မြန်မာနိုင်ငံ၌ လူကြိုက်များသည့် သီချင်းဆိုပြိုင်ပွဲဖြစ်သော Myanmar Idol ပြိုင်ပွဲ ၏ Season-3 ကို ယခင်နှစ်များနှင့်မတူ ထူးခြားသော အစီအစဉ်များဖြင့် ကျင်းပမည် ဖြစ်ကြောင်း ယနေ့တွင် ရန်ကုန်မြို့ရှိ Melia Hotel ၌ ကျင်းပသော အဆိုပါ သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။
Season-3 ၏ အသံစစ်ဆေးမှုများကို ဇန်နဝါရီ ၂ဝ ရက်မှ ဖေဖော်ဝါရီ ၂၂ ရက် အထိ မြန်မာနိုင်ငံ၏ မြို့ကြီးများဖြစ်သော ရန်ကုန်မြို့၊ မန္တလေးမြို့၊ တောင်ကြီးမြို့၊ မကွေးမြို့နှင့် ပုသိမ်မြို့တို့၌ ရွေးချယ်မည်ဖြစ်သည်။
ထို့ပြင် အဆိုပါမြို့ကြီး ငါးမြို့နှင့် နီးစပ်သည့်မြို့များဖြစ်သော မုံရွာ၊ မိုးကုတ်၊ ကလော၊ အင်းလေး၊ ပုဂံ၊ ရေနံချောင်း၊ ပြည်၊ တောင်ငူ၊ ဘားအံ၊ မော်လမြိုင်နှင့် ပဲခူး မြို့တို့သို့လည်း သြဘငူန ဃျေအငညါ အဖွဲ့ဖြင့် သွားရောက်၍ အသံစစ်ဆေးလူရွေးချယ် မည်ဖြစ်ပြီး ယခုနှစ် အစီအစဉ်သစ်တစ်ရပ် အနေဖြင့် မြစ်ကြီးနား၊ ကျိုင်းတုံ၊ လားရှိုး၊ စစ်တွေနှင့် မြိတ်မြို့တို့သို့ Mobile Casting အဖွဲ့ဖြင့် သွားရောက်အသံစစ်ဆေး လူရွေးချယ်မည်ဖြစ်သည်။
ယင်းမှ ရွေးချယ်ထားသည့် လက်ရွေးစင် အဆိုဝါသနာရှင်များကို ရန်ကုန်မြို့၌ ပြိုင်ပွဲအဆင့်ဆင့် ဆက်လက်ယှဉ်ပြိုင်စေပြီး Myanmar Idol Season-3 ၏ Winner ဆုရှင်တစ်ဦးကို ရွေးချယ် မည်ဖြစ်သည်။ Winner အဖြစ် ရွေးချယ်ခံရသူကို တေးစီးရီး အယ်လ်ဘမ် ထုတ်ပေးမည် ဖြစ်ပြီး ငွေကျပ် သန်း ၅ဝ ကို ဆုချီးမြှင့်မည်ဖြစ်သည်။
ယင်းပြိုင်ပွဲတွင် ပါဝင်လိုသူများအနေဖြင့် ပြိုင်ပွဲဝင်ခွင့် လျှောက်လွှာများကို Skynet RSP ရုံးများနှင့် မန္တလေးမြို့၊ တောင်ကြီးမြို့၊ မကွေးမြို့နှင့် ပုသိမ်မြို့ရှိ Skynet နယ်မီဒီယာ ရုံးခွဲများ၌လည်း ရုံးချိန်အတွင်း နိုင်ငံသား စိစစ်ရေးကတ်ပြားပြသကာ အခမဲ့ ထုတ်ယူနိုင်သည်။
ဝင်ရောက်ယှဉ်ပြိုင်လိုသည့် ဝါသနာရှင်များ အနေဖြင့် မိမိ၏မြို့နယ်အတွင်း ယှဉ်ပြိုင်မည့်ရက်တွင် မပါဝင်ဖြစ်ခဲ့ပါက တခြားမြို့နယ်များ၏ ပြိုင်ပွဲများတွင် ပါဝင် ယှဉ်ပြိုင်နိုင်သည်။
ယင်းပြိုင်ပွဲတွင် အဆိုတော် မြန်မာပြည် သိန်းတန်၊ အကယ်ဒမီရန်အောင်၊ အဆိုတော် မျိုးကျော့မြိုင်နှင့် အဆိုတော် တင်ဇာမော်တို့က ဒိုင်များအဖြစ် ပါဝင်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။(MWD)
No comments:
Post a Comment