Latest News

Thursday, February 8, 2018

ဆောင်းရာသီ၌ ငါးအသေအပျောက် နည်းစေရန် ငါးစာကျွေးရာတွင် ဂရုပြုရန် လိုအပ်

ဆောင်းရာသီ၌ ငါးအသေအပျောက် နည်းစေရန် ငါးစာကျွေးရာတွင် ဂရုပြုရန် လိုအပ်

ရန်ကုန် ဖေဖော်ဝါရီ ၇

ဆောင်းရာသီတွင် ငါးအသေအပျောက် ဖြစ်ပွားတတ်သည့်အတွက် အစာကျွေးရာတွင်  သတိထားပြီး ငါးမွေးမြူရေး ကန်များအနေဖြင့် အပူချိန် ၂၇ ဒီဂရီစင်တီဂရိတ် အထိ ရောက်ရှိမှသာ ငါးများကို အစာကျွေးသင့်ကြောင်း မြန်မာနိုင်ငံ ငါးမွေးမြူရေး လုပ်ငန်းရှင်များ အသင်းအတွင်းရေးမှူး ဒေါက်တာမြင့်ဆွေထံမှ သိရသည်။

ဆောင်းရာသီတွင် ငါးများသည် အစာချေဖျက်မှု အားနည်းပြီး ကန်ရေပြင် အေးနေပါက အစာမစားချင်သော ငါးများ၏ အလေ့အထကို နားမလည်ဘဲ ပုံမှန်အစာကျွေးနေကျ အချိန်အတိုင်း ကျွေးမွေးပါက ငါးများ အစာမစားသောကြောင့် ယင်းအစာများသည် ကန်ရေပြင်ကိုလည်း ညစ်ညမ်းစေသည့်အပြင် ငါးများအမှန်တကယ် အစာစားချင်သည့် အချိန်တွင် အစာမစားကြရသည့် အတွက် ငါးအသေအပျောက် များခြင်းလည်းဖြစ်သည်။

ဆောင်းတွင်းကာလတွင် အစာကျွေးသည့် အခါ အပူချိန်တိုင်းတာသည့် သာမိုမီတာ ဆောင်ထားသင့်ပြီး အပူချိန် ၂၇ ဒီဂရီစင်တီ ဂရိတ်ရှိမှသာ ကျွေးသင့်သည်။ အပူချိန် ၂၇ ဒီဂရီစင်တီဂရိတ် ရောက်မှသာ အစာကျွေးပါက အစာအလေအလွင့် နည်းမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရာသီဥတုအေးသည့် အချိန်သည် ငါးများခုခံအား ကျဆင်းနေချိန်ဖြစ်ပြီး ကျန်းမာရေး ကျဆင်းကာ အစာစားနှုန်း ကျဆင်းသည့်အချိန်တွင် ငါးကန်အတွင်းရှိ Parasite ဟုခေါ်သည့် ဗက်တီးရီးယား ရောဂါပိုးပွားနှုန်း များသည့်အတွက်လည်း ငါးသေဆုံးမှုများ ရှိကြောင်း၊ ဆောင်းရာသီတွင် ငါးကြင်း၊ ငါးမြစ်ချင်းနှင့် ငါးခေါင်းပွငါးများ သေဆုံးမှုနှုန်းမှာ အများဆုံး ဖြစ်ကြောင်း သိရသည်။

ဆောင်းရာသီတွင် ငါးအသေအပျောက် နှုန်းများသည့်အတွက်    အစာကျွေးရာတွင် ထိန်းထိန်းသိမ်းသိမ်း ကျွေးရန်လိုအပ်ပြီး အစာအကြွင်းအကျန်များ  မများစေရန် လိုအပ်သည်။ ဆောင်းတွင်းကာလတွင် အောက်ဆီဂျင် နည်းသည့်အတွက်  ကန်မကျပ်ရန်လည်း သတိပြုရန် လိုကြောင်းနှင့် ငါးတွေများပြီး ကန်ကျပ်ပါကလည်း ရောဂါပိုးများ၏ တိုက်ခိုက်မှုကြောင့် ငါးအသေအပျောက်နှုန်း များသည်ကို တွေ့ရကြောင်း သိရသည်။(MWD)

No comments:

Post a Comment