Latest News

Friday, January 12, 2018

မြန်မာ-ကိုရီးယား ပေါင်းစပ်ဖန်တီးထားတဲ့ တန်ဖိုး ရုပ်ရှင်ဇာတ်ကားမှ ရိုက်ကူးရေး အတွေ့အကြုံများ ပြောပြသည့် အေးမြတ်သူ

မြန်မာ-ကိုရီးယား ပေါင်းစပ်ဖန်တီးထားတဲ့ တန်ဖိုး ရုပ်ရှင်ဇာတ်ကားမှ
ရိုက်ကူးရေး အတွေ့အကြုံများ ပြောပြသည့် အေးမြတ်သူ

  မြန်မာနှင့် ကိုရီးယား ပေါင်းစပ်ဖန်တီးရိုက်ကူးနေသည့် တန်ဖိုးရုပ်ရှင်ဇာတ်ကားတွင် သရုပ်ဆောင် အေးမြတ်သူက မူးယစ်ဆေးဝါးရောင်းဝယ်ရေးလုပ်ပြီး ဝမ်းရေးဖြေရှင်းရာမှ လမ်းမှန်ပေါ်ပြန်ရောက်ခဲ့သူ မိဘမဲ့ မိန်းကလေးတစ်ဦးနေရာက ပါဝင်သရုပ်ဆောင်ထားသည်။

ကိုရီးယားလူမျိုးများနှင့် လက်တွဲရိုက်ကူးခဲ့ရသည့် ဒီဇာတ်ကားနှင့်ပတ်သက်ပြီး အေးမြတ်သူက ''အေးမြတ်သူ အရင်ကလည်း နိုင်ငံခြားသားတွေနဲ့ ရိုက်ဖူးပါတယ်၊ ဒါပေမယ့် ကင်မရာတစ်လုံးတည်းနဲ့ ရိုက်တာ ဒါပထမဆုံးအကြိမ်ပါ၊  ကင်မရာတစ်လုံးတည်းနဲ့ ရိုက်တော့ အချိန်က ပိုကြာတယ်၊ တစ်လုံးတည်းက အလင်း အမှောင်ပိုင်းတွေနဲ့  ရုပ်ထွက် တွေကတော့ ကောင်းတယ်၊ အချိန်ပိုပေးရတယ်၊ သူတို့က အသေးစိတ်ကအစ တိတိကျကျ လုပ်တော့ ပိုဆိုးတယ်၊ အဲဒီအတွက်လည်း အေးမြတ်သူ အချိန်တွေ တော်တော်ပေးရတယ်၊ ဒီတစ်ကားတည်းကိုပဲ ရက် ၂ဝ ကျော်မယ်၊ အခုဆို ရိုက်နေတာ ၁၇ ရက်လောက်ရှိသွားပြီ၊ မပြီးသေးဘူး၊ နေ့တိုင်း နေ့ရော၊ ညရော ရိုက်ကြတာ၊ တစ်နေ့လုံးရိုက်မှ တစ်ဂျူတီကို တစ်ဆင်းန် နှစ်ဆင်းန် လောက်ပဲပြီးတာ၊ ဆင်းန် အားလုံးပေါင်း ၈ဝ ကျော်၊ ၉ဝ နီးပါးရှိတယ်၊ တစ်ကားလုံးကလည်း outdoor  မှာချည်းပဲ ရိုက်ရတယ်''ဟု ဆိုသည်။

ဒါ့အပြင် အေးမြတ်သူက ''ဒီကားတစ်ကားကိုပဲ ဒီရက်ထဲမှာ အချိန်ပေးထားဖြစ်တယ်၊ သူတို့ကလည်း ကြိုပြောထားတဲ့အတွက် အခြားအလုပ်တွေလည်း လက်မခံထားဘူး၊ ဒါကိုပဲ အချိန်အပြည့်အဝပေးပြီး ရိုက်ဖြစ်တယ်၊ ကိုယ်တိုင်လည်း အဲဒီလိုပဲ ရိုက်ချင်တယ်၊ ကိုယ့်ရဲ့ စိတ်ကလည်း ဒီမှာပဲရှိတော့ မပူရဘူး၊ တစ်ခါတလေကျရင် အခြားအလုပ်တွေ လက်ခံထားတဲ့ အတွက် ပြေးလုပ်ရတဲ့အခါမျိုးတွေဆိုရင် စိတ်ပူရတယ်၊ အလုပ်ထဲမှာ စိတ်က အပြည့်အဝ မစိုက်နိုင်တော့  ဟိုဘက်လည်း  တောင်းပန်ရ၊ ဒီဘက်ကိုလည်း  အားနာရဖြစ်ရတယ်၊ အမှန်တော့ အလုပ်တစ်ခုတည်းပဲ  သေချာလုပ်တာကတော့ အကောင်းဆုံးပဲ၊ ဘာသာ စကားပိုင်းမှာလည်း အခက်အခဲသိပ်မရှိပါဘူး၊ အကုန်လုံးကBroken English နဲ့ ပြောကြတယ်၊ လက်ဟန်၊ ခြေဟန်တွေနဲ့ ပြောကြတယ်၊ အလုပ်လုပ်ရတာ အလွန်ကောင်း တယ်၊  စည်းစည်းလုံးလုံးရှိကြတယ်၊ မြန်မာဘက်က စက်အဖွဲ့တွေလည်း ပညာရကြပါတယ်၊ ကင်မရာအယူအဆ၊ အလင်းအမှောင် အယူအဆပိုင်းတွေမှာ အမြင်တော့ ပိုဆန်းတယ်၊ မတူညီတဲ့ အယူအဆတွေ၊  ပညာတွေရတဲ့အတွက် ကောင်းပါတယ်၊ ဒီဇာတ်ကားမှာ ပါဝင်ကြတဲ့သရုပ်ဆောင်တွေကလည်း ဝါရင့်သရုပ်ဆောင်တွေ  အများကြီးနဲ့ဆိုတော့ ပရိသတ်ကြိုက်မယ့် ဇာတ်ကားဆိုတာသေချာတယ်၊ သူတို့လည်း  ၂ဝ၁၈ နှစ်ကုန်လောက် ရုံတင်လို့ရအောင် ကြိုးစားမယ်ဆိုတော့ သိပ်လည်းမစောင့်ရဘူး၊ ဇာတ်ကားတစ်ကားလုံး ကလည်း  ပြီးစလွယ်လုပ်ထားတာတစ်ခုမှမရှိတဲ့အတွက်  ရုံတင်မယ့်အချိန်မှာလည်း ဒီဇာတ်ကားက အရည်အသွေးကောင်းကောင်းနဲ့ ထွက်လာမယ့်ဇာတ်ကားပါ၊ ပရိသတ်တွေ အတွက် စိတ်ကျေနပ်မှုရမယ့် ဇာတ်ကားတစ်ကားလို့ အေးမြတ်သူ အာမခံပါတယ်''ဟု တန်ဖိုးရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီး အေးမြတ်သူက ပြောပြခဲ့ခြင်း ဖြစ်သည်။

ရိုက်ကူးရေးကာလ   သီတင်းပတ်သုံးပတ်နီးပါးရှိနေပြီဖြစ်သည့်  ယင်းဇာတ်ကားကို ခါကာဘိုရာဇီရုပ်ရှင်ထုတ်လုပ်ရေးအတွက် ဒါရိုက်တာJohn La Raw မှ ရိုက်ကူးခြင်းဖြစ်ပြီး  သရုပ်ဆောင်များအဖြစ် ရန်အောင်၊ ဇင်ဝိုင်း၊ ထွန်းထွန်း၊ မို့မို့မြင့်အောင်၊ ခင်ဇာခြည်ကျော်၊ အေးမြတ်သူနှင့် အခြားအနုပညာရှင်များစွာ ပါဝင်ထားကြောင်း သိရသည်။    ဌေးမမ(​ကြေးမှုံ)

No comments:

Post a Comment