Latest News

Monday, January 1, 2018

မန္တလေးမြို့တွင် အမေနေ့အထိမ်းအမှတ်အဖြစ် အမေ့ခြေရာခံယူပွဲ ကျင်းပ

မန္တလေးမြို့တွင် အမေနေ့အထိမ်းအမှတ်အဖြစ် အမေ့ခြေရာခံယူပွဲ ကျင်းပ

မန္တလေး  ဒီဇင်ဘာ  ၃၁

မန္တလေးမြို့တွင် ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက် (ပြာသိုလပြည့်နေ့)တွင် ရောက်ရှိ မည့် အမေနေ့အထိမ်းအမှတ်အဖြစ် အမေ့ခြေရာခံယူပွဲအခမ်းအနားကို ချမ်းအေး သာစံမြို့နယ် (၈၅)လမ်းနှင့် (၃၅)လမ်းထောင့်ရှိ ဦးလှသိန်း ဓမ္မဗိမာန်တော်၌ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၃ဝ ရက်မှ ၃၁ ရက်အထိကျင်းပခဲ့ကြောင်း သိရသည်။

စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုဓလေ့စရိုက်များ ထွန်းကားလာစေရန်နှင့် အမေ၏ဂုဏ်ကျေးဇူးကို သတိတရရှိကြစေရန်  ရည်ရွယ်ချက်ဖြင့် အမေနေ့ အခမ်းအနားများကို  ကျင်းပခြင်းဖြစ်ကြောင်း မန္တလေးအမေနေ့ ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးဖုန်းမြင့်အောင်က ပြောကြားသည်။

''ဒီအခမ်းအနားကျင်းပချိန်မှာ  တဒင်္ဂလေးပဲဖြစ်ဖြစ် အမေ့ကျေးဇူး တရားတွေကို ပြန်ပြောင်းသတိရပြီး  လက်တွေ့ပေးဆပ်နိုင်ဖို့ ရည်ရွယ်၍ ကျင်းပတာဖြစ်ပါတယ်၊ တကယ်လည်း အမေ့ကျေးဇူးမှမသိရင် တခြားကျေးဇူး ကိုလည်း သိတတ်မှာ မဟုတ်ဖူး''ဟု ၎င်းကပြောသည်။

အဆိုပါအခမ်းအနားတွင် အမေ့ခြေရာခံယူသူ တစ်ဦးကလည်း ''ဘဝမှာ အောင်မြင်မှုပဲဖြစ်စေ၊ ဆုံးရှုံးမှုပဲဖြစ်စေ ကြုံတွေ့ခဲ့ရင် အမေက အားပေးနေမယ်လို့ ယုံကြည်တဲ့အတွက် အမေ့ခြေရာကို တန်ဖိုးထားပြီး အဆောင်အဖြစ် ထားရှိဖို့ ခံယူတာဖြစ်ပါတယ်''ဟု ပြောသည်။

အမေ့ခြေရာခံယူပွဲကို  ဒီဇင်ဘာ ၃ဝ ရက်မှ ၃၁ ရက်အထိ ကျင်းပ ခဲ့ပြီး အမေနေ့အဖြစ် သတ်မှတ်ထားသော ပြာသိုလပြည့်နေ့တွင် မိဘဂုဏ်ကျေးဇူး ဆိုင်ရာများကို  ပုလဲဆရာတော် မန္တလေးတက္ကသိုလ် မြန်မာစာ ပါမောက္ခ (အငြိမ်းစား) ဦးတင်မြင့်နှင့် စာရေးဆရာဟိန်းသန့်(အင်းဝ)တို့က ဟောပြော မည်ဖြစ်သည်။

နိုင်ငံတကာတွင် အမေနေ့နှင့် အဖေနေ့များကို ဂုဏ်ပြုသတ်မှတ်ထားရှိ ကြောင်းနှင့် မန္တလေးမြို့တွင် အမေနေ့အခမ်းအနားကို ၁၉၉၆ ခုနှစ်မှစ၍       ပြာသိုလပြည့်နေ့တိုင်းတွင် ကျင်းပခဲ့ရာ ယခုနှစ်တွင် (၂၂)ကြိမ်မြောက်ရှိပြီ ဖြစ်ကြောင်း သိရသည်။                  
မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment