MRTV 4 နှင့် Forever BEC-Teroတို့ ပူးပေါင်း၍ပထမဆုံးအကြိမ်ပြုလုပ်မည့် The Voice Myamar တေးဆိုပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၈ ရက်တွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၃ ရက်က ရန်ကုန်မြို့ Chatrium ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် စာနယ်ဇင်း ရှင်းလင်း ပွဲမှ သိရသည်။ ကမ္ဘာကျော်အဆိုပြိုင်ပွဲတစ်ခုဖြစ်သည့်The Voice တေးဆိုပြိုင်ပွဲ၏ တရားဝင် ခွင့်ပြုချက်ဖြင့် ပြုလုပ်သည့် အဆိုပါ တေးဆိုပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်များကို ၂ဝ၁၇ ခုနှစ် နိုဝင်ဘာလအတွင်းက အွန်လိုင်းမှခေါ်ယူခဲ့ပြီး ပြိုင်ပွဲဝင် စုစုပေါင်း တစ်ထောင်ကျော်မှ ဆန်ခါတင် ပြိုင်ပွဲဝင်ဦးရေ တစ်ရာကို တေးရေး မြင့်မိုးအောင်က ရွေးချယ်ပေးခဲ့ကာ ကျန်ရှိနေသေးသည့် ပြိုင်ပွဲဝင်များထဲမှ နောက်ဆုံးအဆင့်ထိကျန်ရှိမည့် The Voice Myanmar Winner ဆုရှင်ကို၊ နာမည်ကျော် တေးသံရှင်များဖြစ်ကြသည့် လင်းလင်း၊ ဟန်ထူးလွင်(ကျားပေါက်)၊ ရန်ရန်ချန်းနှင့် နီနီခင်ဇော်တို့က ရွေးချယ်ပေးသွားမည်ဖြစ်ကြောင်း ProjectManger ဖြစ်သူ ကိုရဲမျိုးထက်က ပြောသည်။
''The Voice သီချင်းဆိုပြိုင်ပွဲက လက်ရှိမှာ အောင်မြင်နေတဲ့ သီချင်းဆိုပြိုင်ပွဲတစ်ခု လည်း ဖြစ်တယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း ဒီလိုပြိုင်ပွဲမျိုး ရှိစေချင်တယ်၊ နောက်တစ်ခုက ဒီပွဲရဲ့အဓိကရည်ရွယ်ချက်ကိုက ပြိုင်ပွဲဝင်တွေကို အကဲဖြတ်ဒိုင်တွေက လေ့ကျင့်သင်ကြားပေးမယ်၊ အဲဒီလိုသင်ကြားပေးခြင်းအားဖြင့် ပြည်တွင်းက အဆိုဝါသနာရှင်တွေအတွက် နိုင်ငံကျော် အဆိုတော်တွေ ဖြစ်လာတဲ့အထိ အခွင့်အရေးတွေ ရရှိမယ်၊ လက်ရှိပြိုင်ပွဲဝင် အယောက် တစ်ရာထဲက နောက်ဆုံး Winner ဆုရှင်ကို အဆင့်သုံးဆင့်နဲ့ ရွေးချယ်သွားမှာပါ''ဟု ကိုရဲမျိုးထက်က ပြောသည်။ ဆုကြေးငွေကျပ်သိန်း၂ဝဝ နှင့်အတူ ယူနီဗာဆယ် တေးသံသွင်းတွင် တေးစီးရီးထုတ်လုပ်ခွင့်ရရှိမည့် ယင်းတေးဆိုပြိုင်ပွဲအစီအစဉ်ကိုMRTV 4 ရုပ်သံလိုင်းမှ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ထုတ်လွှင့်ပြသသွားမည် ဖြစ်သည်။
ဌေးမမ(ကြေးမှုံ)
No comments:
Post a Comment