Latest News

Thursday, February 22, 2018

နှစ်ပေါင်း ၂ဝဝ ကျော်သက်တမ်းရှိ မြို့ကုန်းဘုရား သမိုင်းစာအုပ် ပြုစုလျက်ရှိ

နှစ်ပေါင်း ၂ဝဝ ကျော်သက်တမ်းရှိ မြို့ကုန်းဘုရား သမိုင်းစာအုပ် ပြုစုလျက်ရှိ

မလှိုင်  ဖေဖော်ဝါရီ  ၂၁

မန္တလေးတိုင်းဒေသကြီး  မိတ္ထီလာခရိုင်  မလှိုင် မြို့နယ် နှောကန်တိုက်နယ် မြို့ကုန်းကျေးရွာ၌ သီရိဓမ္မာသောကမင်းကြီး တည်ထားကိုးကွယ်ခဲ့ သည့် နှစ်ပေါင်း ၂ဝဝ ကျော် သက်တမ်းရှိပြီဖြစ် သော မြို့ကုန်းဘုရား၏ ဘုရားသမိုင်းစာအုပ် ပြုစု လျက်ရှိကြောင်း သိရသည်။

နှောကန်တိုက်နယ် ဒေသအခေါ်အဝေါ် ဒိုင်နှစ် ဆယ် ပတ်လည်ရှိ ဆရာတော် သံဃာတော်များ၏ ညွှန်ကြားချက်အရ ရပ်မိရပ်ဖများ၊ ဂေါပကများနှင့် နှောကန်တိုက်နယ် နှောကန်ရဲကင်းစခန်းမှူးတို့ ပူးပေါင်း၍  ရှေးဟောင်းသုတေသန ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း)  စာရေးဆရာ မင်းဘူး ဦးအောင်ကြိုင်နှင့်  စာရေးဆရာ  ဦးတင် လှိုင် (မိတ္ထီလာ)တို့က မြို့ကုန်းဘုရားသမိုင်းစာအုပ် ကို ယခု ဖေဖော်ဝါရီ ၁၇ ရက်မှ စတင်ပြုစုနေခြင်း ဖြစ်ကြောင်း သိရသည်။
နှောကန်တိုက်နယ် ရဲစခန်းမှူး ရဲအုပ်အေးမင်း က ''ကျွန်တော်တာဝန်စကျတဲ့နှစ် ဘုရားပွဲမှာ ဆရာတော်ကို  မေးမြန်းလျှောက်ထားမိတယ်၊  ဘုရားသမိုင်းစာအုပ်ရှိလားဆိုတော့ ဆရာတော် က မရှိဘူးတဲ့၊ အဲဒီကတည်းက ဒီမြို့ကုန်းဘုရားမှာ ဘုရားသမိုင်းစာအုပ်  ရှိစေချင်ခဲ့တာပါ၊   အဲဒီ နောက်မှာ  တာဝန်အလုပ်တစ်ဖက်နဲ့ဆိုတော့ နည်းနည်းတော့ နှောင်းသွားပါတယ်၊ ကျွန်တော် ခင်တဲ့   စာပေသမားတစ်ဦးနဲ့   ညှိနှိုင်းတော့ ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့   ရွာမှာရှိတဲ့ ဆရာတော်တွေ  ရပ်မိရပ်ဖဂေါပကအဖွဲ့နဲ့ညှိနှိုင်းပြီး စာပေသမားအကူအညီနဲ့ ခုလို မြို့ကုန်းဘုရား သမိုင်းစာအုပ်ကို ပြုစုဖို့ဆောင်ရွက်တာပါ''ဟု ပြောသည်။

မြို့ကုန်းဘုရားမှာ ကျောင်း၊ ရေတွင်း၊ ရေကန်၊ ဘုရားခြေတော်ရာ၊ မြို့ရိုးများရှိနေသည့်အပြင် ပေ၊ ပုရပိုက်များအရ ၁၈ ရာစု ကုန်းဘောင်ခေတ်က တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ပေ၊ ပုရပိုက်များမှာ မြန်မာသက္ကရာဇ် ၁၁၉၉  ခုနှစ် ညောင်အုပ်မြို့ဟု သုံးစွဲထားခြင်းကြောင့် ကုန်းဘောင်ခေတ် မြို့ ဟောင်းဖြစ်ကာ နှစ်ပေါင်းနှစ်ရာကျော် သက်တမ်း ရှိပြီဖြစ်ကြောင်း ရှေးဟောင်းသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဆရာ မင်းဘူး ဦးအောင်ကြိုင်က သုံးသပ်ပြောကြားသည်။

မြို့ကုန်းကျောင်း ဆရာတော်ကလည်း အဆိုပါ သမိုင်းစာအုပ်ပြုစုမည့်ကိစ္စနှင့် ပတ်သက်၍ ဒကာ များ၏  လုပ်ဆောင်ချက်အပေါ်  သဘောတူ ထောက်ခံကြောင်းနှင့်  အတိုင်းမသိ   ဝမ်းသာ ကြောင်း မိန့်ကြားသည်။

မြို့ကုန်းဘုရားသည် မူလက ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၃ဝဝ ခန့်က သီရိဓမ္မာသောကမင်းကြီး တည်ထားခဲ့သော စေတီပေါင်း ရှစ်သောင်းလေး ထောင်၊ ရေတွင်းပေါင်း ရှစ်သောင်းလေးထောင် အနက်   တစ်ဆူဖြစ်နိုင်ပြီး  သီရိဓမ္မာသောက မင်းကြီး တည်ထားသော ရွှေမုဋ္ဌောစေတီဖြစ်နိုင် ကြောင်း၊ သီရိဓမ္မာသောကမင်းကြီး တည်ထား ကိုးကွယ်ခဲ့သော ရွှေမုဋ္ဌောစေတီတော်အား မြို့ ကုန်းကျေးရွာ မြို့ကုန်းကျောင်းဆရာတော်များက ငုံ၍ အသစ်ပြုပြင် မွမ်းမံတည်ဆောက်ခဲ့ခြင်း ကြောင့် ယခုအခါ စေတီတော်ကို ဉာဏ်တော်ပိုမို မြင့်မားစွာဖြင့်  ယခုခေတ်လက်ရာများဖြင့် ဖူး တွေ့ရကြောင်း၊ ပုဂံမြို့၌လည်း ထိုသို့ ရှေးဟောင်း စေတီများကိုငုံ၍  ပြန်လည်ပြုပြင်သည့်ဘုရား အရေအတွက်  ငါးဆယ်ခန့်ရှိကြောင်း  ဆရာ မင်းဘူးဦးအောင်ကြိုင်ထံမှ သိရသည်။ဘိုဘို(မလှိုင်)မြန်​မာ့အလင်း

No comments:

Post a Comment