Latest News

Thursday, February 22, 2018

ခွင့်ပြုမိန့်မရှိဘဲလယ်ယာမြေကိုအခြားနည်းသုံးစွဲခဲ့သူအားလယ်ယာမြေဥပဒေ ပုဒ်မ ၂၀ အရတရား စွဲမည်

ခွင့်ပြုမိန့်မရှိဘဲလယ်ယာမြေကိုအခြားနည်းသုံးစွဲခဲ့သူအားလယ်ယာမြေဥပဒေ ပုဒ်မ ၂၀ အရတရား စွဲမည်

ဖေဖော်ဝါရီ ၂၂ ရက်

ခွင့်ပြုမိန့်မရှိဘဲလယ်ယာမြေကိုအခြားနည်းသုံးစွဲခဲ့သူအားလယ်ယာမြေဥပဒေ ပုဒ်မ ၂၀ အရတရား စွဲမည့်ဖြစ်ကြောင်း စိုက်ပျိုးရေး၊မွေးမြူရေး၊သစ်တောနှင့်စွမ်းအင်ဝန်ကြီးဦးဟံထွန်းကပြောကြားသည်။

ယနေ့ရန်ကုန်တိုင်းဒေသကြီး၊ဒုတိယအကြိမ်လွှတ်တော်၊ဆဋ္ဌမပုံမှန်အစည်းအဝေး(သတ္တမနေ့)တွင် ကျောက်တန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်မူ၏ “လယ်ယာမြေကို အခြားနည်းသုံးစွဲခွင့်မရှိဘဲ အဆောက်အဦဆောက်လုပ်၍ ဓာတ်ဆီဆိုင်ဖွင့်လှစ် ရောင်းချနေမှုကိုဥပဒေနှင့်အညီမည်သို့ဆောင်ရွက်မည်”ကို သိရှိလိုပါကြောင်းမေး ခွန်းနှင့်ပတ်သက်ပြီး ဝန်ကြီးကပြန်လည်ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
 
“ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှ လယ်ယာမြေဥပဒေ ပုဒ်မ ၁၉၊ ပုဒ်မခွဲ ဃ အရ လယ်ယာမြေပေါ်တွင် ခွင့်ပြုမိန့်မရှိဘဲ ဆောက်လုပ်ထားသော အဆောက်အဦများကို အမိန့်ချမှတ်သည့်နေ့မှ ၁၅ရက် အတွင်းဖယ်ရှားပေးရန် အမိန့်ချမှတ်ခဲ့ခြင်းကို လိုက်နာဆောင်ရွက်ခဲ့ခြင်းမရှိသော ဦးနေသူလင်းအား လယ်ယာမြေဥပဒေ ပုဒ်မ ၂၀ အရ တရားစွဲဆိုဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူးမှ မြို့နယ်ဥပဒေအရာရှိထံ ဥပဒေအကြံဥာဏ်ရယူပြီး မြို့နယ်တရားရုံးတွင် တရားစွဲဆိုရန်ဆောင်ရွက်လျက်ရှိပါကြောင်းပြန်လည်ဖြေကြားအပ်ပါသည်”ဟုဝန်ကြီးကပြောသည်။

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်၊ ဝဲကြီးကျေးရွာအုပ်စု၊ အင်းအမှတ်(၆၄၅) ညောင်ပင်ရွာ ဦးပိုင်အမှတ် ၁ ဧရိယာ ၁.၆၀ဧက အနက်မှ ၀.၉ဧကရှိ ဦးမြင့်စော အမည်ပေါက် ပုံစံ ၇ ရရှိထားသည့် လယ်မြေကွင်းမှဖြစ်ပါကြောင်း အဆိုပါ ပုံစံ ၇ ရရှိထားသည့် ၀.၉ဧက အား ဦးနေသူလင်းဆိုသူမှာ ဦးမြင့်စောထံမှတဆင့် အရပ်စာချုပ်ဖြင့် ဝယ်ယူ၍ လက်ရောက်လွှဲပြောင်းရယူခဲ့ပါ ကြောင်း ဦးနေသူလင်းမှအဆိုပါလယ်မြေ ၀.၉ဧက အား လယ်ယာသုံးကိရိယာနှင့်ဆက်စပ်ပစ္စည်းအရောင်းဆိုင် လယ်ယာမြေ အခြားနည်းအသုံးပြုရန် လျှောက်ထားခဲ့သဖြင့် မြို့နယ်ခရိုင် တိုင်းဒေသကြီးအဆင့်ဆင့် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သို့ အမှုတွဲပေးပို့ တင်ပြထားပြီးဖြစ်သော်လည်း ခွင့်ပြုမိန့်တစ်စုံတစ်ရာ ရရှိခဲ့ခြင်း မရှိသေးပါဘဲအဆိုပါ လယ်မြေ ၀.၉ဧကပေါ်မှာ ဦးနေသူလင်းမှ လယ်ယာမြေ အခြားနည်းအသုံးပြုရန် ခွင့်ပြုမိန့်မရရှိဘဲ (စွမ်းအား)အမည်ဖြင့် စက်သုံးဆီအရောင်းဆိုင် အဆောက်အဦဖွင့်လှစ် ထားရှိမှုအပေါ် ကျေးရွာလယ်မြေ စီမံခန့်ခွဲမှုအဖွဲ့မှ ၈-၅-၂၀၁၇ ရက်နေ့တွင် ပထမအကြိမ် ၁၅-၅-၂၀၁၇ ရက်နေ့တွင် ဒုတိယအကြိမ် ၂၄-၁၀-၂၀၁၇ ရက်နေ့တွင် တတိယအကြိမ် စုစုပေါင်းသုံးကြိမ်တားမြစ်မိန့်ထုတ်ပြန် ခဲ့ကြောင်း၎င်းကပြောသည်။

ထို့သို့ ဝဲကြီးကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ သုံးကြိမ်တိုင်တိုင်တားမြစ်မိန့်ထုတ်ပြန် ခဲ့သော်လည်းဦးနေသူလင်းမှလိုက်နာခြင်းမရှိသဖြင့်လိုအပ်သလိုဆက်လက် ဆောင်ရွက်အရေးယူ နိုင်ရန် အတွက် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သို့တင်ပြထားရှိခဲ့ကြောင်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှ လယ်ယာမြေဥပဒေ ပုဒ်မ ၁၂၊ပုဒ်မခွဲ (ဆ) ပြဋ္ဌာန်းချက်ပါ လယ်ယာမြေကိုခွင့်ပြုမိန့် မရှိဘဲ အခြားနည်းသုံးစွဲခြင်းမပြုရ ပြဋ္ဌာန်းချက်အရ ဦးနေသူလင်းအား လယ်ယာမြေဥပဒေ ပုဒ်မ ၁၉ အရစုံစမ်းစစ်ဆေးခြင်းပြုလုပ်ခဲ့ရာ ၎င်းအနေဖြင့် ဥပဒေပါပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း၎င်းကဆက်လက်ပြောသည်။

အဆိုပါဦးနေသူလင်းအား လယ်ယာမြေဥပဒေ ပုဒ်မ ၁၉၊ ပုဒ်မခွဲ ဃ အရ လယ်မြေပေါ်တွင် ခွင့်ပြုမိန့်မရှိဘဲ ဆောက်လုပ်ထားသော အဆောက်အဦများကို အမိန့်ချမှတ်သည့်နေ့မှ ၁၅ရက် အတွင်းဖယ်ရှားပေးရန် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှ ၂၃-၁၁-၂၀၁၇ အမိန့်အမှတ် ၁/၂၀၁၇ဖြင့် ပထမအကြိမ်၊ ၁၂-၁-၂၀၁၈ အမိန့်အမှတ် ၁/၂၀၁၈ဖြင့် ဒုတိယအကြိမ်၊ ၂၂-၁-၂၀၁၈ အမိန့်အမှတ် ၄/၂၀၁၈ တတိယအကြိမ်၊စုစုပေါင်းသုံးကြိမ်ဖြင့်မြို့နယ်ကသုံးကြိမ် တိုင်တိုင်အမိန့်ချမှတ် ဆောင်ရွက်ခဲ့သော်လည်း ဦးနေသူလင်းမှ လိုက်နာခြင်းမရှိသဖြင့် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှ ၂၉-၁-၂၀၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်သော အစည်းအဝေးအမှတ်စဉ် ၂/၂၀၁၈ ဆုံးဖြတ်ချက်အပိုဒ် က အရ ၎င်းအားလယ်ယာမြေဥပဒေပုဒ်မ ၂၀အရ တရားစွဲဆိုဆောင်ရွက်ရေး အတွက် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ကိုယ်စား အတွင်းရေးမှူးဖြစ်သူ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူးမှ ဥပဒေအကြံဥာဏ်ရယူ၍ တရားစွဲဆို ဆောင်ရွက်ရန်ဆုံးဖြတ်ခဲ့ပါတယ်။ အဆိုပါဆုံးဖြတ်ချက်အရ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းဦးစီးဌာနမှ ၃၀-၁-၂၀၁၈ ရက်စွဲပါ စာအမှတ် ၀၆၅/လယ်ယာစီမံ ၂၀၁၈ မြို့နယ်ဥပဒေ အရာရှိထံ ဥပဒေအကြံဥာဏ်တောင်းခံ ဆောင်ရွက်လျက်ရှိပါကြောင်း၎င်းကပြောသည်။
YRG Info:

No comments:

Post a Comment