Tuesday, January 30, 2018
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုသည့်အနေဖြင့်ဧရာဝတီတိုင်း၊ပန်းတပွင့်ကျွန်း(ခ)ပန်းတမော့ကျွန်းအား The Lady Island အဖြစ် သတ်မှတ်ရန် စီစဉ်နေ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုသည့်အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့အနီး ဘောမိကျေးရွာအုပ်စုအတွင်း တည်ရှိသည့် ပန်းတပွင့်ကျွန်း(ခ)ပန်းတမော့ကျွန်းအား The Lady Island အဖြစ် သတ်မှတ်ရန် ဒေသခံများနှင့် ကျေးရွာအုပ်ချုပ်ရေးပိုင်းမှ စီစဉ်နေကြောင်း သတင်းရသည်။
ဧရိယာ ၄၆.၅၄ ဧကကျယ်ဝန်းသော ပန်းတပွင့်ကျွန်းသည် ကမ်းစပ်ရေကြည်လင်၍ သဘာဝကျောက်တန်းများစွာရှိသည့်အပြင် ကမ်းပေါ်ရှိတောအုပ်ထဲတွင် တောကောင်ငယ်များရှိသောကြောင့် သာယာလှပသည့်ကျွန်းဖြစ်သည်။ ထို့ပြင် ကျွန်းပေါ်တွင် သစ်ခုတ်ဝါးခုတ်ခြင်း၊ သားငါးများဖမ်းယူခြင်း၊ သဲကျောက်များထုတ်ယူခြင်းများကို တားမြစ်ထားသည်။
ယင်းသို့ သဘာဝအတိုင်း ထိန်းသိမ်းစောင့်ရှောက်ထားသော ကျွန်းတကျွန်းဖြစ်သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြု၍ The Lady Island အဖြစ် သတ်မှတ်ရန် ဒေသခံများအကြား တိုင်ပင်ပြင်ဆင်ခြင်းဖြစ်ကြောင်း ကျေးရွာတာဝန်ရှိသူများထံမှ သိရသည်။
“ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့အနေနဲ့ သတ်မှတ်တဲ့ ကျွန်းတကျွန်းမှ မရှိသေးလို့ ကျွန်တော်တို့တွေ နှစ်ပေါင်းများစွာ စောင့်ရှောက်လာတဲ့ ဒီလိုသာယာလှပတဲ့ ကျွန်းလေးကို ဒေသခံတွေအားလုံး သဘောတူညီမှုနဲ့ ဝမ်းမြောက်ဝမ်းသာသတ်မှတ်တာပါ´ဟု ဘောမိကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး ဦးရန်နိုင်ကပြောသည်။
“ဒေသခံတွေတန်ဖိုးထားတဲ့ကျွန်းဆိုတော့ ကန့်ကွက်စရာလည်း မရှိပါဘူး။ ဒေသခံတွေအနေနဲ့ ဂုဏ်ယူစရာပေါ့”ဟု ဘောမိကျေးရွာဒေသခံ ဦးစိုးမိုးက ပြောသည်။
ထို့ပြင် ကျွန်းအမည်နှင့်လိုက်ဖက်ရန်အတွက် ပန်းတပွင့်ပန်ဆင်ထားသော ဒေါ်အောင်ဆန်းစုကြည်၏ရုပ်တုကို စကျင်ကျောက်ဖြင့်ထွင်းထုပြီး ကျွန်း၏ အကြီးဆုံး ကျောက်တောင်ပေါ်တွင်ထားရှိသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ပန်းတပွင့်ကျွန်းသည် ဒေသတွင်း လေပြင်းတိုက်ခတ်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်လျှင်လည်း ငါးဖမ်းသင်္ဘောများ၊ လှေများအတွက် ခိုနားရာ ကျွန်းတကျွန်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
အောင်အောင်(ပုသိမ်)
News Watch
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုသည့်အနေဖြင့်ဧရာဝတီတိုင်း၊ပန်းတပွင့်ကျွန်း(ခ)ပန်းတမော့ကျွန်းအား The Lady Island အဖြစ် သတ်မှတ်ရန် စီစဉ်နေ
Reviewed by timeayeyar
on
1:55 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment