက်ဈေးရှိပြီး တစ်ပိဿာမှာ ကျပ် ၃၅ဝ လောက် ဈေးကျခဲ့သလို  အောင်ပန်းကုန်စည်ဒိုင်မှာလည်း တစ်ပိဿာမှာ ကျပ် ၅ဝ လောက် ဈေးကျခဲ့ပါတယ်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူကလည်း ဒီတစ်ပတ်ထဲမှာ ရှမ်းရော ကြူကုတ်ပါ ဈေးကျဆင်းသွား ခဲ့ပါတယ်။ နေ့စဉ် ပုံမှန် အရောင်းအဝယ်ဖြစ်ပြီး ဈေးငြိမ်နေခဲ့ပေမယ့် ဒီတစ်ပတ်မှာ အနည်းငယ် ကျဆင်းခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က  ကြက်သွန်ဖြူဟာ အမြင့်ဆုံး ဈေး ၆ဝဝဝ ကျော်အထိ ရရှိခဲ့ပေမယ့် လက်ရှိမှာတော့ တစ်ပိဿာကို ကျပ် ၂ဝဝဝ ကျော်နဲ့ လအတန်ကြာ ဈေးငြိမ်နေခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ၊ နေပြည်တော် ကုန်စည်ဒိုင်၊  ပြည်ကုန်စည်ဒိုင်နဲ့  အောင်ပန်းဒေသတွေမှာလည်း  ကြက်သွန်ဖြူ တစ်ပိဿာမှာ ကျပ် ၅ဝ ကနေ ကျပ် ၂ဝဝ ခန့်အထိ အသီးသီး ဈေးကျခဲ့ပါတယ်။
ဝတ်ရည်မွန်(AMIA)
ဓာတ်ပုံ-ကေဇူး(AMIA)

No comments:

Post a Comment