ရေး ကြပ်မတ်ဆောင်ရွက်
မန်းရွှေစက်တော် ဘုရားပွဲတော်ကာလ နီးကပ်လာသည်နှင့်အမျှ ယခုအခါ အဆောက်အအုံများ ဆောက်လုပ်လျက်ရှိရာ ယခု ရက်များအတွင်း အချိန်အခါလွန် မိုးများ ရွာသွန်းနေမှုကြောင့် ရွှေစက်တော်တွင် ရေကြီးမှုဖြစ်ပါက ထိခိုက်ပျက်စီးမှုများမရှိ စေရေးအတွက် မင်းဘူးခရိုင် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ငဖဲမြို့နယ် ပဒါန်းကျေးရွာတွင် အခြေပြုကာ အနီးကပ် ကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
''ဆောင်းတွင်းရာသီကာလ မုန်တိုင်းမိုးရွာသွန်းခဲ့မှု ကြောင့် မန်းစက်တော်ရာရဲ့ အထက်ဘက်မှာတည်ရှိတဲ့ ငဖဲမြို့နယ်မှာ ဇန်နဝါရီ ၁ ရက်မှ ၃ ရက်အထိ မိုးရေချိန် ၃ ဒသမ ၈၇ လက်မရွာသွန်းခဲ့လို့ မန်းချောင်းရေလှောင်တမံမှာ ပင်မရေပို လွှဲမှ ရေကျော်ရန် ဝ ဒသမ ၄ ပေသာ လိုပါတယ်၊ ဒီကနေ့ ညနေ ပိုင်းအထိ မိုးတိမ်များအုံ့ဆိုင်းကာ မိုးရွာသွန်းနေတဲ့အတွက် ၂၄ နာရီ ရေကင်းများချထားပြီး ဆည်တမံရဲ့ အောက်ပိုင်းမှာရှိတဲ့ ငဖဲမြို့နဲ့ ကျေးရွာများ၊ မန်းရွှေစက်တော်ရာ ဂေါပကအဖွဲ့များနဲ့ နာရီတိုင်း ဆက်သွယ်ပြီး သတင်းပေးပို့လျက်ရှိပါတယ်၊ မန်းချောင်း တစ်လျှောက်က ပြည်သူများနဲ့ တောင်သူများအနေနဲ့လည်း ကြိုတင်ပြင်ဆင်ထားကြရန် လိုအပ်ပါတယ်''ဟု မန်းချောင်းရေ လှောင်တမံ ထိန်းသိမ်းရေးတာဝန်ခံ ဦးမောင်မောင်ဝင်းက ပြောသည်။
လက်ရှိအနေအထားအရ မန်းတမံမှ ရေပိုလွှဲလျှံရေ ဆည် ရေမဆင်းသေးသည့်အတွက် စိုးရိမ်ရန်မရှိကြောင်း၊ ထို့အပြင် ဇန်နဝါရီ ၃ ရက် ညနေပိုင်းတွင် မိုးရွာသွန်းမှု လျော့နည်းသွား ပြီဖြစ်သည့်အပြင် တမံနှင့် ဆက်စပ်အဆောက်အအုံများ ကြံ့ခိုင် မှုကောင်းမွန်ပြီး ရွှေစက်တော်နှင့် ငဖဲမြို့အကြား မိုးရွာသွန်းမှု များသည့်အခါ မန်းချောင်းအတွင်း စီးဆင်းဝင်ရောက်သည့် ချောင်းငယ်၊ ရိုးငယ်ရေများ ပေါင်းဆုံစီးဆင်းမှုလည်းမရှိ၍ စိုးရိမ်စရာမရှိကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး၏ ပြောကြားချက် အရ သိရသည်။သန်းနိုင်ဦး(ငဖဲ)မြန်မာ့အလင်း
No comments:
Post a Comment