Latest News

Monday, January 15, 2018

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများအတွက် လက်ခံရေးစခန်းများနှင့် ကြားစခန်းတည်ဆောက်မှု အချိန်မီအသင့်ဖြစ်မည်

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများအတွက် လက်ခံရေးစခန်းများနှင့် ကြားစခန်းတည်ဆောက်မှု အချိန်မီအသင့်ဖြစ်မည်

စစ်တွေ  ဇန်နဝါရီ  ၁၄

ရခိုင်ပြည်နယ်  စစ်တွေမြို့တွင်  ရောက်ရှိနေသောUEHRD ဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး  ဒေါက်တာဝင်းမြတ်အေးသည် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် ¤င်းတို့မှ မွေးဖွားသော ကလေး အသက် (၂)နှစ်အထိ ငွေကြေးထောက်ပံ့ပေးသော အစီ အစဉ် ပြည်သူလူထုသို့ အသိပေးခြင်းနှင့် လုပ်ငန်းအကောင် အထည်ဖော်ခြင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေ မြို့မှ မောင်တောမြို့သို့ ထွက်ခွာလာပြီး မောင်တောမြို့နယ် ကျီးကန်းပြင်တောင်ရွာအနီးတွင်  ယာယီနေထိုင်လျက် ရှိသော အစ္စလာမ်ဘာသာ ကိုးကွယ်သူများအား တွေ့ဆုံ၍ အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် နေအိမ်များ မီးလောင် သွားသော်လည်း တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်မသွားဘဲ ဆက်လက်နေထိုင်နေကြသဖြင့် နေအိမ်များ ပြန်လည် တည်ဆောက်ပေးရန် လာရောက်ညှိနှိုင်းခြင်း ဖြစ်ကြောင်း၊ ဥပဒေနှင့်အညီ ပြန်လည်နေရာချထားပေးမည် ဖြစ်ပါ ကြောင်း၊ မိမိတို့လက်ရှိ လုပ်ကိုင်နေသော လယ်ယာအသက် မွေးဝမ်းကျောင်းများ ဆက်လက်လုပ်ကိုင်နိုင်ရန်အတွက် အနီးဆုံးနေရာတွင် နေအိမ်များ စနစ်တကျ ကျေးရွာပုံစံ အတိုင်း အမြန်အကောင်အထည်ဖော်  ပြန်လည်တည် ဆောက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက်  ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြန်လည်တည်ဆောက်ပေးမည့် အစီအစဉ်များကို ရှင်းလင်း ပြောကြားပြီး ဒုတိယဝန်ကြီးက သက်ဆိုင်ရာ အုပ်ချုပ်ရေး မှူးများနှင့် ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြန်လည်လက်ခံရေးစခန်းများမှ စနစ်တကျ စိစစ်လက်ခံပြီး သူများအား ယာယီထားရှိမည့်ကြားစခန်းဖြစ်သော လှဖိုး ခေါင်စခန်း ပြင်ဆင်နေမှု အခြေအနေအား သွားရောက် ကြည့်ရှုသည်။

လှဖိုးခေါင်စခန်းသည် ၁၂၄ ဧက ကျယ်ဝန်းပြီး အဆောက်အဦ  ၆၂၅ လုံး ဆောက်လုပ်မည်ဖြစ်ကာ လူဦးရေ ၃ဝဝဝဝ ခန့်ထိ ယာယီနေထိုင်နိုင်မည်ဖြစ်သည်။ ယခု ဇန်နဝါရီ ၂၅ ရက်တွင် အဆောက်အဦ အလုံး ၄ဝ နှင့် ၃၁ ရက်တွင် အလုံး ၁ဝဝ ပြီးစီးမည်ဖြစ်သည်။ အဆောက် အဦတစ်ခုတွင် လူဦးရေ ၈ဝ နေထိုင်နိုင်မည်ဖြစ်သည်။

ယင်းနောက် လှဖိုးခေါင်စခန်းတွင် ဆောက်လုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် လိုအပ်ပါက နေထိုင်နိုင် ရန်အတွက် အသင့်ဆောက်လုပ်ထားသော ဘယ်လ်ဂျီယံ နိုင်ငံထုတ် အဆင့်မီ ယာယီမိုးကာတဲများ ဆောက်လုပ် ပြီးစီးမှုကိုလည်း ကြည့်ရှုခဲ့သည်။

ဆက်လက်၍ ငါးခူရလက်ခံရေးစခန်းသို့ ရောက်ရှိပြီး တစ်ဖက်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများ စနစ်တကျ စိစစ်လက်ခံရန်အတွက်   ပြင်ဆင်ထားရှိမှုများအား ကြည့်ရှုသည်။ စခန်းတွင် လာရောက်တာဝန်ထမ်းဆောင် မည့် ဝန်ထမ်းများ အဆင်ပြေစွာနေထိုင်နိုင်ရန်နှင့် လုပ်ငန်း များ အဆင်ပြေစွာဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သော အဆောက်အဦများ ပြင်ဆင်တည်ဆောက်နေမှုများတွင် အချိန်မီပြီးစီးနိုင်ရေး သက်ဆိုင်ရာ ဆောက်လုပ်ရေးနှင့် အုပ်ချုပ်ရေးအဖွဲ့များနှင့် ဆွေးနွေးခဲ့ပြီး လက်ခံရေးစခန်း နှစ်ခုနှင့် ကြားစခန်း  တစ်ခုတို့အတွက်  လိုအပ်သော မီးစက်များ၊ မီးလိုင်းများ ချထားတပ်ဆင်ပေးရေး ပြည်နယ် လျှပ်စစ်မှူးနှင့် ညှိနှိုင်းပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တစ်ဖက်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာမည့် ဟိန္ဒူဘာသာဝင်များအား  နေရာချထားမည့်  အိုးထိန်း ကျေးရွာသို့ရောက်ရှိပြီး ကျေးရွာတည်ဆောက်ရန်အတွက် မြေညှိနေမှုများ၊ နေအိမ်များ ဆောက်လုပ်နေမှုများကို ကြည့်ရှုပြီး ပြန်လည်ဝင်ရောက်လာသူများကို အချိန်မရွေး လက်ခံနိုင်ရန် UEHRD ယာယီမိုးကာတဲများ ဆောက်လုပ် ထားရေး ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နှစ်နိုင်ငံသဘောတူစာချုပ်အရ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးရောက်ရှိနေသူများအား စနစ် တကျ စိစစ်လက်ခံမည့်လုပ်ငန်းများကို ယခု ဇန်နဝါရီ ၂၃ ရက်တွင် လုပ်ငန်းများ စတင်နိုင်ရန်အတွက် မြန်မာ နိုင်ငံအနေဖြင့် အဆင်သင့်ဖြစ်ရန် စီစဉ်ဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရသည်။                    
 သတင်းစဉ်

No comments:

Post a Comment