Latest News

Monday, January 1, 2018

ကတ်စနစ် ငွေပေးချေမှုစနစ်၂ဝ၁၈ နှစ်ဆန်းပိုင်းတွင် စတင်နိုင်မည်

ကတ်စနစ် ငွေပေးချေမှုစနစ်၂ဝ၁၈ နှစ်ဆန်းပိုင်းတွင် စတင်နိုင်မည်

ရန်ကုန်   ဒီဇင်ဘာ    ၃၁

ရန်ကုန်တိုင်းဒေသကြီးအတွင်း    ခရီးသည် ပို့ဆောင်ရေးလုပ်ငန်းများတွင် ကတ်စနစ် ငွေပေးချေမှု စနစ် စတင်ကျင့်သုံးနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ တင်ဒါစိစစ်ကြီးကြပ်ရေးအဖွဲ့က ပထမအဆင့် ဆန်ခါတင် ကုမ္ပဏီသုံးခုကို ဒီဇင်ဘာ ၂၉ ရက်က ရွေးချယ် လိုက်သည်။

Yangon Payment Services(YPS)  အတွက် တင်ဒါခေါ်ယူထားမှုများအနက်မှ တင်ဒါစိစစ်ရေးအဖွဲ့၏ စိစစ်မှုအပြီး ပထမအဆင့်အနေဖြင့် ဆန်ခါတင်ကုမ္ပဏီ         သုံးခုကို ရွေးချယ်လိုက်ပြီးနောက် အပြီးသတ် ဆောင်ရွက် ပြီးပါက ၂ဝ၁၈ နှစ်ဆန်းပိုင်းတွင်ပင် ကတ်စနစ် ငွေပေး ချေမှုစနစ်ကို စတင်နိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

ပထမအဆင့်    ဆန်ခါတင်ရွေးချယ်လိုက်သော ကုမ္ပဏီသုံးခုမှာ AnyPay Payment Services Co.,Ltd.၊ Asia Stamar Transport Intelligent Co.,Ltd.၊ Excel KC Myanmar Co.,Ltd. တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကုမ္ပဏီတစ်ခုချင်းစီအလိုက် အသေးစိတ် ထပ်မံသိရှိလိုသည့် အချက်များနှင့် ညှိနှိုင်းလိုသည့်အချက် များကို   တိုင်းဒေသကြီးအစိုးရအဖွဲ့က ၂ဝ၁၈ ဇန်နဝါရီ ၂ ရက်တွင်  Email ဖြင့် သီးခြားစီအကြောင်းကြား တောင်းယူသွားမည်ဟု သိရသည်။

ဆန်ခါတင်ရွေးချယ်ခံရသော ကုမ္ပဏီသုံးခုအနေဖြင့် ဇန်နဝါရီ ၅ ရက် ညနေ ၄ နာရီထက် နောက်မကျဘဲ တိုင်းဒေသကြီးအစိုးရအဖွဲ့၊YPS တင်ဒါ စိစစ်ကြီးကြပ်ရေးအဖွဲ့သို့  Email ဖြင့် ပြန်လည်ပေးပို့ရမည်ဖြစ်သည်။ ဆက်လက်၍ YPS တင်ဒါအပြီးသတ်  ရွေးချယ်နိုင်ရေးအတွက်  ကုမ္ပဏီ တစ်ခုချင်းစီအား ဇန်နဝါရီ ၈ ရက်တွင် လူတွေ့ ထပ်မံတွေ့ဆုံမေးမြန်းခြင်းများ ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပြီး အပြီးသတ် တင်ဒါရွေးချယ်မှုအနေဖြင့် ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၁ဝ ရက်တွင် ရွေးချယ်ခံရသည့် ကုမ္ပဏီကို ထုတ်ပြန် ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့၏ တင်ဒါစတင်ခေါ်ယူမှုကို သြဂုတ် ၉ ရက်က ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ် ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA)နှင့် Yangon Payment Services(YPS) ၏ ကတ်စနစ်ဖြင့် ငွေပေးချေမှု လုပ်ငန်းဝန်ဆောင်မှုအတွက်  (၁) Cards Issuing  လုပ်ငန်း၊ (၂)Cards Acquiring လုပ်ငန်းနှင့် (၃) Cards Top up Agent  လုပ်ငန်းများကို ဆောင်ရွက်ရန် လုပ်ကိုင်လိုသော မြန်မာနိုင်ငံသားပိုင် ပြည်တွင်းကုမ္ပဏီများ(သို့မဟုတ်) မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားဖက်စပ် ကုမ္ပဏီများကို ဖိတ်ခေါ်ခဲ့သည်။

တင်ဒါ တင်သွင်းခဲ့သည့် အဆိုပြုလွှာ ၂၁ ခုအနက်မှ ဒုတိယအဆင့် အောင်မြင်သည့်RFP Type (A) Turnkey Solution အတွက် ခုနစ်ခုနှင့်RFP Type (B) YPS Existing Backend System အတွက် ခုနစ်ခု စုစုပေါင်း ၁၄ ခု၏ စာရင်းအား ဒီဇင်ဘာ ၄ ရက်က ကြေညာခဲ့သည်။ ယင်းတို့ အား လူအများက စစ်ဆေးမှု၊ မေးမြန်းစိစစ်မှုများ ပြုလုပ်ပြီးနောက် ဆန်ခါတင် ကုမ္ပဏီ သုံးခုကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။ ဆုနှင်းလဲ့(​ကြေးမှုံ)

No comments:

Post a Comment