Latest News

Wednesday, January 17, 2018

ကြယ်လိပ်အကောင်ရေ(၉၀၀)အား သဘာဝတောတွင်းပြန်လည်စေလွှတ်ရေး Soft Release လုပ်ငန်းဆောင်ရွက်မည်

ကြယ်လိပ်အကောင်ရေ(၉၀၀)အား သဘာဝတောတွင်းပြန်လည်စေလွှတ်ရေး Soft Release လုပ်ငန်းဆောင်ရွက်မည်


မင်းဘူး ဇန်န၀ါရီ ၁၆

` မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ၊ ရွှေစက်တော်ဘေးမဲ့တောအတွင်းနေ ဇာတိမျိုးစိတ်တစ်ခုဖြစ်သည့် ကြယ်လိပ် (Star tortoise) အကောင်ရေ ၉၀၀ အား သဘာဝတောတွင်းပြန်လည်စေလွှတ်ရေး Soft Release လုပ်ငန်းစဉ်အား ဇန်န၀ါရီ(၁၉)ရက်နေ့မှစ၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရွှေစက်တော်တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တော၊ အုပ်ချုပ်ရေးမှူးရုံး မှ သိရသည်။
 “ ရွှေစက်တော်တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောထဲမှာ Soft Release လုပ်နိုင်ဖို့ ညောင်ဦးမြို့ ၊ လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်က ကြယ်လိပ်(၆၅၀)ကောင် ၊ နွားထိုးကြီးမြို့ ၊ မင်းစုံတောင် တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောက ကြယ်လိပ် အကောင်ရေ(၁၅၀) ဒီနေ့ ညနေ၄နာရီခွဲမှာ ရောက်လာပါတယ်။ ကျွန်တော်တို့ဆီက ကြယ်လိပ်အကောင်(၁၀၀)နဲ့ ရောက်လာတဲ့ ကြယ်လိပ်ကောင်ရေ(၈၀၀)ကို တစ်နှစ်ကြာခြံလှောင်လေ့ကျင့်ပေးပြီး သဘာဝတောတွင်းပြန်လွှတ်ပေးမှာပါ ” ဟု ရွှေစက်တော် တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တော၊ အုပ်ချုပ်ရေးမှူး ဦးအုန်းလွင် က ပြောသည်။
 ယင်းအစီအစဉ်ကို သယံဇာတနှင့်သဘာပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာန ၊ သစ်တောဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် NGO အဖွဲ့အစည်းနှစ်ခုဖြစ်သည့် Wildlife Conservation Society(WCS) နှင့် Turtle Survival Alliance(TSA) တို့မှ Program တစ်ခုအဖြစ်ဆောင်ရွက်နေခြင်းဖြစ်ကာ ဒါရိုက်တာဒေါက်တာကလျာဦးစီးသည့်အဖွဲ့မှ ဘေးမဲ့တော အုပ်ချုပ် ရေးမှူး ဦးအုန်းလွင် ထံသို့ ဇန်န၀ါရီလ ၁၆ရက်နေ့၌ ကြယ်လိပ်များအား လွှဲပြောင်းပေးအပ်ခဲ့သည်။
 လေ့ကျင့်ပြီး သဘာဝတောတွင်းပြန်လည်ရှင်သန်စေမည့် ကြယ်လိပ်များ၏ ကျောကုံးဘေးတစ်ဘက်တွင် “စဓ ဗ၀” နှင့် အခြားတစ်ဘက်တွင် အကောင်ရေဂဏန်းနံပတ်များ တက်တူးထိုးခြင်း ၊  ကျောအကွက်နေရာများတွင် တံစီးတိုက်ခြင်း ဆိုသည့်နည်းလမ်း(၃)ခုဖြင့် အမှတ်အသားပြုခြင်း ၊ အကောင်ရေအချိုးနှုန်းအရ ကြယ်လိပ်၏ကျောတွင် Transmitter နောက် ယောင်ခံစက်တပ်ဆင်ခြင်း ၊ အသားထဲတွင် စက်အမှတ်အသားပါသည့် Micro Chip တပ်ဆင်ခြင်း များလုပ်ဆောင်ကာ ကြယ် လိပ်တို့အား စောင့်ကြည့်မှတ်တမ်းတင်ကြောင်း WCS ၏ Research Assistant ဖြစ်သူ ဦးစွမ်းထက်နိုင်အောင် ထံမှ သိရသည်။
 နဂိုမူလက ပေါပေါများများရှိခဲ့သော မြန်မာမျိုးစိတ်ကြယ်လိပ်များမှာ လူသားတို့၏ပယောဂကြောင့် တရားမ၀င် တောရိုင်းတိရိစ္ဆာန်ဈေးကွက်များတွင် ရောက်ရှိခဲ့ရပြီး  မျိုးတုံးလုနီးပါးဖြစ်ခဲ့ရမှုအပေါ် သဘာဝတောကြီးအတွင်း သဘာဝအတိုင်း ရှင်သန်စေခြင်းဖြင့် ဂေဟစနစ်များကောင်းမွန်လာစေရန် ရည်ရွယ်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း WCS မှ သိရှိရသည်။
          ၂၀၁၆ခုနှစ်၌ လောကနန္ဒာဘေးမဲ့တောဥယျာဉ်မှ ခြံလှောင်မွေးမြူထားသော ကြယ်လိပ်(၁၅၀)ကို ရွှေစက်တော် ဘေးမဲ့တော၌ သဘာဝတောတွင်းလွှတ်၍ တစ်နှစ်လေ့ကျင့်ပေးခဲ့ကြောင်း၊  လေ့ကျင့်ချိန်ပြည့်သည့် ကြယ်လိပ်များကို တော အတွင်း၌ သဘာဝအတိုင်း နေထိုင်စားသောက်ရှင်သန်စေပြီး NGO အဖွဲ့များကလည်း သုတေသနလုပ်ငန်းများ ဆက်လက် လုပ် ဆောင်နေကြောင်း ရွှေစက်တော်တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တော၊ အုပ်ချုပ်ရေးမှူးရုံး မှ သိရသည်။ဇေယျတု(မကွေး)မြန်​မာ့အလင်း

No comments:

Post a Comment