Latest News

Saturday, February 3, 2018

မြတ်မော်တင်စွန်း ဆံတော်ရှင်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်

မြတ်မော်တင်စွန်း ဆံတော်ရှင်စေတီတော်မြတ်ကြီး၏
ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် မဟာမကုဋရံသီ  မြတ်မော်တင်စွန်း ဆံတော်ရှင်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲ အခမ်းအနားနှင့်စေတီတော်ကြီးအား လုံးတော်ပြည့်ရွှေရောင် စတီးလ်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း၊ ရတနာစိန်ဖူးတော်၊ ရွှေထီးတော်၊  ငှက်မြတ်နားတော်   ဆက်ကပ်တင်လှူ ပူဇော်ပွဲကို ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းမှစတင်၍ အဆိုပါ စေတီပရိဝုဏ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ရှေးဦးစွာ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်မော်တင် စွန်းစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကို ပင်လယ်ကမ်းစပ်အနီး တည်ထားသည့်   ဖောင်တော်ဆိပ် စေတီအနီးတွင် ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   သူရဦးအောင်ကို၊ ဧရာဝတီတိုင်းဒေသကြီး   ဝန်ကြီးချုပ်  ဦးလှမိုးအောင်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဝဏ္ဏကျော်ထင် ဒေါက်တာ ဦးခင်ရွှေတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ ဆံတော်ရှင် မြတ်မော်တင်စွန်းစေတီ တော်ကြီးအား ရွှေထီးတော်အသစ်  တင်လှူပူဇော်ပွဲကို ကျင်းပရာ ကျိုက်ထီးဆောင်းဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာ ဘန္ဒန္တနာဂဒီပနှင့် မော်တင်စွန်း ဆရာတော်၊ ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်နှင့် အလှူရှင် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ် နှင့် နယ်စပ်တောင်တန်းဒေသ    သာသနာနုဂ္ဂဟအသင်း (ဗဟို)ဥက္ကဋ္ဌ ဒေါက်တာခင်ရွှေတို့က ရတနာစိန်ဖူးတော်၊ ရွှေထီးတော်၊ ငှက်မြတ်နားတော်တို့ကို မင်္ဂလာရထားဖြင့် စေတီတော်အထွတ်သို့ ပို့ဆောင်တင်လှူပူဇော်ကြသည်။

ထီးတော်တင်လှူပွဲသို့ တက်ရောက်လာသည့် ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က ''ဒီစေတီတော်က  ရွှေတိဂုံစေတီတော်ထက်   စောတယ်၊ ဘုရားကို ထီးတင်ဖို့  စိန်ဖူးတော်ကြီးတောင်    ပုသိမ် ရွှေမုဋ္ဌောဘုရားမှာ ကျွန်တော်က  ထမ်းပြီး ပူဇော်ခဲ့ရသေး တယ်၊ မြန်မာနိုင်ငံမှာ အရင်ဆုံးပေါ်ခဲ့တဲ့ စေတီတော်မြတ် ကြီးရဲ့ ထီးတော်တင်ပွဲမှာ ပါဝင်ခွင့်ရတဲ့အတွက် အများကြီး ဝမ်းသာပါတယ်၊ ဒီဒေသမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုလည်း ဆက်လက်လုပ်သွားဖို့ရှိပါတယ်''ဟု ပြောသည်။

အဆိုပါ ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီတော် မြတ်ကြီး ထီးတော်တင်လှူရန်နှင့် ရင်ပြင်တော် ဘက်စုံ ပြုပြင်မွမ်းမံနိုင်ရန်အတွက် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊  တိုင်းဒေသကြီးအစိုးရအဖွဲ့၏  ကြီးကြပ်မှုများဖြင့် မြန်မာ နိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ် တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း(ဗဟို)ဥက္ကဋ္ဌ ဒေါက်တာခင်ရွှေက ငွေကျပ် သိန်းပေါင်း နှစ်သောင်းကျော် အကုန်အကျခံ ပြုပြင်ခြင်းဖြစ်ကြောင်း သိရသည်။

မော်တင်စွန်းစေတီတော် ဘက်စုံအလှူရှင် ဒေါက်တာ ခင်ရွှေက    ''ကျိုက်ထီးဆောင်း   ဆရာတော်ကြီး၏ ဆန္ဒတော်နဲ့အညီ ထီးတော်အဆူ ၅ဝဝ ပြည့် တင်လှူပူဇော် ပွဲလည်းဖြစ်ပါတယ်၊ အခု စေတီတော်ကြီးထီးတော်တင်လှူ ခြင်းအပြင် ဖောင်တော်ဆိပ်စေတီတော်နဲ့ အရံစေတီ ၂၂ ဆူကိုပါ ထီးတော်သစ်တင်လှူပူဇော်ခဲ့ပါတယ်၊ ဆက်ပြီး တော့လည်း စေတီတော်ကြီး ဘက်စုံပြုပြင်မွမ်းမံဖို့အတွက် ဆောင်ရွက်မှာဖြစ်လို့   ၂ဝ၂ဝ ပြည့်နှစ်လောက်မှာတော့ အားလုံးပြီးမှာပါ''ဟု ပြောသည်။

အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ  ဦးအောင်ကျော်ခိုင်၊   တိုင်းဒေသကြီး ဝန်ကြီးများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာ အဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ  သာသနာနုဂ္ဂဟ အသင်း ဥက္ကဋ္ဌ ဒေါက်တာခင်ရွှေနှင့်   အလှူရှင်များ၊ ဒေသခံများနှင့် ဘုရားဖူးပြည်သူများ တက်ရောက်ကြသည်။

ယနေ့ ထီးတော်တင်လှူပူဇော်သည့် မော်တင်စွန်း စေတီတော်မှာ အမြင့်သံတောင် ၈၈ နှင့် အဝန်း ၁၃၆ ရှိ သည့် ဗုဒ္ဓဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကတည်းက ဘုရားရှင်၏  ဆံတော်မြတ်ကိန်းဝပ်စံပယ်  ဌာပနာကာ တည်ထားကိုးကွယ်ခဲ့သည့် သမိုင်းဝင်စေတီဖြစ်ပြီး  နှစ်စဉ် ဘုရားပွဲတော်ကို တပို့တွဲလပြည့်ကျော် ၁ ရက်မှ တပေါင်း လပြည့်နေ့အထိ တစ်လတိုင်ကျင်းပလေ့ရှိကြောင်း သိရ သည်။                                        
သီသီမင်း(​ကြေးမှုံ)

No comments:

Post a Comment