Latest News

Tuesday, February 6, 2018

မန္တလေး ၁၃ဝဝ ပြည့်အာဇာနည် ၁၇ ဦး ဗိမာန်ကို ဘယ်လို စီမံခန့်​ခွဲသင့်​သလဲ

မန္တလေး ၁၃ဝဝ ပြည့်အာဇာနည် ၁၇ ဦး ဗိမာန်ကို ဘယ်လို စီမံခန့်​ခွဲသင့်​သလဲ

ယခု ၁၃၇၉ခုနှစ် တပို့တွဲလပြည့်ကျော် ၇ ရက်နေ့တွင် ရဟန်းရှင်လူ၊ ကျောင်းသား၊ ပြည်သူ ကျဆုံးခဲ့သော မန္တလေး ၁၃ဝဝပြည့်အရေးတော်ပုံကြီး (၇၉)နှစ်ပြည့်ပြီ။  တကယ်တော့ ၁၃ဝဝ ပြည့်အရေးတော်ပုံဟာ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲသမိုင်းမှာ    နိုင်ငံရေးအရလည်း ကြီးကျယ်မြင့်မားသလို    အလွှာပေါင်းစုံညီညွတ် ပေါင်းစည်းမှုမှာလည်း ထင်ရှားကြီးကျယ်ခဲ့ရုံမက ဖက်ဆစ်တော်လှန်ရေးအတွက်ရော၊ လွတ်လပ်ရေး တိုက်ပွဲလမ်းကြောင်းအတွက်ရော လမ်းညွှန်ရှေ့ဆောင် ဖြစ်ခဲ့တယ်ဆိုရင် ဘယ်သူမှ မငြင်းနိုင်ပါဘူး။          
         
လှည်းနေလှေအောင်း မြင်းဇောင်းမကျန်

၁၉၃ဝ ပြည့်နှစ်တစ်ဝိုက်မှာပဲ ကမ္ဘာမှာ ကမ္ဘာ့စီးပွားရေး ကပ်ပျက်ကြီး ဖြစ်တယ်။ မြန်မာ့နိုင်ငံရေး အဖွဲ့အစည်း တွေမှာလည်း    အကွဲအပြဲတွေရှိခဲ့တယ်။    ပြဿနာ ကတော့   ခွဲရေး၊   တွဲရေးပြဿနာပါပဲ။  မကြာပါဘူး။ အဓိကရုဏ်းတွေဖြစ်တယ်။   ဒီအခြေအနေတွေမှာ
တို့ဗမာအစည်းအရုံး  ပေါ်ပေါက်ခဲ့ပါတယ်။ ဒီနောက် ဂဠုန်ဆရာစံခေါင်းဆောင်တဲ့ လယ်သမားအရေးတော်ပုံ ပေါ်ပေါက်ခဲ့တယ်။ အင်္ဂလိပ်အစိုးရက လယ်သမား အရေးတော်ပုံကို ရက်ရက်စက်စက် ဖြိုခွင်းပြီး ဆရာစံကို ကြိုးပေးကွပ်မျက်လိုက်တယ်။ ဒီနောက်မှာတော့ ၁၉၃၆ ခုနှစ်မှာ ဒုတိယကျောင်းသားသပိတ်ကြီး ပေါ်ပေါက်ခဲ့ တယ်။ နောက် ၁၉၃၈ ခု၊ ဇန်နဝါရီလမှာ ရေနံမြေ သပိတ်ကြီးပေါ်ပေါက်ခဲ့တယ်။ အဲ့ဒီနှစ် ဒီဇင်ဘာလမှာပဲ ရန်ကုန်ကျောင်းသားတွေရဲ့ သပိတ်တိုက်ပွဲမှာ ကျောင်း သားခေါင်းဆောင် ဗိုလ်အောင်ကျော်ကျဆုံးခဲ့ရတယ်။ တိုင်းပြည်မှာ အထွေထွေအကျပ်အတည်းတွေနှင့်အတူ အုပ်စိုးသူရဲ့ မတရားဖိနှိပ်မှုအပေါ်မှာ မခံနိုင်ကြတဲ့အဆုံး ချောက်ရေနံမြေက အလုပ်သမားထုကြီးက အစိုးရရုံး စိုက်ရာ ရန်ကုန်အထိ ခြေကျင်ချီတက်ပြီး ဆန္ဒပြကြဖို့ စုစည်းညီညွတ်ခဲ့ကြတယ်။ ရေနံမြေမှာရှိတဲ့အလုပ်သမား ထုကြီးနဲ့ မိသားစုများအပါအဝင် လှည်းနေလှေအောင်း မြင်းဇောင်းမကျန်လို့ပြောရမှာပေါ့။  ဒီစုစည်းညီညွတ်မှု၊ ငြိမ်းချမ်းစွာဆန္ဒပြမှုကို    အုပ်စိုးသူရဲ့ထုံးစံအတိုင်း လက်နက်နဲ့ပဲ ဖြေရှင်းဖို့ ကြိုးစားလာတယ်။ ဒီတင်ပဲ ကျောင်းသားသမဂ္ဂခေါင်းဆောင် ရဲဘော်ဗဟိန်းက အလုပ်သမားသပိတ်တပ်ကြီးရဲ့ တပ်ဦးကနေ…

''မနက်ဖြန် ထွက်ဖြစ်အောင်ထွက်ကြပါ။ အနှောင့် အယှက်တွေ့ရင် အသေခံပါ။ ကျုပ်တို့ကို အခုဖမ်းနေပြီ။ ကိစ္စမရှိပါဘူး။ ကျုပ်ကိုဖမ်းတဲ့အတွက် နက်ဖြန် ဗမာတစ်ပြည်လုံးဘာဖြစ်သွားမယ်ဆိုတာ သိရပါလိမ့်မယ်။ မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေ့မယ်'' လို့ ဟစ်ြေ<ွကးလိုက်တယ်။

၁၃ဝဝ ပြည့် အရေးတော်ပုံ

၁၉၃၈ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်နေ့က မကွေးမြို့ မဲထီးကျောင်းတိုက် သပိတ်စခန်းမှာ ရေနံမြေသပိတ်တပ် ကြီးကိုပြောလိုက်တဲ့ ရဲဘော်ဗဟိန်းရဲ့မိန့်ခွန်းဟာ ဘဝဂ် တိုင်ညံသွားတာပါပဲ။ ဖိနှိပ်သူအစိုးရရဲ့ ဖြိုခွင်းမှုတွေ၊ ဖိနှိပ်မှုတွေကြောင့် ချောက်၊ ရေနံချောင်း၊ မကွေးနဲ့ ရန်ကုန်မြို့တော်မှာအထိ လူတန်းစားအလွှာအသီးသီး သွေးစည်းညီညွတ်စုရုံး တိုက်ပွဲဝင်ကြတဲ့ ၁၃ဝဝ ပြည့် အရေးတော်ပုံကာလအတွင်းမှာ ရေနံမြေအလုပ်သမား တွေ အရိုက်အနှက် အဖမ်းအဆီးခံရတာ၊ ကျောင်းသား ဗိုလ်အောင်ကျော်ကျဆုံးရတာတွေအပေါ် မန္တလေးမှာ ရှိတဲ့ ကျောင်းသားပြည်သူ ရဟန်းရှင်လူများကလည်း မခံမရပ်နိုင်ဖြစ်ကြတယ်။

မြန်မာ့လွတ်လပ်ရေး တိုက်ပွဲသမိုင်းကာလ လယ် သမား၊ အလုပ်သမား၊ ကျောင်းသားရဟန်းရှင်လူ ပြည်သူ တစ်ရပ်လုံး၊ တစ်ပြည်လုံး အတိုင်းအတာနှင့် တညီ တညွတ်တည်း ဆင်နွှဲခဲ့တဲ့ ၁၃ဝဝ ပြည့် အရေးတော်ပုံ ကြီးဟာ ကမ္ဘာကျော်မျှ ထင်ရှားခဲ့တာ အားလုံးအသိပါပဲ။ ဒီအရေးတော်ပုံကြီးမှာ  မန္တလေးမြို့  လူထုကလည်း အုပ်စိုးသူ နယ်ချဲ့အစိုးရရဲ့ မတရားဖိနှိပ်ကွပ်ညှပ်တဲ့ အမိန့်အာဏာဟူသမျှကို   တာဝန်အရ၊  တညီတညွတ် တည်း  ဆန့်ကျင်ခဲ့ကြတယ်။ ဒါကြောင့် မန္တလေးမှာ လည်း အစိုးရက ကြိုတင်တားဆီး ကန့်သတ်ထားတဲ့ ဥပဒေတွေ၊  အမိန့်ပုဒ်ထီးပုဒ်မတွေ   ထုတ်တယ်။ ခေါင်းဆောင် ကျောင်းသားတွေကို ဖမ်းထားတယ်။ ဒါကြောင့် ရဟန်းသံဃာများ ဦးဆောင်ပြီး မြို့လုံးကျွတ် သပိတ်မှောက်တယ်။ လူထုပရိသတ် သိန်းသောင်းချီပြီး ငြိမ်းချမ်းစွာ ဆန္ဒပြတယ်။ ဒါကို နယ်ချဲ့အစိုးရက ပစ်ခတ်နှိမ်နင်းတယ်။ ၂၆ ဘီလမ်းမပေါ် ပွဲချင်းပြီးရော၊ နောက်ရက် ဒဏ်ရာတွေကြောင့်ရော၊ စုစုပေါင်း ရဟန်း အာဇာနည်   ခုနစ်ပါးနှင့်  ကျောင်းသား  ပြည်သူ အာဇာနည် ၁ဝဦး စုစုပေါင်း ၁၇ ဦး ကျဆုံးခဲ့ရပါတယ်။ လွတ်လပ်ရေးတိုက်ပွဲသမိုင်းကာလ တစ်လျှောက်လုံး အပြစ်မဲ့ပြည်သူအပေါ် အစိုးရရဲ့ နှိပ်ကွပ်ပစ်ခတ်မှု ကြောင့် မန္တလေးအာဇာနည် ၁၇ ဦးကျဆုံးမှုဟာ မြို့ကြီး ပြကြီးတစ်ခုရဲ့ လမ်းလယ်ကောင်မှာ သွေးအများဆုံး ကျရတဲ့ နယ်ချဲ့ဆန့်ကျင်ရေးလူထုတိုက်ပွဲကြီးလည်း ဖြစ်တယ်။

မန္တလေး ၁၃ဝဝ ပြည့်အရေးတော်ပုံ အာဇာနည် ၁၇ ဦး ဗိမာန်

ဒါဟာ လွတ်လပ်ရေးတိုက်ပွဲသမိုင်းတစ်လျှောက်မှာ မန္တလေးမြို့လူထုရဲ့  ကြီးမားသော တာဝန်ကျေမှုလည်း ဖြစ်ပါတယ်။ ဒီတိုက်ပွဲမှာကျဆုံးခဲ့တဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူ ၁၇ ဦးကိုလည်း မန္တလေး တမ္ပဝတီ သူကြွယ်ကုန်းမှာ မြို့လူထုပြည်သူများကပဲ မြေနေရာ လှူပြီး အာဇာနည် ၁၇ ဦးရဲ့ ရုပ်ကလာပ်တွေကို မြှုပ်နှံ သဂြုင်္ိဟ်ခဲ့တယ်။ ဒီနေရာမှာပဲ မြို့လူထုပြည်သူများရဲ့ အလှူငွေတွေ၊ အာဇာနည်မိသားစုရဲ့ ချွေးနှဲစာတွေနှင့် ''အာဇာနည်ဗိမာန်'' တည်ဆောက်ကာ အမွန်အမြတ် ထားခဲ့ကြတယ်။ မန္တလေး ၁၃ဝဝ ပြည့်အရေးတော်ပုံ အာဇာနည် ၁၇ ဦး ဗိမာန်ဆိုတာ မြေနေရာကအစ ဗိမာန်အဆောက်အအုံများအဆုံး    မြို့မိမြို့ဖများ၊ အာဇာနည်များရဲ့ မိသားစုနှင့် မြို့လူထု(ဝါ) ပြည်သူများ က လှူဒါန်းဂုဏ်ပြုခဲ့ကြတာပါ။

မြို့လူထုကပဲ နှစ်စဉ် တပို့တွဲလပြည့်ကျော် ၇ ရက် နေ့ရောက်တိုင်း   အမှတ်တရအခမ်းအနား  ကျင်းပ၊ လွမ်းသူ့ပန်းခွေချ၊ ဆွမ်းကပ် အမျှအတန်းဝေကာ အလေး ပြုခဲ့ကြတယ်။ နိုင်ငံ့လွတ်လပ်ရေးအတွက် အသက်စွန့် ခဲ့ကြတဲ့ အာဇာနည်တွေကို ''မြို့လူထု'' အစီအစဉ်တွေ၊ ဆန္ဒတွေနဲ့ချည်း အလေးအမြတ် ပြုခဲ့ကြတာကို ၁၉၈ဝ ကျော် ကာလကစပြီး အာဏာပိုင် တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တစ်စည်း၊ အမိန့်နှင့် ကန့်သတ် ချုပ်ချယ်လာတယ်။ ၁၉၈၈ အရေးတော်ပုံကြီးအပြီးမှာတော့ အာဏာပိုင် တွေရဲ့အမိန့်နှင့် မြို့လူထုပိုင် ''၁၃ဝဝ ပြည့် အရေးတော်ပုံ၊ မန္တလေးအာဇာနည် ၁၇ ဦးဗိမာန်'' ကို သော့အထပ်ထပ် ခတ် ပိတ်သိမ်းပစ်လိုက်တယ်။ တောက်လျှောက်ပဲ အစ ဖျောက်ပစ်တော့မယ့် သဘောလက္ခဏာတွေ သတိပြုမိ လာကြတာပါပဲ။ ၂ဝ၁ဝ ပြည့်နှစ်နောက်ပိုင်း မြို့လူထုက ပြန်လည်တောင်းဆိုလို့ မန္တလေးအာဇာနည်ဗိမာန်ကို အကန့်အသတ်နှင့် ပြန်ဖွင့်ပေးခဲ့တယ်။ တပို့တွဲလပြည့် ကျော် ၇ ရက်နေ့မှာ အမှတ်တရ အခမ်းအနားတွေ ပြုလုပ်ခဲ့ကြတယ်။

အာဇာနည် ၁၇ ဦးဗိမာန် ထိန်းသိမ်းရေးကော်မတီ

မြန်မာ့လွတ်လပ်ရေးသမိုင်းအတွက် အရေးပါလှတဲ့ ၁၃ဝဝပြည့်အရေးတော်ပုံကြီးမှာရှေ့တန်းက အလံမလှဲ စတမ်း အသက်အသေခံပြီး လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူ အာဇာနည် ၁၇ ဦးကို ပြည်သူကပဲ အလေးအမြတ်ပြုကာ ပြည်သူ့ချွေးနှဲစာနဲ့ ''မန္တလေး ၁၃ဝဝ ပြည့် အာဇာနည် ၁၇ ဦးဗိမာန်'' ကို ခမ်းနားစွာ တည်ထားဖွင့်လှစ်ဂုဏ်ပြု ခဲ့ကြပါပြီ။ အခု ပြည်သူ့အစိုးရက ''ပြည်သူနဲ့အတူ'' လို့ြေ<ွကးကြော်ထားပါပြီ။ ဒါကြောင့် ပြည်သူ့အစိုးရ ခေတ်မှာ ပြည်သူ့ချွေးနှဲစာနဲ့ ပြည်သူတွေကိုယ်တိုင် စိုက်ထုတ်ထားတဲ့ ပြည်သူပိုင် ''မန္တလေး ၁၃ဝဝပြည့် အာဇာနည် ၁၇ ဦးဗိမာန်'' ကို ပြည်သူ့ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများ၊
ပညာရှင်များနဲ့ ရွေးချယ်ဖွဲ့စည်းထားတဲ့ ''မန္တလေး ၁၃ဝဝပြည့် အာဇာနည် ၁၇ ဦး ဗိမာန်ထိန်းသိမ်းရေး ကော်မတီ''   လက်အောက်ကို   အမြန်ဆုံးထားရှိဖို့ လိုအပ်နေပါပြီ။

ဗိမာန်ကြီးကို မူလတည်ဆောက်စဉ်ကပင် ကျဆုံးခဲ့တဲ့ အာဇာနည်များရဲ့ ဂူဗိမာန်သာမက မန္တလေး၁၃ဝဝပြည့် အရေးတော်ပုံ ဆိုင်ရာ သမိုင်းအချက်အလက်များကအစ စုဝေးရာ ချီတက်ရာ အာဇာနည်များ တစ်ဦးချင်းကျဆုံးရာ နေရာများ   ပြညွှန်းမြေပုံအထိ   ကမ္ပည်းတင်ခဲ့တဲ့ ကျောက်စာများကိုလည်း ဗိမာန်နှင့်တကွ အမြော်အမြင် ကြီးစွာနဲ့ စိုက်ထူခဲ့ကြပါသေးတယ်။ မူလရှိပြီး ဒီကမ္ပည်း ကျောက်စာများကို အခြေခံပြီး သမိုင်းပျောက်လုလုဖြစ် နေတဲ့ ၁၃ဝဝပြည့်အရေးတော်ပုံနဲ့ မန္တလေး အာဇာနည် ၁၇ ဦးဆိုင်ရာ မှတ်တမ်းများပါဝင်တဲ့ ပြခန်းကိုလည်း အဆင်သင့် ထပ်မံဖွင့်လှစ်မယ်ဆိုရင်  ''ပြည်သူနဲ့အတူ''လို့ ကြွေးကြော်ထားတဲ့  ပြည်သူ့အစိုးရရဲ့  ဂုဏ်ပုဒ်နဲ့ လျော်ညီသင့်မြတ်မည်ဖြစ်ပါကြောင်း။       ။ကြေးမှုံ

No comments:

Post a Comment