Latest News

Thursday, January 11, 2018

ဟင်္သာတကိုဖြတ်၍ နတ်မော်မှသည် နိဗ္ဗာန်ဆီသို့ (​ဆောင်းပါး)

ဟင်္သာတကိုဖြတ်၍ နတ်မော်မှသည် နိဗ္ဗာန်ဆီသို့ (​ဆောင်းပါး)

အသက်အရွယ်ကြောင့်ပဲလား၊ ဒါမှမဟုတ် နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့သော အတိတ်ကို ပြန်လည်တူးဆွ သတိရတမ်းတစိတ်ကြောင့်ပဲလားဆိုတာကတော့ သိပ်ပြီးကွဲကွဲပြားပြား မရှိ လှ။ သို့သော်ငြားလည်း ယခင်ကရောက်ခဲ့ဖူး၊ နေခဲ့ဖူး၊ တာဝန် ထမ်းဆောင်ခဲ့ဖူးသည့် အရပ်ဒေသများဆီသို့ မရောက်ရောက် အောင် ပြန်လည်သွားလိုသောစိတ်ဆန္ဒ ချင်ခြင်းတပ်မက်မှုတို့ မကြာမကြာ ဖြစ်ပေါ်နေသည်ကတော့ အမှန်ပင်ဖြစ်၏။ ကြည့် လေ၊ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလဆန်းပိုင်းကပဲ ပြန်မရောက်တာ နှစ်ပေါင်း ၃ဝ ကျော်နေပြီဖြစ်သော ရှမ်းပြည်နယ်(တောင် ပိုင်း)ရှိ မိုင်းကိုင်မြို့လေး သို့လည်းကောင်း၊ ထိုမှနောက်ကြောင်း ပြန်ခေါက်ပြီး လဲချား၊ လွိုင်လင်၊ နမ့်စန်၊ လင်းခေးနှင့် မိုးနဲမြို့များ သို့ဖြတ်ကာ သံလွင်မြစ်အား တာစွတ်တိန်းကူးတို့ ဆိပ်မှကူးတို့ ဖောင်ဖြင့်ကူး၍ ဟိုမိန်းမြို့လေးသို့လည်းကောင်းသွားခဲ့ပြီးပြီ။ ထိုခရီးစဉ်များမှအပြန် ဒီဇင်ဘာလကုန်ကာနီး ချင်ခြင်းတပ်မက် မှုက ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့ရွာများဆီသို့ မျက်စိ လည်လမ်းမှားသွားရော့ထင်။ ကျေးဇူးရှင်မိခင်ကြီး   ကွယ်လွန် အနိစ္စရောက်ခဲ့သည့်  ၁၉၉၄ ခုနှစ်မှာ နောက်ဆုံးဖြတ်သန်းသွား လာခဲ့သည်ဟုဆိုရမည့် ဟင်္သာတမြို့ တစ်ဖက်ကမ်းက သာရ ဝေါဘူတာလေး၊ ထိုမှဧရာဝတီမြစ်ကို ကူးတို့သင်္ဘောဖြင့် ကူးပြီး နောက် နေပူပူ၊ လေပူပူ ခြေထောက်အောက်က သဲပူပူတို့ကို အန်တုလျက်ခေါင်းဆေးကျွန်းကြီးကိုဖြတ်ပြီးသကာလ၊ ဟင်္သာတ မြို့ဦးကမ်းပေါ်မှာ ဖူးတွေ့ရသော ရွှေပြောင်ပြောင်စေတီလေး၊ ထိုစေတီလေးရှိရာကမ်းသို့ မရောက်မီ တစ်ကြိမ်ဖြတ်လျှင် တံတားဖြတ်သန်းခ ၁ဝ ပြားပေးရသောကြောင့် ဆယ်ပြား တံတားဟုအမည်တွင်နေသည့် ဝါးတံတားလေးတစ်ခု ရှိနေပါ သေးသည်။ ဒါကလွန်ခဲ့သည့် နှစ်ပေါင်း ၂ဝ ကျော်မှာ မြင်တွေ့ ခဲ့ရသော  မြင်ကွင်းများ။
ရွှေပြောင်ပြောင်ဘုရား
အမှန်အတိုင်းဝန်ခံရလျှင် ထိုစဉ်က ရွှေပြောင်ပြောင်ဘုရား ဘေးကနေ အခေါက်ပေါင်းများစွာ  ဖြတ်ကျော်ဖြစ်ခဲ့ငြား၊ တစ်ကြိမ်တစ်ခါမျှ ဘုရားဝင်းအတွင်းသို့ဝင်၍ ကျကျနန မဖူး ဖြစ်ခဲ့ပါ။ ဟင်္သာတမြို့မှ ပြန်လည်ထွက်ခွာမည့် ချက်ပလက် ခေါင်းတိုကားကြီးရှိရာသို့ အပြေးအလွှား သွားရောက်ခဲ့ရသော ကြောင့်ပင်။  အားကောင်းမောင်းသန်အရွယ်မို့ နှစ်ကျပ်၊ သုံးကျပ်အကုန်ခံပြီးတော့လည်း ဆိုက်ကားမစီးချင်။ ဟင်္သာတ မှ အိုင်သပြုကားဂိတ်ထိ  သွားရောက်ရဦးမည်ဖြစ်ရာ အနှီ နောက်ဆုံးကားကြီးမီအောင် ကိုယ့်ခြေထောက်ကိုယ်သုံးလျက် သွားခဲ့ သည်ချည်းသာ။ ကားပေါ်မှာ ဖင်တစ်နေရာစာ မရလျှင် လည်း ကားနောက်ပိုင်းအမိုးကိုင်းအား မြဲမြဲကိုင်လျက် နတ်မော်-နိဗ္ဗာန်-ယုံသလင်း-ခမောက်စု လမ်းအတိုင်း အိုင်သပြု ထိ သုံးနာရီခန့် ခရီးကို မငြီးမငြူ စီးခဲ့ရဖူးသည်ကိုလည်းမမေ့။ သည့် အတွက်ကြောင့်ပင်လျှင်သည်လမ်း၊ သည်ခရီးကို ယခင် အတိုင်းကြည့်မြင်တိုင်ဘူတာမှ ရထားစီး၍ သွားကြည့်ချင်ပါ သော်လည်း ဟင်္သာတမြို့မှ မိတ်ဆွေအချို့က တားကြသည်။ ကားလမ်းတွေ အလွန်ကောင်းနေပြီဖြစ်သောကြောင့် ရထား ဖြင့်လာသူ သိပ်မရှိတော့ ဟူ၏။ ခေါင်းဆေးကျွန်းအား နောက် တစ်ကြိမ်ခြေကျင်လျှောက်၍ မဖြတ်ရကာမှနေရော၊ ဟင်္သာတ မြို့သို့အရောက် ကားဖြင့်သွား၍ ရွှေပြောင်ပြောင်ဘုရားကို ဖူးဖြစ်အောင်ဖူးမည်ဟု သန္နိဋ္ဌာန်ချထားခဲ့မိသည်။
တံတားသစ်ကြီးများ
ထိုသို့စိတ်ပိုင်းဖြတ်ထားပြီးဖြစ်ရာ ယခုတစ်ခေါက်တွင် မွေးရပ်မြေလှော်ကထား အထက၏ မြတ်ဆရာပူဇော်ပွဲကို ပုသိမ်- မုံရွာလမ်းအတိုင်း မသွားတော့ဘဲ ဓနုဖြူမှ ဇလွန်၊  ဇလွန်မှ ဟင်္သာတအထိ ကားဖြင့်သွားခဲ့သည်။ ဇလွန်မြို့ ပြည်တော်ပြန် မာန်အောင်မြင်ဘုရားကြီးကို ဖူးမြော်ခွင့်ရခဲ့၍ ကြည်နူးဝမ်းသာ ဖြစ်ရသည်။  ရန်ကုန်နှင့် မဝေးလှသော်ငြား  ၁၉၉၇ ခုနှစ်လောက်တွင် မိသားစုနှင့်အတူ ဖူးမြော်ခဲ့ပြီး နောက်ပိုင်း ဇလွန်သို့မရောက်သည်မှာလည်း နှစ်ပေါင်း ၂ဝ ကျော်ခဲ့ပြီ။ ညောင်တုန်းမှဓနုဖြူ၊ ဓနုဖြူမှဇလွန်-ဟင်္သာတ အထိကားလမ်းတွေက အလွန်ကောင်း နေပါပြီ။ ဗိုလ်မြတ်ထွန်း တံတားကြီး မပေါ်ပေါက်မီက ညောင်တုန်းတွင် ဧရာဝတီမြစ်ကို ဇက်ဖြင့်ကူးရသော အရသာကိုပင် လွမ်းမိသေးတော့။ ယခုဆို လျှင် ဗိုလ်မြတ်ထွန်းတံတားကြီး သာမကပဲ  ဧရာဝတီတံတား (ညောင်တုန်း)တည်းဟူသော ကားရောရထားရော ဖြတ်ကူးနိုင် သည့် တံတားသစ်ကြီးတစ်စင်းကလည်း ပေါ်ပေါက်ခဲ့သည်မှာ ကာလအတန်ကြာခဲ့ပေပြီ။ ထိုတံတားသစ်ကြီးမှဖြတ်၍ ဓနုဖြူ သို့ ခရီးဆက်ခဲ့ခြင်းဖြစ်၏။ ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့ကို စဖြတ်ကတည်းက ဓနုဖြူ မြို့က လှိုက်လှဲစွာကြိုဆိုပါ၏         ဟူသော မြို့ဝင်ဆိုင်းဘုတ်ကို မြင် လိုက်ရသောအခါကနှင့်မှကို ခွဲခြားသုံးစွဲရန်ရေးသားòန်ပြခဲ့သည့် ဆရာကြီးဦးခင်အေး (မောင်ခင်မင် -ဓနုဖြူ) ကျေးဇူးကြောင့်ပဲဖြစ်မည်ဟု အတွေး ဝင်မိသေး၏။ ဇလွန်နှင့် ဟင်္သာတမှာလည်း ထိုနည်းနှင်နှင်ပင်။ ကကြီးနှင့်ပဲ သုံးစွဲရေးသားထားကြောင်း တွေ့ရသည်။
ရွှေစေတီ
နေပြည်တော်မှ ထွက်လာခဲ့သော ကျွန်တော်၊ ညောင် တုန်း၊ ဓနုဖြူ၊  ဇလွန်အထိ  အဆင်ပြေပြေသွားနိုင်ခဲ့သော်လည်း ဟင်္သာတမြို့ထဲလမ်းများကို မမောင်းတတ်တော့ပါ။ဇလွန် လဝက ရုံးတွင် တာဝန်ထမ်းဆောင်နေသော ညီတော်မောင်ကို အကူအညီတောင်း၍ ရွှေပြောင်ပြောင်ဘုရားသို့  အရင်ဆုံးသွား ရောက်ဦးခိုက်ခဲ့ပါသည်။ သို့သော်ဘွဲ့တော်အမည်နာမက ရွှေ ပြောင်ပြောင်ဘုရား မဟုတ်တော့ဘဲ ၁၉၈၄ ခုနှစ်လောက်မှစ၍ ရွှေစေတီဟုပြောင်းလဲထားပြီဖြစ်ကြောင်း ဒေသခံတစ်ဦးက ရှင်းပြခဲ့သည်။ စောစောကကျွန်တော်ပြောခဲ့သည့် ဆယ်ပြား တံတားရော၊ သူ့အနားက ဈေးဆိုင်ခန်း၊ စားသောက်ဆိုင်တန်း တွေရော မရှိတာကြာပြီဖြစ်ကြောင်းလည်း သိလိုက်ရသည်။ မီးခဏခဏလောင်ပြီးနောက်ပိုင်း အားလုံးရှင်းလင်းခဲ့ရသည် ဆို၏။ ရွှေပြောင်ပြောင်ကမ်းနဖူးမှနေ၍ ခေါင်းဆေးကျွန်းကြီး ရှိရာသို့ လှမ်းမျှော်ကြည့်လိုက်သောအခါ တောင်ယာစိုက်ခင်း များဖြင့် စိမ်းစိုလန်းဆန်းနေသည်ကို တွေ့ရသည်။ ဟိုးအဝေး ဆီမှာတော့ သာရဝေါဘူတာလေးက တိတ်ဆိတ်ငြိမ်သက်စွာ တည်ရှိနေမည်မှာမလွဲပေ။ ဖြစ်နိုင်လျှင်ငယ်စဉ်က လူရည်ချွန် စာမေးပွဲများ  ဖြေဆိုခဲ့ဖူးသောဟင်္သာတမြို့  အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းကြီးရှိရာသို့ အမှတ်တရသွားကြည့် ချင်ပါသေးသည်။ အချိန်မရတော့၍ မရောက်ဖြစ်တော့ပါ။

ဦးဖိုးကျား၏ မွေးရပ်ဇာတိ
ဟင်္သာတမြို့မှ နတ်မော်ခရီးသည်လည်းကောင်း၊ နတ်မော် မှ နိဗ္ဗာန်သို့လည်းကောင်း သွားရသည့်ခရီးက မဝေးလှပါ။ မိနစ် အနည်းငယ်သာကားမောင်းလိုက်ရပါသည်။ နတ်မော်ကျေးရွာ တွင် ဉာဏ်တော် ၁၆၈ တောင်ရှိ လျောင်းတော်မူ တိလောက ဥသျှောင် ရှင်သာလျောင်းဘုရားကြီးအား ဝင်ရောက်ဖူးမြော် ရင်း  ကွယ်လွန်သူဇနီးသည်အတွက်ရည်စူး၍  အလှူငွေ ထည့်ဝင်လှူဒါန်းခဲ့ပါသေးသည်။ နတ်မော်ဆိုသည်ကလည်း ၁၉၇၆ ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့ ပြီးနောက် စစ်တက္ကသိုလ်တက်ရောက်ခွင့်ရရေး  လျှောက်ထားရန်  လျှောက်လွှာယူခဲ့သည့်  နယ်မြေခံတပ်ရင်း   တည်ရှိရာ ရွာကြီး တစ်ရွာဖြစ်သည်။ ထို့အပြင် စာရေးဆရာကြီး ပါရဂူ၏ ဇာတိမြေ၊ သူဖွင့်လှစ်ပေးခဲ့သော စာကြည့်တိုက်တည်ရှိရာ အရပ်ဒေသ တစ်ခုလည်း ဖြစ်နေပေသည်။ ထိုနည်းတူစွာ ရှေ့တွင် ခရီးဆက် ရမည့် နိဗ္ဗာန်ကျေးရွာဆိုသည်မှာလည်း အမျိုးသားပညာဝန် ဦးဖိုးကျား၏ မွေးရပ်ဇာတိဖြစ်ကြောင်း လေ့လာသိရှိရသည်။  ဟာသသရုပ်ဆောင်  လူရွှင်တော်များကတော့ နိဗ္ဗာန်ရောက်ချင် လျှင် ဟင်္သာတကိုအရင်သွားဟူသော ပြက်လုံးထုတ်၍ ပြောခဲ့ ကြဖူးသည်။ နိဗ္ဗာန်ကိုကျော်လျှင် ရောက်ရှိသွားမည့်နေရာမှာ အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင်၏ မွေးရပ်ဇာတိမြေ ယုန်သလင်းကျေးရွာဖြစ်သည်။

အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင်
အဖ ယုန်သလင်းရွာသူကြီး မန်းပေကုန်းနှင့် အမိဒေါ်ပု တို့မှ ၁၉ဝ၃ ခု၊ အောက်တိုဘာလ၂၆ ရက်တွင် ဖွားမြင်ခဲ့သည်။ ငယ်စဉ်က ဟင်္သာတမြို့  အေဘီအမ်ကျောင်းတွင် ပညာသင် ကြားခဲ့ကြောင်း၊ ၁၉၃၇ ခုနှစ်တွင် ပုသိမ်မြောက်ပိုင်းဒေသ အမတ်အဖြစ် အရွေးခံရကြောင်း၊ ဖက်ဆစ်တို့ကိုတော်လှန်ခဲ့ရာ ၌ ရွပ်ရွပ်ချွံချွံဆောင်ရွက်ခဲ့ပြီး ကရင်-ဗမာချစ်ကြည်ရေးကို လည်း  အထူးကြိုးပမ်းတည်ဆောက်ခဲ့ကြောင်း၊  ဗိုလ်ချုပ် အောင်ဆန်းခေါင်းဆောင်သော  ဝန်ကြီးအဖွဲ့တွင် စက်မှု၊ လက်မှု နှင့် အလုပ်သမားဝန်ကြီးဌာန၊ ဝန်ကြီးအဖြစ် တာဝန်ယူခဲ့ ကြောင်း ယုန်သလင်းကျေးရွာအဝင် လမ်းမကြီးဘေးတွင် ကမ္ပည်းကျောက်စာတိုင် ရေးထိုးဂုဏ်ပြုထားသည်ကို တွေ့ခဲ့ ရသည်။ ထိုမှ ခမောက်စုကျေးရွာကိုဖြတ်ပြီး အိုင်သပြုသို့ ရောက်ခဲ့သည်။ ခမောက်စုဆိုသည်မှာလည်း မိမိတို့ ဧရာဝတီ တိုင်းသားများ ကြံဖန်၍ ဂုဏ်ယူကြမည်ဆိုပါက ယူနိုင်သော နိုင်ငံ့လက်ရွေးစင်  အမျိုးသမီးဘောလုံးအသင်း ဂိုးသမားလေး မေခင်ယမင်း၏ ဇာတိမြေဖြစ်သည်။  စာရေးသူငယ်စဉ်က အသုတ်မြို့တွင်ကျောင်းတက်နေသော အစ်ကိုများရှိရာသို့ ဦးကြီး၊ ဦးလေးများနှင့်အတူ လိုက်ပါခဲ့စဉ် ဟင်္သာတမှထွက် လာသော  ရထားကိုစောင့်၍  ခမောက်စု- ပုသိမ်ရထားလမ်း အတိုင်း  အသုတ်မြို့သို့သွားခဲ့ဖူးသော နေရာတစ်ခုဖြစ်သည်။

မရောက်တာကြာပြီဖြစ်သော ခမောက်စုဘူတာလေး ရှိရာ သို့ သွားရောက်ကြည့်ရှု  ငေးမောခဲ့သေး၏။ တစ်ချိန်က ငဝန်မြစ် ကမ်းဘေးရှိ အိုင်သပြုကျေးရွာလေးတွင် ကားလမ်း ဆုံးခဲ့သော် လည်း ယခုအခါ အိုင်သပြု-လေးမျက်နှာလမ်းနှင့် အိုင်သပြု-ငါးသိုင်းချောင်း  လမ်းများကို အဆင့်မြှင့်တင် ဖောက်လုပ်ထား ပြီးဖြစ်ရာ လေးမျက်နှာ-အိုင်သပြု-ငါးသိုင်း ချောင်းလမ်းအတိုင်း   ပုသိမ်-မုံရွာလမ်းမကြီးသို့  ရောက်ရှိသွားမည်ဖြစ်ပေသည်။ လေးမျက်နှာမြို့လေးသည်လည်း ဟိုတစ်ချိန်ကကဲ့သို့ လမ်းဆုံး မြို့လေး မဟုတ်တော့ပါ ။  မြင့်စိုး(နတလ)မြန်​မာ့အလင်း

No comments:

Post a Comment