ရန်ကုန် ဇန်နဝါရီ ၁၄
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေးနှင့် ဗို့အားပြည့်ဝစွာသုံးစွဲနိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဓာတ်အားခွဲရုံများ အသစ်တည်ဆောက် ခြင်း၊ ဓာတ်အားခွဲရုံများ အဆင့်မြှင့်တင် တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနမှ သိရသည်။
ယခုအခါ မရမ်းကုန်းမြို့နယ်အတွင်းရှိ စိန်ပန်းမြိုင် ဓာတ်အားခွဲရုံ၊ ကမာရွတ်မြို့နယ်အတွင်းရှိ ဦးဝိစာရ ဓာတ်အားခွဲရုံများကို ၆၆ ကေဗွီ GIS ဓာတ်အားခွဲရုံများ အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ မရမ်းကုန်း မြို့နယ် တောင်ကမ္ဘာအေးဓာတ်အားခွဲရုံကို ၆၆ ကေဗွီ ဓာတ်အားခွဲရုံအဖြစ် တိုးမြှင့်တည်ဆောက်ခဲ့ပြီးဖြစ်ရာ မရမ်းကုန်း၊ ရန်ကင်း၊ တောင်ဥက္ကလာပ၊ ကမာရွတ်၊ ဗဟန်း၊ စမ်းချောင်းစသော မြို့နယ်များရှိ ဓာတ်အားသုံးစွဲသူ ပြည်သူများသို့ ဗို့အားပြည့်ဝသော လျှပ်စစ်ဓာတ်အားကို စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
GIS ဓာတ်အားခွဲရုံအဖြစ် အဆင့်မြှင့်တင်တည်ဆောက် ခဲ့ခြင်းဖြင့် ဓာတ်အားဖြန့်ဖြူးရာတွင် ဓာတ်အား ပြတ်တောက်မှုလျော့နည်းလာခြင်း၊GIS ဓာတ်အားခွဲရုံ များသည် နှစ်ပေါင်း ၂ဝ အထိ (maintenance Free) ဖြစ်သဖြင့် ဓာတ်အားခွဲရုံအတွင်း ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်ရန်အတွက် အခြားဓာတ်အားခွဲ ရုံ(AIS) ဓာတ်အားခွဲရုံများကဲ့သို့ ဓာတ်အားပိတ် ဆောင်ရွက်ရခြင်းများမရှိခြင်း၊ ဓာတ်အားခွဲရုံတွင် နေရာ ယူမှုနည်းပါး၍ ဓာတ်အားဖြန့်ဖြူးမှု(Feeder)များ တိုးချဲ့ တည်ဆောက်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများရရှိလာ မည်ဖြစ်သည်။
မရမ်းကုန်းမြို့နယ် စိန်ပန်းမြိုင်ဓာတ်အားခွဲရုံရှိ ၃၃/ ၁၁-၆ ဒသမ ၆ ကေဗွီ၊ ၁ဝ အမ်ဗွီအေထရန်စဖော်မာသည် တိုးမြှင့်သုံးစွဲလာသော လျှပ်စစ်ဓာတ်အားကို လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ခြင်းမရှိသဖြင့် ၆၆/၁၁- ၆ ဒသမ ၆ ကေဗွီ၊ ၃ဝ အမ်ဗွီအေထရန်စဖော်မာဖြင့် အစားထိုးလဲလှယ် တပ်ဆင်ခဲ့ပြီး စိန်ပန်းမြိုင်ဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူး ပေးထားသည့် ၆ ဒသမ ၆ ကေဗွီ ဆယ်မိုင်ဖီဒါ၊ ပါရမီဖီဒါ၊ သဇင်ရုံ ဖီဒါ၊ ရေစက်ဖီဒါ၊ ဘီလာ+ဆက်သွယ်ရေးဖီဒါနှင့်Stationဖီဒါများသို့ ဝန်အားနိုင်နင်းစွာ ဖြန့်ဖြူးပေးနိုင်မည် ဖြစ်သည်။ စိန်ပန်းမြိုင်ဓာတ်အားခွဲရုံသည် မရမ်းကုန်း မြို့နယ်နှင့် တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ပြည်သူများ အား လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေခြင်းဖြစ်ပြီး ယခင် က ၃၃/၁၁-၆ ဒသမ ၆ ကေဗွီ၊ ၁ဝ အမ်ဗွီအေမီးသုံးသူ ၅ဝ၆၅ ဦးခန့်ကိုသာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ကာ ၆၆/၁၁-၆ ဒသမ ၆ ကေဗွီ၊ ၃ဝ အမ်ဗွီအေ ထရန် စဖော်မာတပ်ဆင်ခဲ့သဖြင့် မီးသုံးသူ ၉၁ဝဝ ခန့်ကို လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း အနေဖြင့် ဓာတ်အားသုံးစွဲသူများသို့ လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရန်ရည်ရွယ်၍ လုပ်ငန်းများကို အားသွန်ခွန်စိုက်ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် ဓာတ်အား လွှတ်နိုင်ခဲ့ပြီး ယခုအခါ မရမ်းကုန်းမြို့နယ်၊ ရန်ကင်းမြို့နယ် နှင့် တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ပြည်သူများ ဗို့အား ပြည့်ဝခြင်း၊ လျှပ်စစ်ဓာတ်အားပြတ်တောက်ချိန် လျော့နည်း ခြင်း၊ ဝန်အားနိုင်နင်းစွာ အသုံးပြုနိုင်ခြင်း စသည့် အကျိုး ကျေးဇူးများကိုရရှိပြီး ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းအနေဖြင့်လည်း ဓာတ်အား ပျောက်ဆုံးမှု လျော့နည်းသွားသဖြင့် ဝင်ငွေတိုးတက်ရရှိခြင်း၊ အများ ပြည်သူသို့ စိတ်ချမ်းမြေ့စွာဖြင့် ဝန်ဆောင်မှုပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ခံစားရပြီဖြစ်ကြောင်း သိရ သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် လျှပ်စစ်ဓာတ်အား ပိုမိုကောင်းမွန်စွာဖြန့်ဖြူးပေးနိုင်ရန် ရည်ရွယ်၍ လျှပ်စစ် ဓာတ်အားလိုင်းများ၊ ခွဲရုံများတည်ဆောက်ခြင်း၊ ထရန် စဖော်မာများ တိုးမြှင့်တပ်ဆင်ခြင်း၊ ရှိပြီးသား လျှပ်စစ် ဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများ ထိန်းသိမ်း ပြုပြင်ခြင်းလုပ်ငန်းများ၊ ခွဲရုံများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း များကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
နိုင်လင်းကြည်(ကြေးမှုံ)
No comments:
Post a Comment