Latest News

Friday, February 9, 2018

ပင်လယ်ကမ်းစပ်တွင် စကွဲယားတုံးများ အပြည့်တင်ဆောင်ထားသည့် ပိုင်ရှင်မဲ့သစ်စက်လှေတစ်စီးတွေ့ရှိ

ပင်လယ်ကမ်းစပ်တွင် စကွဲယားတုံးများ အပြည့်တင်ဆောင်ထားသည့် ပိုင်ရှင်မဲ့သစ်စက်လှေတစ်စီးတွေ့ရှိ

ဟိုင်းကြီးကျွန်း    ဖေဖော်ဝါရီ ၉

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ဟိုင်းကြီးကျွန်းမြို့ အမှတ်(၃) ရပ်ကွက် သင်္ချိုင်းအနီးပင်လယ်ကမ်းစပ်တွင် ဖေဖော်ဝါရီလ(၉)ရက်နေ့ နံနက်ပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ကပ္ပလီနယ်မြေမှူးတို့ နယ်မြေအခြေအနေလှည့်လည်စစ်ဆေးစဉ် တောင်သရက်သစ် စကွဲယားတုံး အပြည့်တင်ဆောင်ထားသည့် ပိုင်ရှင်မဲ့သစ်စက်လှေ တစ်စီးအား တွေ့ရှိသတင်းပေးပို့ချက်အရ သက်ဆိုင်ရာက စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။

 ပိုင်ရှင်မဲ့သစ်စက်လှေမှာ အလျား ၃၃ ပေ၊အနံ ၁၀ ပေ၊စောက် ၆ ပေ ရှိပြီး တရုတ်နီ(၂၅)ကောင် စက်အမျိုးအစားတပ်ဆင်ထားသည့် ဖားကူးအမျိုးအစားစက်လှေဖြစ်ကြောင်း၊ ယင်းစက်လှေပေါ်တွင် တောင်သရက်သစ် စကွဲယားတုံးများ အပြည့်တင်ဆောင်ထားပြီး ဟိုင်းကြီးကျွန်းမြို့သစ်တောဦးစီးဌာနက သစ်စုစုပေါင်း(၃)တန်ခန့် ရှိနိုင်ကြောင်းနှင့် မြေပြင်သို့သယ်ယူပြီးမှ သစ်တန်ကို အတိအကျ တွက်ချက်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

 စက်လှေအမျိုးအစားမှာ ဖားကူးအမျိုးအစားဖြစ်သော်လည်း သစ်လုံးထွင်းလှေလုံးအားပင်လယ်တွင်း သွားလာမှုမြန်ဆန်အောင် ပြုပြင်ထားသော စက်လှေမျိုးဖြစ်ပြီး တင်ဆောင်ထားသောစကွဲယား တုံးများမှာ အနိမ့်ဆုံး (၆)တန်မှ (၇)တန်ခန့်အထိ ရှိနိုင်ကြောင်း ဒေသခံတစ်ဦး၏ပြောပြချက်အရသိရသည်။

ပင်လယ်ကမ်းစပ်တွင်ပိုင်ရှင်မဲ့တွေ့ရှိသောသစ်စက်လှေမှာပင်လယ်ရေများဝင်ရောက်နေပြီးအချိန်ကြာသွားပါက သောင်ပြင်ရှိသဲအတွင်း နစ်မြုပ်သွားနိုင်သဖြင့် စက်လှေပေါ်ပါ သစ်များအားနေရာရွှေ့ပြောင်း သိမ်းဆည်းနိုင်ရေးနှင့်ပိုင်ရှင်မဲ့သစ်များနှင့်ပတ်သက်၍ဟိုင်းကြီးကျွန်းမြို့
သစ်တောဦးစီးဌာနက စစ်ဆေးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)မြန်​မာ့အလင်း

No comments:

Post a Comment