Latest News

Thursday, January 11, 2018

မြတ်မော်တင်စေတီတော်မြတ်ကြီး ထီးတော်မတင်မီ လှည့်လည်ပူဇော်ရေး ညှိနှိုင်းဆွေးနွေး

မြတ်မော်တင်စေတီတော်မြတ်ကြီး ထီးတော်မတင်မီ
လှည့်လည်ပူဇော်ရေး ညှိနှိုင်းဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့ရှိ မဟာမကုဋရံသီ မြတ်မော်တင်စေတီ တော်မြတ်ကြီးတွင် တင်လှူမည့် ထီးတော်၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်အသစ် များကို လှည့်လည်ပူဇော်ရေးနှင့်ပတ်သက်၍ ဌာနဆိုင်ရာများနှင့် ဒေသခံများ ဇန်နဝါရီ ၈ ရက်က မြတ်မော်တင်ကျောင်းတိုက်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲတွင်  မြို့အုပ်ချုပ်ရေးမှူးဦးသက်လွင်ဦးက ထီးတော်ကို ဇန်နဝါရီ ၂၄ ရက်တွင်  မွန်ပြည်နယ် ကျိုက်ထီးဆောင်းစေတီမှ စတင်ပင့်ဆောင်ပြီး ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ရင်ငွေ့လှုံကာ  ၂၆ ရက်တွင် ပုသိမ်မြို့ ရွှေမုဋ္ဌောစေတီ တော်မြတ်ကြီးတွင် ရင်ငွေ့လှုံ အပူဇော်ခံမည်ဖြစ်ကြောင်း၊ ၂၈ ရက်တွင် မြတ်မော်တင် စေတီတော်သို့ ပင့်ဆောင်လာပြီး ၂၉ ရက်တွင် မြတ်မော်တင်စွန်းစေတီတော်မှ ကညင် ချောင်းကျေးရွာသို့ ပင့်ဆောင်လှည့်လည်၍ အပူဇော်ခံပြီး ဖေဖော်ဝါရီ ၁ ရက်တွင် ထီးတော်ကို မြတ်မော်တင်စွန်းစေတီ၌ တင်လှူပူဇော်သွားမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။
မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံရေးအတွက် ကျိုက်ထီး ဆောင်းဆရာတော်၏ ဦးဆောင်မှုနှင့် ဇေက္ဘာဦးခင်ရွှေ၏ မတည်လှူဒါန်းမှုဖြင့် ဆောင်ရွက်ကာ ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၂၅ ရက်က ထီးတော်ချခြင်းနှင့် စေတီတော် ပြုပြင်မွမ်းမံမှုများ ဆောင်ရွက်ခဲ့ကြောင်း၊  ပြုပြင်မှုများအဖြစ် စေတီတော်မြတ်ကြီး၏ ခေါင်းလောင်းမှောက်မှစတင်၍   ရွှေရောင်စတီးပြားများငုံကာ  တည်ထားခဲ့ပြီး စေတီတော်၏ ရင်ပြင်တော်အားထိန်းထားသော မြေထိန်းနံရံကို ဖြိုချကာ အဆိုပါ နေရာတွင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ သမိုင်းကြောင်းများကို လူအများ လာရောက်ကြည့်ရှုနိုင်မည့် ပြခန်းငယ်များ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊  စေတီတော် ကြီးအား ထီးတော်၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်များ ပြန်လည်တင်လှူ ပူဇော် မည့်နေ့တွင် အရံစေတီငယ် ၂၃ ဆူကိုလည်း ထီးတော်များ ပြန်လည်တင်လှူပူဇော်သွား မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် မှာ နီးကပ်လာပြီဖြစ်၍ ပြုပြင်မွမ်းမံရေးလုပ်ငန်းများ အမြန်ဆုံးပြီးစီးနိုင်ရန် ဟိုင်းကြီး ကျွန်းမြို့ရှိ  ဒေသခံပြည်သူများကလည်း လုပ်အားဒါန ပါဝင်၍ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။                                               ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)မြန်​မာ့အလင်း

No comments:

Post a Comment