Latest News

Friday, January 5, 2018

နိုင်ငံရဲ့ အနာဂတ်အတွက် လူငယ်များဟာ ဆက်လက်ပြီး ဆောင်ရွက်သွားနိုင်မယ်လို့ မျှော်လင့်

နိုင်ငံရဲ့ အနာဂတ်အတွက် လူငယ်များဟာ ဆက်လက်ပြီး ဆောင်ရွက်သွားနိုင်မယ်လို့ မျှော်လင့်

အနာဂတ်တွင် တိုင်းပြည်၏ အခန်းကဏ္ဍအားလုံး၌ လူငယ်များ၏ ဦးဆောင်မှုစွမ်းရည် မြှင့်တင်နိုင်ရေးအတွက် လိုအပ်သော အရည်အသွေးပြည့်မီသည့် ပညာသင်ယူရေးအခွင့်အလမ်းများ ဖော်ထုတ်ပေးနိုင်ရန် ရည်ရွယ်ချက်များဖြင့် မြန်မာနိုင်ငံ လူငယ်ရေးရာမူဝါဒ မိတ်ဆက်ဖြန့်ချိခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ မိန့်ခွန်းပြောကြားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်   ဒေါ်အောင်ဆန်းစုကြည်က  ''ဒီနေ့ အခမ်းအနားကို   တက်ရောက်လာကြတဲ့   ဧည့်သည်တော်များအားလုံးကို နှုတ်ခွန်းဆက်ပါတယ်၊ အထူးသဖြင့် ဒီအခမ်းအနားနဲ့ သက်ဆိုင်တဲ့ လူငယ် တွေကိုလည်း နှုတ်ခွန်းဆက်ပါတယ်၊ ကျွန်မတို့ဟာ လူငယ်တွေရဲ့ တိုးတက် ဖွံ့ဖြိုးရေးအတွက် အထူးအလေးထားပြီး လုပ်ရတယ်ဆိုတာဟာ တစ်နည်း အားဖြင့် ပြောရမယ်ဆိုရင် ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်တည်ဆောက်ခြင်းပဲ ဖြစ်ပါတယ်၊ လူငယ်တွေဆိုတာ ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်ပါ၊ ဒါပေမယ့် ကျွန်မ လူငယ်တွေကို အမြဲတမ်းသတိပေးရတယ်၊ လူငယ်တွေဆိုတာ ထာဝရ ငယ်နေတာမဟုတ်ဘူး၊ တစ်ချိန်တစ်ခါမှာ ကြီးသွားမှာပဲ၊ တစ်နည်းအားဖြင့် ပြောရရင် ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်၊ ဒါဟာ Processတစ်ခုပါ။

လူငယ်တွေက လူငယ်ဖြစ်တဲ့အချိန်မှာ လူငယ်တွေရဲ့ တာဝန်တွေကို ထမ်းဆောင်သွားပြီး နောက်ပိုင်းကျရင် လူကြီးတွေရဲ့ တာဝန်တွေကို ဆက်ပြီး ထမ်းဆောင်သွားရမှာဖြစ်ပါတယ်၊ လူကြီး၊ လူငယ်ဆိုတာဟာ ရိုးရိုးရှင်းရှင်းနဲ့ သတ်မှတ်လိုက်ရင်တော့   အသက်ကိုကြည့်ပြီးတော့    သတ်မှတ်ပါတယ်၊       ၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်းအရ     မြန်မာနိုင်ငံ စုစုပေါင်းလူဦးရေရဲ့ ၃၅ ဒသမ ၅၈ ရာခိုင်နှုန်းဟာ အသက် (၁၅) နှစ်ကနေ (၃၅) နှစ်ကြားမှာ ရှိတယ်လို့ ပြောပါတယ်။  လူငယ်တွေဟာ ကျွန်မတို့နိုင်ငံရဲ့ သုံးပုံတစ်ပုံ ကျော်တယ်ဆိုတဲ့သဘောပါပဲ။ ဒီလို သုံးပုံတစ်ပုံ ကျော်တယ်ဆိုတာဟာ   စီးပွားရေးအတွက်၊  နောင်ပညာရေးအတွက် ကောင်းတဲ့လက္ခဏာပါ၊ လူငယ်အင်အားများလာရင် ကောင်းတာပေါ့၊ ဒါပေမယ့် အားလုံးသိမှာ ဖြစ်ပါတယ်၊ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေမှာဆိုရင် တဖြည်းဖြည်းနဲ့ လူငယ်အင်အားက ကျသွားတယ်၊  ဘာဖြစ်လို့လဲဆိုတော့ မိသားစုတွေရဲ့ အရွယ်အစားက သေးသွားတယ်။

အကုန်အကျများ

''အများအားဖြင့် ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာ သားသမီး နှစ်ယောက် ထက် ယူလေ့သိပ်မရှိဘူး၊ ကျွန်မတို့နိုင်ငံမှာတောင်မှ ဒါ နှစ်ရာခိုင်နှုန်း မပြည့် တပြည့်လို့ ကျွန်မနားလည်တယ်၊ ကျွန်မတို့နိုင်ငံက ဒီလောက်တောင်မှ ဖွံ့ဖြိုးတိုးတက်သေးတာမဟုတ်ဘူး ဆိုပေမယ့်လည်း သားသမီးတွေနဲ့ ပတ်သက်ရင် သိပ်များတဲ့ မိသားစုဝင်တွေကို ထူထောင်တဲ့ အလေ့အထဟာ တဖြည်းဖြည်း ပျောက်လာပြီ၊ ဒါလည်း သားသမီးတွေကို ပြုစုပျိုးထောင်ဖို့ဟာ အင်မတန်မှ အကုန်အကျများလို့ပဲဖြစ်ပါတယ်၊ အကုန်အကျဆိုတာ ငွေရေးကြေးရေး အကုန်အကျသာမကပါဘူး၊ အင်အားစိုက်ထုတ်ရတဲ့ အကုန်အကျ၊ အချိန် ပေးရတဲ့ အကုန်အကျ၊ အခုခေတ်မှာဆိုရင် မိဘနှစ်ပါးလုံးက အလုပ်လုပ်တဲ့ အခါကျတော့ သားသမီးတွေ များများကို ကြည့်နိုင်ဖို့ဆိုတာ လက်တွေ့ မကျပါဘူး။

''ဒါကြောင့်မို့ သားသမီးယူတဲ့နှုန်းဟာ ကျဆင်းလာတယ်၊ ကျဆင်းလာတာ နဲ့အမျှ နောင်ဆိုရင် အဲဒီနိုင်ငံမှာ လူငယ်တွေရဲ့ ရာခိုင်နှုန်းဟာ ကျလာမှာပဲဖြစ် ပါတယ်၊ ဒီတော့ ရှိတဲ့လူများဟာ ကိုယ့်ရဲ့ အရည်အချင်းတွေကို အစွမ်းကုန် မြှင့်တင်ဖို့ဟာ ကျွန်မတို့နိုင်ငံအတွက် အများကြီးပဲ အရေးကြီးပါတယ်၊ လူငယ် ရေးရာ မူဝါဒ မူကြမ်းကို လုပ်ငန်းစဉ်အဆင့်ဆင့် ကြိုးပမ်းဆောင်ရွက် အတည် ပြုနိုင်ခဲ့ပြီ၊ တိုင်းဒေသကြီး၊ ပြည်နယ် ကိုယ်စားပြု လူငယ်အဆင့်ဆင့် ရွေးချယ် တယ်၊ လူငယ်များရဲ့ အကြံပြုချက်၊ ဆွေးနွေးချက်များကို ရယူနိုင်ခဲ့တယ်၊ မူကြမ်းရေးဆွဲတဲ့အဖွဲ့ အစည်းအဝေး သုံးကြိမ်၊ လုပ်ငန်းကော်မတီအစည်းအဝေး နှစ်ကြိမ်၊ ဗဟိုကော်မတီအစည်းအဝေး တစ်ကြိမ်နဲ့ ကော်မတီသုံးရပ် တွေ့ဆုံ ဆွေးနွေးပွဲ တစ်ကြိမ်ကျင်းပ ဆောင်ရွက်ခဲ့ပါတယ်၊ လူငယ်ရေးရာမူဝါဒ မူကြမ်းကို ၂ဝ၁၇ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ အတည်ပြုပြဋ္ဌာန်းပြီးဖြစ်ပါတယ်။

လူငယ်တွေနဲ့ လူကြီးတွေကြား ဆက်ဆံမှု

''ကျွန်မတို့ လူငယ်တွေအတွက် အရေးအကြီးဆုံးကတော့ ပညာရေးနဲ့ ကျန်းမာရေးဆိုတာ ထူးထူးထွေထွေ ပြောစရာမလိုပါဘူး၊ နောက်အရေးကြီးတဲ့ ကိစ္စတစ်ခုကတော့ ကျွန်မတို့ လူငယ်တွေနဲ့ လူကြီးတွေကြား ဆက်ဆံမှုဟာ ချောမွေ့ဖို့ ၊ နောက်ပြီး အပြုသဘောဆောင်ဖို့ အင်မတန်မှ အရေးကြီးပါတယ်၊ အခုဆိုရင် တစ်ကမ္ဘာလုံးက ဘယ်လိုသတ်မှတ်ထားသလဲဆိုတော့ မျိုးဆက် တစ်ဆက်နဲ့တစ်ဆက်ဟာ မတူကြဘူး၊ မတူကြတော့ သူတို့ပြောတာGeneration Gap  ပေါ့၊ မျိုးဆက်တွေကြားမှာ ကွာခြားမှုတွေဟာ ကြီးမားတယ်လို့ ပြောပါ တယ်၊ ဒါပေမယ့် တကယ်တော့လည်း ဒီလိုဖြစ်ဖို့တော့မလိုပါဘူး၊ အများအား ဖြင့်တော့ တော်လှန်ရေးကာလတွေမှာဆိုရင် ဒီလိုကွာခြားမှုက ကြီးသွားပါ တယ်၊ တော်လှန်ရေးဆိုတာ နိုင်ငံရေးအရ တော်လှန်ရေးတင် ပြောတာ မဟုတ်ပါဘူး၊ နည်းပညာအရတော်လှန်ရေး၊ လူမှုရေးအရတော်လှန်ရေး၊ ဥပမာဆိုရင် ကျွန်မတို့ ကမ္ဘာကြီးရဲ့သမိုင်းကိုပြန်ကြည့်ရင် စက်မှုတော်လှန်ရေး၊ နောက်ကိုပြန်ကြည့်လိုက်ရင် စိုက်ပျိုးရေးတော်လှန်ရေး၊ ရှေ့ကိုကြည့်လိုက်ရင် နိုင်ငံရေးအရတော်လှန်ရေး  တော်လှန်ရေးတွေအမျိုးမျိုးပါ၊ တော်လှန်ရေးဆိုတာ စနစ်တစ်ခုကို မြန်မြန်ဆန်ဆန်နဲ့ တော်တော်လှုပ်လှုပ်ရှားရှားနည်းတွေနဲ့ ပြောင်းလိုက်တာကို တော်လှန်ရေးလို့ပဲ ယေဘုယျအားဖြင့် သတ်မှတ်ပါတယ်၊Evolution  ကတော့ တော်လှန်ရေးမဟုတ်ဘဲနဲ့ တဖြည်းဖြည်း ပြောင်းလဲ တာတော့ တစ်ကမ္ဘာလုံးမှာ တစ်ချိန်လုံးရှိနေတာပဲ။

ညှိယူလို့ရ

''ဒါပေမယ့် ဒီလိုတော်လှန်ရေးကာလတွေမှာဆိုရင် မျိုးဆက်သစ်တွေနဲ့ လူကြီးတွေအကြားမှာ ကွာဟမှုဟာ ပိုပြီးတော့ကြီးသွားတတ်ပါတယ်၊ ဘာဖြစ် လို့လဲဆိုတော့ လူငယ်တွေရဲ့ အတွေးအခေါ်တွေဟာ ခေတ်တော်လှန်ရေး စိတ်ဓာတ်တွေနဲ့ ပိုပြီးတော့ကိုက်ညီပြီးတော့ လူကြီးတွေကတော့ အရင်တုန်းက အတွေးအခေါ်တွေကို လွယ်လွယ်ကူကူနဲ့ မစွန့်လွှတ်နိုင်တာကို မြင်နိုင်ပါတယ်၊ ဒါပေမယ့် ဒါတွေဟာလည်း ညှိယူလို့ရတဲ့ကိစ္စပါ၊ ဘာဖြစ်လို့လဲဆိုတော့ လူကြီးတွေဆီက လူငယ်တွေကလည်း အများကြီးသင်ယူနိုင်စရာ ရှိပါတယ်၊ သိပ္ပံပညာရှင်တွေက ပြောထားတယ်။ ကျွန်မတို့လူသားတွေဟာ တခြားသတ္တဝါ တွေထက် ပိုပြီးတော့ တိုးတက်မှုရှိနိုင်တဲ့ အကြောင်းတစ်ခုက ဘာလဲဆိုတော့ ကျွန်မတို့ဟာ မျိုးဆက် တစ်ဆက်ပြီးတစ်ဆက်ကို ဆက်ပြီးတော့ သင်ကြား ပေးနိုင်တဲ့ အရည်အချင်း၊ လုပ်ရည်ကိုင်ရည်တွေ ရှိလို့ပဲ၊ ဥပမာပြောရရင် တိရစ္ဆာန်လေးတွေဆိုရင် တိရစ္ဆာန်လေးတွေ မွေးလာပြီး ရှင်သန်ဖို့အတွက် တိရစ္ဆာန်မိဘတွေဟာ အားလုံး အစကနေစပြီး သင်ပေးရတယ်၊ ဘယ်လိုပျံရ မယ်၊ ဘယ်လိုနေရမယ်၊ ဘယ်လို အစာရှာရမယ်၊ အဲဒီတော့ ဒီသတ္တဝါလေးတွေ တစ်သက်မှာ အခြေခံရှင်သန်နိုင်ရေး ပညာတွေပဲ ပေးနိုင်တယ်၊ ကျွန်မတို့ လူသားတွေက ဒါနဲ့ကွာတယ်၊ ကျွန်မတို့ လူသားတွေက နံပါတ်တစ် စကားပြော နိုင်တယ်၊ စကားေ
ပြာလို့ရတဲ့အတွက် တစ်ယောက်နဲ့ တစ်ယောက် ဆွေးနွေးလို့ ရတယ်၊ ကိုယ့်ရှိတဲ့ ပညာတွေကို တခြားလူတွေကို ပေးလို့ရတယ်၊ ညှိပြီးတော့ ဒီပညာတွေကို ပိုပြီးတော့ နက်နဲအောင် လုပ်လို့ရတယ်။

ပြည့်ဝတဲ့လူသားတွေဖြစ်အောင် လုပ်ပေး

''နောက်တစ်ဆင့်ကတော့ စာရေးတာ၊ စာရေးလိုက်တော့ ပိုပြီးတော့ တောင်မှ ထားခဲ့လို့ရတယ်၊ မျိုးဆက် တစ်ခုမှတစ်ခု မျိုးဆက်ပေါင်းများစွာ ကိုယ်တတ်ခဲ့တဲ့၊ သိခဲ့တဲ့ကိစ္စတွေကို နောင်မျိုးဆက်တွေကို ပို့ချနိုင်တဲ့ အနေ အထားမှာရှိလာတယ်၊ အဲဒီတော့ ကျွန်မတို့ မိဘတွေဟာဆိုရင် မွေးကတည်း ကနေပြီး ကလေးလေးတွေကို ရှင်သန်နိုင်ဖို့၊ စားနိုင်ဖို့၊ သောက်နိုင်ဖို့၊ လမ်းလျှောက်နိုင်ဖို့၊ ထိုင်နိုင်ဖို့ ဒီလောက်သင်ပြရုံနဲ့ မပြီးတော့ဘူး၊ အများ ကြီးထပ်ပြီးတော့ သင်ပြနိုင်တာတွေရှိတယ်၊ နောက်ပြီးတော့ မိဘတွေကိုယ်တိုင် လုံလုံလောက်လောက် မသင်ပြနိုင်လို့ ကျောင်းစနစ်ဆိုတာ ပေါ်လာတာပါ၊ ကျောင်းတွေက ဒါပါပဲ၊ မိဘတွေ မသင်ပြနိုင်တဲ့ ကိစ္စတွေကို ဖြည့်ဆည်းပေးဖို့၊ နောက်ပြောရမယ်ဆိုရင် မိဘတွေနဲ့ ကျောင်းတွေနဲ့ ပူးပေါင်းပြီးတော့ ကလေး တွေကို ပြည့်ဝတဲ့လူသားတွေဖြစ်အောင် လုပ်ပေးတဲ့သဘောပါပဲ၊ ကျွန်မတို့ လူငယ်တွေ ပိုပြီးတော့တိုးတက်ဖို့ဆိုရင် ပညာရေး၊ ကျန်းမာရေးနဲ့ အားကစား ကဏ္ဍမှာ ကျွန်မတို့အားပေးချင်ပါတယ်၊ ပညာရေးဆိုတာကတော့ ထူးထူး ထွေထွေပြောနေဖို့မလိုပါဘူး၊ ကျန်းမာရေးကလည်း ပြောနေဖို့မလိုပါဘူး၊ အားကစားနဲ့ပတ်သက်လို့ ကျွန်မနည်းနည်းလေးပြောချင်ပါတယ်၊ အားကစား ဆိုတာ  တချို့ကတော့  အားကစားနဲ့  ပတ်သက်ပြီးတော့ အထူးသဖြင့် ကျန်းမာရေးအတွက် လိုအပ်တယ်လို့ ထင်ပါတယ်။

''ကျွန်မကတော့ ပိုပြီးအရေးကြီးတာ စိတ်ဓာတ်ရေးရာပဲလို့ထင်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အားကစား တော်တော်များများဟာ အစုအဖွဲ့နဲ့ပဲ လုပ်ရတာပါ၊ ကျွန်မတို့နိုင်ငံရဲ့ အားနည်းချက်တစ်ခုက အစုအဖွဲ့နဲ့ အတူတူ လုပ်တတ်တဲ့ အရည်အချင်းမရှိတဲ့ဟာပါပဲ၊ ဒါကြောင့်မို့ ကျွန်မတို့ ပညာရေး စနစ်မှာ အစုအဖွဲ့နဲ့ အတူတူလုပ်တတ်ဖို့၊ လုပ်ဆောင်ဖို့ မသင်ပေးတာကြောင့် ကိုယ်တစ်ယောက်တည်း အမှတ်အများဆုံးရအောင် လုပ်တဲ့စနစ်ကနေပြီးတော့ ထွက်ပေါ်လာတဲ့ စိတ်ဓာတ်တွေဟာ ကျွန်မတို့နိုင်ငံရဲ့ ညီညွတ်ရေးအတွက်၊ စုပေါင်းလုပ်ဆောင်ရေးအတွက် အထောက်အကူမဖြစ်ပါဘူး၊ ဒါပေမယ့်လည်း ဂုဏ်ယူပြီး ပြောရမယ်ဆိုရင် ကျွန်မတို့ ပညာရေးစနစ်က အားနည်းခဲ့တယ် ဆိုပေမယ့် ကျွန်မတို့ ပြည်သူတွေရဲ့ စုစည်းမှု စိတ်ဓာတ်ကကောင်းပါတယ်၊ တကယ်အရေးကြီးရင် သွေးစည်းကြစို့ဆိုတဲ့ စိတ်ဓာတ်ဟာ ကျွန်မတို့ ပြည်သူ တွေထဲမှာရှိတယ်လို့ ယုံကြည်ပါတယ်၊ ဘယ်လူ့အသိုင်းအဝိုင်းမှာမှ တစ်ရာ ရာခိုင်နှုန်း ညီညွတ်တယ်၊ တစ်သဘောတည်းရှိတယ်ဆိုတာ မဖြစ်နိုင်ပါဘူး၊ ဒါကျွန်မတို့နိုင်ငံမှာ နိုင်ငံသူ နိုင်ငံသားတွေဟာ အရေးကြီးရင် သွေးစည်းတယ် ဆိုတဲ့ စိတ်ဓာတ်ဟာ အခုထက်ထိ ရှင်သန်နေတယ်ဆိုတော့ ပညာရေးရဲ့ အားနည်းချက်တွေကို ကျော်လွှားနိုင်မယ်ဆိုတာ ကျွန်မတို့လူငယ်တွေရဲ့ အလား အလာတွေလည်း အင်မတန်ကောင်းပါတယ်၊ နိုင်ငံအတွက်လည်း အလား အလာတွေ အင်မတန်ကောင်းပါတယ်၊ ဒီတော့ ကောင်းတဲ့အရည်အချင်းတွေကို ပိုပြီးတော့ အားသန်အောင် လုပ်စေချင်တယ်၊ ဒီစိတ်ဓာတ်တွေကို ထိန်းသိမ်း ထားစေချင်တယ်၊  တစ်ချိန်တည်းမှာလည်း စုစည်းပြီးတော့ လုပ်နိုင်တဲ့ အရည်အချင်းတွေကို လေ့ကျင့်ယူစေချင်တယ်။

ကောင်းတဲ့ပြိုင်ဆိုင်ခြင်း

''အဲဒီတော့ မိဘတွေကလည်း လုပ်ပေးရမယ်၊ ကျောင်းဆရာ ဆရာမ တွေကလည်း လုပ်ပေးရမယ်၊ မိဘတွေကလည်း အိမ်မှာတစ်ခါတည်း ဘယ်သူနဲ့ ပြိုင်ဖို့ဆိုတာချည်းပဲ မသင်ဘဲနဲ့ ကိုယ့်ရဲ့မိတ်ဆွေတွေ၊ ကိုယ့်ရဲ့ သူငယ်ချင်းတွေနဲ့ စုပေါင်းပြီး ညီညီညာညာ လုပ်ဆောင်ဖို့ကို သင်ပေးဖို့လိုပါတယ်၊ အခု ကျွန်မ နားလည်တာက ကျွန်မတို့ မိဘတွေ တော်တော်များများက စာမေးပွဲနဲ့ ပတ်သက် ရင် ဘယ်သူက ဘယ်တုန်းကဖြင့် ဘယ်သူ့သားသမီးကဖြင့် အမှတ် ဘယ် လောက်ရတယ်၊ ပြိုင်တဲ့ဘက်ကို တွန်းပေးနေတဲ့ သဘောပါ၊ ပြိုင်တာ မကောင်းဘူးလို့ ပြောတာမဟုတ်ပါဘူး၊  ဒါပေမယ့် ကောင်းတဲ့ ပြိုင်ဆိုင်ခြင်းနဲ့ မကောင်းတဲ့ ပြိုင်ဆိုင်ခြင်း ရှိတယ်၊ ကောင်းတဲ့ ပြိုင်ဆိုင်ခြင်းဆိုတာ ကိုယ့်ရဲ့ အရည်အချင်း တိုးတက်အောင်လုပ်ခြင်းအားဖြင့် တစ်ဖက်ကလည်း သူ့အရည် အချင်းတိုးတက်အောင် လုပ်တယ်ဆိုတော့ အားလုံးအတွက်၊ နှစ်ဖက်စလုံး အတွက် အကျိုးအမြတ်ရှိပါတယ်၊ မကောင်းတဲ့ ပြိုင်ဆိုင်ခြင်းဆိုတာကတော့ နောက်ဆုံးကျတော့ မနာလိုတဲ့ စိတ်၊ သဝန်တိုတဲ့ စိတ်၊ ညစ်ချင်တဲ့ စိတ်၊ ငါနိုင် ရင်ပြီးရော ဘယ်လိုညစ်ရညစ်ရ၊ ငါ့ဘက်ကသာရင်ပြီးရော ဘယ်လို ထိခိုက်ရ ထိခိုက်ရဆိုတော့ အဲလိုစိတ်ဓာတ်ကတော့ မကောင်းပါဘူး၊ ဒါကြောင့် ကျွန်မတို့က အားကစားကို အားပေးတယ်ဆိုတာဟာ အားကစားလုပ်ခြင်းအားဖြင့် မှန်ကန်တဲ့ ယှဉ်ပြိုင်တဲ့ စိတ်ဓာတ်တွေ၊ ကောင်းမွန်တဲ့ အစုအဖွဲ့စိတ်ဓာတ်တွေကို အားပေးချင်လို့ဖြစ်ပါတယ်။

အားကစားသမားစိတ်ဓာတ်

''ကျွန်မတို့ ငယ်ငယ်တုန်းကဆိုရင် အခုခေတ်မှာတော့ အသုံးအနှုန်းက ခေတ်မစားတော့ဘူး၊ နောင်ပြန်ပြီး ခေတ်စားမလားတော့မသိဘူး၊ အားကစား သမားများရဲ့ စိတ်ဓာတ် (Sports Principle) ၊ ကျွန်မတို့ ငယ်ငယ်တုန်းကဆိုရင် ဥပမာ ရှုံးလို့ ငိုတာတို့ ဘာတို့ဆိုရင် အားကစားသမားရဲ့ စိတ်ဓာတ် မရှိဘူး ဆိုပြီး ဝေဖန်ခံရတယ်၊ တချို့တွေက လိုက်တမ်း ပြေးတမ်းကစားရင်တောင် တစ်ချိန်လုံးပဲ လိုက်နေရတယ်၊ ပျင်းလာရော၊ ပျင်းလာတဲ့ အခါကျတော့ စိတ်ကောက်တာတို့၊ စိတ်ဆိုးတာတို့၊ မကစားဘူးလို့ ပြောတာတို့ လုပ်ခဲ့တယ်၊ ငယ်ငယ်ကတည်းက မိဘတွေကသင်တယ်၊ အဲဒါ အားကစားစိတ်ဓာတ်မရှိတာဘဲ၊ ကိုယ်က မဖမ်းနိုင်လို့ လိုက်နေရတယ်၊ ဆက်ပြီးတော့ကြိုးစားရမယ်၊  မိအောင် လို့ ကြိုးစားရမယ်၊ အဲဒီအားကစားသမား စိတ်ဓာတ်ရှိရမယ်ဆိုပြီးတော့ အမြဲတမ်းသင်ပေးလေ့ရှိတယ်၊ ကျွန်မတို့ ကျောင်းတွေမှာ ဒီလိုသင်ပေးတာ မကြားတော့ဘူး၊ အားကစားသမားစိတ်ဓာတ်ဆိုတာလည်း သိပ်မကြားရတော့ဘူး၊ ဒီဟာတွေ ပြန်ပြီးတော့ ရှင်သန်အောင်၊ ဒီအတွေးအခေါ်တွေ ပြန်ပြီးတော့ ရှင်သန် အောင်လို့ လုပ်ချင်ပါတယ်၊ နောက်ပြီးတော့ ကျွန်မတို့ဟာ အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ ပတ်သက်လို့ အလုပ်အကိုင်အခွင့်အလမ်းဆိုတာလည်း ပညာရေးနဲ့ ဆက်စပ်နေပါတယ်၊ စိတ်ဓာတ်နဲ့ ဆက်စပ်နေပါတယ်၊ လိုအပ်တဲ့ ပညာအရည်အချင်းတွေရှိမှပဲ အလုပ်ရနိုင်မှာပါ၊ အလုပ်ထဲမှာ အောင်မြင်ဖို့ ဆိုတာလည်း မှန်ကန်တဲ့စိတ်ဓာတ်လိုပါတယ်၊ အခု ကျွန်မတို့နိုင်ငံမှာ ဆိုရင် အသက်မွေးဝမ်းကျောင်းပညာကို အားပေးနေပါတယ်။

''အသက်မွေးဝမ်းကျောင်းပညာကို အားပေးတယ်ဆိုတာဟာ ကျွန်မတို့ နိုင်ငံရဲ့ တိုးတက်ရေးအတွက် ဖြစ်ပါတယ်။ နောက်ပြီးတော့ ကျွန်မတို့ လူငယ် တွေရော၊ လူငယ်တွေရဲ့ မိဘတွေရောဟာ စိတ်ထား မှန်မှန်ကန်ကန် ထားတတ် စေချင်လို့လည်း ဖြစ်တယ်။ ဥပမာပြောရမယ်ဆိုရင် ပညာသင်တယ်ဆိုတာဟာ ဂုဏ်အတွက်ပဲ သင်တာမဟုတ်ဘူး။ ပိုက်ဆံအတွက်ပဲ သင်တာမဟုတ်ဘူး။ စောစောက ကျွန်မပြောခဲ့သလို၊ လူသားများဟာ ခေတ်တစ်ဆက်နဲ့တစ်ဆက် ပို့ချပေးနိုင်အောင်လို့၊ ကောင်းတဲ့ အမွေတွေ၊ ပညာအမွေတွေ ထားပစ်ခဲ့နိုင် အောင်လို့ အဲဒါကြောင့်ပဲ ပညာသင်ရတာ ဖြစ်ပါတယ်။ ကျွန်မတို့ သင်ယူတဲ့ ပညာတွေဟာ ကျွန်မတို့ ကမ္ဘာကြီးအတွက်၊ လူသားတွေအတွက် တန်ဖိုးရှိ ရမယ်။ ဘွဲ့ရရုံနဲ့၊ ဘွဲ့ရတယ်ဆိုတဲ့ ဂုဏ်လေးရှိသွားရုံနဲ့ လူသားတွေအတွက် တန်ဖိုးရှိသွားတာမဟုတ်ပါဘူး။ အသက်မွေးဝမ်းကျောင်း ပညာဆိုတာ ကိုယ်နေတဲ့နိုင်ငံ အချိန်ကာလအတွင်းမှာ အကျိုးပြုနိုင်တဲ့ ပညာရပ်တွေကို ဆိုလိုတာပါ။ ဒါကြောင့်မို့လို့ ကျွန်မတို့ လူငယ်တွေဟာ      အသက်မွေး ဝမ်းကျောင်းပညာတွေ သင်ယူဖို့ စိတ်အားထက်သန်စေချင်ပါတယ်။

အပေါင်းလက္ခဏာ

''အသက်မွေးဝမ်းကျောင်းပညာ  သင်ယူထားတာဟာ တက္ကသိုလ်က ဘွဲ့လောက်တန်ဖိုးမရှိဘူးဆိုတဲ့ စိတ်ဓာတ်ကို လုံးလုံးမထားပါနဲ့။ ကျွန်မ ခဏခဏသတိပေးပါတယ်။ ကမ္ဘာပေါ်မှာ အတိုးတက်ဆုံး၊ အချမ်းသာ ဆုံးဖြစ်တဲ့ နိုင်ငံတချို့ဆိုရင် အသက်မွေးဝမ်းကျောင်းပညာဘက်က အင်မတန် မှ အားသန်ပါတယ်။ တက္ကသိုလ်ပညာနဲ့ယှဉ်ရုံတင်မကဘူး၊ တချို့ဆိုရင် တက္ကသိုလ်ပညာထက်တောင် သာနေတာကို တွေ့ရပါတယ်၊ လက်တွေ့ကျကျ တန်ဖိုးထားတတ်တဲ့ စိတ်ဓာတ်ပါပဲ။ ဂုဏ်ပကာသနကို ကြည့်တာမဟုတ်ဘဲနဲ့ တကယ့် စစ်မှန်တဲ့တန်ဖိုးကို အလေးထားတာပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ အသက်မွေးဝမ်းကျောင်းပညာဘက်ကို သွားဖို့ လူငယ်တွေကို ကျွန်မတိုက်တွန်း ချင်ပါတယ်။ ဒါကတော့ အပေါင်းလက္ခဏာဆောင်တာပါ။ အနုတ်လက္ခဏာ ဆောင်တဲ့ကိစ္စတွေ ရှောင်ကြဉ်ရတဲ့အထဲမှာ စိတ်ဓာတ်ဘက်က ပြန်ပါလာပြန်ပါ တယ်။ စိတ်ဓာတ်ဘက်က ပါတယ်ဆိုတာ စောစောကပြောသလို တစ်ယောက်နဲ့ တစ်ယောက် မကောင်းတဲ့ ယှဉ်ပြိုင်ချင်တဲ့ စိတ်ဓာတ်တွေ၊ အဲဒါတွေဟာ ငယ်ငယ်ကတည်းက အလေ့အကျင့်မလုပ်မှ ဖြစ်ပါလိမ့်မယ်။ မိဘတွေကလည်း အားမပေးသင့်ပါဘူး။ ဆရာသမားတွေကလည်း အားမပေးသင့်ပါဘူး။ လူငယ်တွေကိုယ်တိုင်ကလည်း ကိုယ့်ကိုယ်ကိုယ်သတိပြုဖို့ လိုပါတယ်။

လိုက်ပြီးတိုးတက်ချင်

''နောက်ဆုံးပြောရရင် ကိုယ့်ကိုယ်ကိုယ် ကိုယ်ပဲပြင်နိုင်တယ်။ မိဘတွေ၊ ဆရာတွေဆိုတာ အထောက်အကူပဲ။ ဆရာဝန်တောင်မှ ဆရာဝန်က ကုနိုင်မှာ မဟုတ်ဘူး။ လူနာက သူ့ကိုယ်သူ ကုရမယ်။ ဆရာဝန်က အထောက်အကူပဲ။ ဆရာဝန်က ဘယ်လိုကုသရမယ်ဆိုတာကို လမ်းညွှန်လိုက်တာပဲ။ အထောက် အပံ့ ပေးလိုက်တာပဲ။ ဆရာဝန်ကဆေးပေးလို့ လူနာကမသောက်ရင် သက်သာ မှာ မဟုတ်ဘူး။ လူနာက ကိုယ့်ကိုယ်ကိုယ် ကုသရတယ်။ ဒီနည်းလမ်းအတိုင်းပဲ၊ ကျွန်မတို့ စိတ်ဓာတ်တွေ ပြုပြင်ဖို့ဆိုရင်၊ ကျွန်မတို့ လုပ်နည်းကိုင်နည်းတွေ မှန်ကန်ဖို့ဆိုရင် ဆရာသမားတွေရော၊ မိဘတွေရော အထောက်အကူ မျှသာ ဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင် ကြိုးစားရမှာပါ။ မှန်ကန်တဲ့ စိတ်ဓာတ်တွေကို မွေးမြူစေချင်တယ်။ ကျွန်မတို့ ကမ္ဘာကြီးမှာ အင်မတန်မှ လောဘတက်နေတယ် လို့ ဆိုရမှာပဲ။ တချို့ကမေးမယ်၊ လောဘဆိုတာ လူသားတွေ စပြီးရှိကတည်းက ပေါ်လာခဲ့တာမဟုတ်ပါဘူး။ မှန်ပါတယ်။ ဒါပေမယ့် လောဘကြီးစရာ အရာတွေ က သိပ်များတဲ့အခါကျတော့ ပိုပြီးတော့ လောဘတွေတက်ပါတယ်။ ဒီအခန်း ထဲမှာ ကြည့်လိုက်ရင် ဒီလို မီးဆိုင်းကြီးတွေ၊ ကျွန်မတို့ ငယ်ငယ်တုန်းကဆိုရင် ဒီလိုဆင်ထားတဲ့မီးကြီးတွေက ကျွန်မတို့နိုင်ငံက အဆောက်အအုံထဲမှာမရှိဘူး။ မရှိတဲ့အခါကျတော့ ဘယ်သူကမှလည်း ဒီဟာတွေကို တပ်ဖို့ မစဉ်းစားဘူး။ ဒီဟာအတွက် ငွေရေးကြေးရေး ရှာစရာမလိုဘူး။ ကမ္ဘာကြီးကတော့ ဒီလိုပဲဖြစ် နေမှာပဲ။ ကျွန်မတို့နိုင်ငံတင် မဟုတ်ဘူး။ တခြားနိုင်ငံမှာ တိုးတက်သလောက် ကျွန်မတို့ကလည်း လိုက်ပြီးတိုးတက်ချင်မှာပဲ။ ဒါက သဘာဝကျပါတယ်။

ကိုယ့်ဟာကိုယ်ထိန်း

''လိုချင်စရာတွေ ပိုများလာတာနဲ့အမျှ လူတွေက လောဘတက်လာတယ်။ လောဘနဲ့ ဒေါသတွေကလည်း လိုက်လာတာပေါ့၊  ပစ္စည်းတစ်ခုကို တစ်ယောက်မက လိုချင်ရင် အကြံတူဥာဏ်တူ ဆိုသလိုပေါ့။ တခြားလိုချင်တဲ့ သူတွေနဲ့ ရန်ဘက်ဖြစ်လာပါတယ်။ အဲဒီလို လောဘတွေ၊ ဒေါသတွေ အင်မတန် မှ တက်လာတဲ့ ကမ္ဘာကြီးမှာ ကျွန်မတို့နိုင်ငံက ထူးထူးခြားခြား ဒီလောဘ၊ ဒေါသ တွေကို ထိန်းနိုင်မယ်ဆိုရင် လောဘ၊ ဒေါသ၊ မောဟပေါ့၊ မောဟဆိုတာကတော့ လောကီအရဆိုရင်တော့ ပညာရေးစနစ်ကောင်းကောင်းနဲ့ ထိန်းကျောင်းရမှာ ပေါ့။ လောဘ၊ ဒေါသကတော့ ကိုယ့်ဟာကိုယ်ထိန်းရမယ်။ လူငယ်တွေက ကိုယ့်ဟာကိုယ် ပြုပြင်နိုင်တဲ့ အနေအထားရှိလို့ ပြုပြင်ကြပါ။ ဒီအခွင့်အရေးကြီး ကို မလွှတ်ပါနဲ့။ အသက်ကြီးလာပြီးတော့ အင်္ဂတေကိုင်သလို ကိုင်ပြီးသွားရင် နည်းနည်းပြုပြင်ရခက်ပါတယ်။ ကျွန်မတို့ လူကြီးတွေကို ပြုပြင်ရတာ သိပ်မလွယ်ဘူးဆိုတာ သဘောပေါက်ပါတယ်။ ပြုပြင်နိုင်တဲ့ အရည်အချင်းက ကြီးတာ၊ငယ်တာနဲ့မဆိုင်ပါဘူး။ ဒါကြောင့် ကျွန်မအနေနဲ့ ခဏခဏ ပြောပါ တယ်။ တော်တာ၊ မတော်တာကို မခွဲခြားဘူး။ သင်လို့ရတဲ့လူနဲ့၊ မရတဲ့လူဆိုတာ ကို ခွဲခြားပြီးမြင်ပါတယ်။

ကိုယ့်အတွက်ပါ

''ဇာတ်တော်တစ်ခုကို ကျွန်မ ခဏခဏဖတ်ရပါတယ်။ ဒီဇာတ်တော်ကို မြတ်စွာဘုရားကနေပြီးတော့ သင်ရခက်တဲ့ ရဟန်းတော်တစ်ပါးကို အကြောင်း ပြုပြီး ဟောလိုက်တာပါ။ မြတ်စွာဘုရားတောင် တော်တော်ခက်ခက်ခဲခဲနဲ့ ရဟန်းတွေကို သင်ပေးရတယ်ဆိုတော့  ကျွန်မတို့ လောကကြီးမှာ သင်ရ ခက်တဲ့လူ တော်တော်များမှာပဲလို့ ကျွန်မသဘောပေါက်မိပါတယ်။ အဲဒီတော့ ကိုယ့်ကိုယ်ကိုယ် သင်ရလွယ်တဲ့လူ ဖြစ်အောင် ကြိုးစားပါ။ ကိုယ့်ပတ်ဝန်းကျင် ကနေပြီးတော့ သင်ယူပါ။ ကိုယ်ကလည်း တခြားလူတွေကို သင်ပေးဖို့ကို သဝန်မတိုပါနဲ့။ မျှဝေပါ။ ကိုယ့်မှာရှိတဲ့ ပညာတွေကိုမျှပါ။ မျှခြင်းအားဖြင့် ပွားများပါတယ်။ သက္ကတ စကားပုံ တစ်ခုရှိပါတယ်။ ပညာဟာ တခြားဟာတွေနဲ့ မတူဘူး။ မျှလေမျှလေပွားလေ၊ ကိုယ့်အတွက်လည်း လုံးလုံး မလျော့သွားဘူးတဲ့။ ဖယောင်းတိုင်လေးတစ်တိုင်ကနေ ဖယောင်းတိုင်တစ်ရာလာပြီး မီးညှိလို့လည်း ပထမ ဖယောင်းတိုင်ရဲ့ မီးကမသေသွားဘူး။ သို့သော်ငြားလည်း ဒီဖယောင်း တိုင် ငြိမ်းသွားလည်း သူထားပစ်ခဲ့တဲ့ ဖယောင်းတိုင်တွေက ဆက်ပြီးတော့ အလင်းရောင်ပေးနေတယ်။ ဒါကြောင့်မို့ ပညာမျှခြင်းဆိုတာ တခြားဟာတွေ ဝေမျှခြင်းနဲ့ လုံးဝမတူပါဘူး။ ကိုယ့်အတွက်ပါ ပွားပွားသွားပါတယ်ဆိုတာကို ကျွန်မတို့ လူငယ်တွေစိတ်ထဲမှာ ထားစေချင်ပါတယ်။ ဒါကတော့ အပေါင်း
လက္ခဏာဆောင်ခြင်းအားဖြင့် လုပ်စေချင်တဲ့ကိစ္စပါ။ အနုတ်လက္ခဏာနဲ့ ပတ်သက်လို့ကတော့ အများကြီးပါပဲ။

''ဒါပေမယ့် ကျွန်မ ထောက်ပြချင်ပါတယ်။ မူးယစ်ဆေးဝါး အန္တရာယ်ပါ။ ဒါကိုတော့ ကျွန်မတို့နိုင်ငံက လူငယ်တွေ တော်တော်များများဟာ မူးယစ် ဆေးဝါးအန္တရာယ်နဲ့ နိစ္စဓူဝ ရင်ဆိုင်နေရတယ်။ ဒီအန္တရာယ်ကို ကျော်လွှား နိုင်တဲ့သူ ရှိသလို မကျော်လွှားနိုင်ဘဲ ဘဝနစ်မြုပ်သွားတဲ့ လူငယ်တွေလည်း ရှိပါတယ်။ အဲဒါကိုတော့ အထူးသတိထားစေချင်ပါတယ်။

သွေးထိုးပေးတာတွေ

''တစ်ဦးနဲ့တစ်ဦးကိုလည်း ပံ့ပိုးစေချင်ပါတယ်။ ကူညီစေချင်ပါတယ်။ ကျွန်မ မကြိုက်တဲ့ အကျင့်တစ်ခုက အထူးသဖြင့် အမျိုးသားတွေကြားထဲမှာ ဖြစ်တတ်တာရှိတယ်။ မင်း ''ယောက်ျား''မဟုတ်ဘူးလား။ မလုပ်ရဲဘူးလား။ မလုပ်ရဲဘူးဘဲ ပြောလိုက်ပါ။ မဟုတ်တာလုပ်တာကို မလုပ်ရဲတာဘာဖြစ်လဲ။ မဟုတ်တာလုပ်တာကို လုပ်ရမှာ ကြောက်တာဘာဖြစ်လဲ။ ငါကြောက်တယ်၊ ပြောလိုက်တာဘာဖြစ်လဲ၊ အဲဒီလိုနည်းနဲ့ မသောက်ရဲဘူးလား၊ မစားရဲဘူးလား ဆိုပြီးတော့ သွေးထိုးပေးတာတွေကြောင့် စိတ်ကမပါသွားပါနဲ့။ အဲဒီဟာကို လက်ခံတာဟာ ကိုယ်ညံ့တာကို ပြတာပဲ၊ မဟုတ်မှန်းသိလျက်သားနဲ့၊ မမှန်မှန်း သိလျက်သားနဲ့ သူများရဲ့ဖိအားကို မလွန်ဆန်နိုင်တာ၊ အဲဒီတော့ မူးယစ် ဆေးဝါးအန္တရာယ်နဲ့ ပတ်သက်လို့ ကိုယ့်ကိုယ်ကိုယ်ထိန်းသိမ်းသလို ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းပေးပါ။ ကိုယ်ကိုယ်တိုင်က မူးယစ်ဆေးဝါး သုံးနေပြီဆိုရင် ဒါတွေကတော့ လူတွေရဲ့ သဘာဝပါ။ ကိုယ့်ကိုယ်ကိုယ် ညှာပြီး စဉ်းစားနိုင်အောင် သူများတွေပါ မကောင်းအောင် လိုက်လုပ်တဲ့ အကျင့်လေး တွေရှိတယ်။

ပြောရဲတဲ့ သတ္တိရှိဖို့လို

''အဲဒီတော့  ဒီအကျင့်လေးတွေကိုလည်းဖျက်ပါ။ ကိုယ်က မူးယစ် ဆေးဝါးစွဲနေတယ်၊ ဒုက္ခရောက်နေတယ်ဆိုရင် ကိုယ့်ရဲ့သူငယ်ချင်းတွေကို မင်းတို့ ငါ့လိုမလုပ်နဲ့ဆိုပြီး ပြောရဲတဲ့ သတ္တိရှိဖို့လိုတယ်။ ပြောရဲတဲ့ စေတနာ၊ ပြောချင်တဲ့ စေတနာရှိဖို့လိုပါတယ်။ အားလုံးကလည်း ဝိုင်းပြီးတော့ ကိုယ့်ရဲ့ မိတ်ဆွေတွေ ဒီလိုပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီဆိုရင် ဝိုင်းပြီး ကူညီကြပါ။ အထင်မသေးပါနဲ့။ ဒီတစ်ယောက်ကတော့ ဆေးသမားပဲ ဆိုပြီးတော့၊ ကိုယ် လည်း အခြေအနေကြောင့်မို့လို့ ဆေးသမားမဖြစ်လိုပါဘူး။ သူ့ပတ်ဝန်းကျင်၊ သူ့အခြေအနေမှာ ကိုယ်ကြီးလာရင် ကိုယ်ကိုယ်တိုင်က ဆေးသမား ဖြစ်နိုင် မလား၊ ဖြစ်နိုင်တာပေါ့၊ အဲဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် ကူညီပါ၊ အထင်မသေးပါနဲ့၊ ကိုယ့်ကိုယ်ကိုယ်လည်း စောင့်ရှောက်ပါ။ သူများတွေ မြှောက်ပေးတိုင်းလည်း မလုပ်ပါနဲ့။

''အခုကျွန်မတို့ အနာဂတ်ကို တည်ဆောက်တဲ့ ကိစ္စဆိုတာဟာ ဘယ် တော့မှ မပြီးနိုင်တဲ့ ကိစ္စဆိုတာလည်း ကျွန်မသတိပေးချင်ပါတယ်။ အနာဂတ် ဆိုတာ ဆောက်လို့မပြီးနိုင်တဲ့ အဆောက်အအုံကြီးလိုပါပဲ။ မျိုးဆက် တစ်ဆက်နဲ့တစ်ဆက်က အခန်းလေး နောက်တစ်ခုထပ်ပြီးတော့ ထည့်သွား မယ်။ တစ်ခါတလေလည်း အရင်မျိုးဆက်တွေထဲက ဆောက်ခဲ့တဲ့ ပျက်သွားတဲ့ နေရာလေးတွေကို ပြန်ပြင်သွားမယ်၊ ဆေးပြန်သုတ်မယ်၊ ပိုပြီးတော့ ချဲ့မယ်၊ ခြံကို ပိုပြီးတော့ လှအောင်လုပ်မယ် စသဖြင့် ဆက်ဆက်လုပ်သွားရမှာပါ။ ဘယ်မျိုးဆက်ရဲ့ ခေတ်မှာမှ ဒီအလုပ်ဟာ ပြီးမှာမဟုတ်ပါဘူး။ ဒါကြောင့်မို့ လူတိုင်းလူတိုင်းဟာ ကျွန်မတို့ နိုင်ငံအနာဂတ်ရဲ့ ဗိသုကာကောင်းများဖြစ်အောင် အရည်အချင်းတွေမွေးမြူပါ။ ဒါပေမယ့် ဗိသုကာဆိုတော့ တချို့က ဗိသုကာ ဆိုတာဟာ အကြံအစည် Plan တွေ ချတာလို့ မြင်ပါတယ်။ ကျွန်မတို့က ဗိသုကာကောင်းတွေနဲ့တင် မလုံလောက်ပါဘူး။ ပန်းရန်သမားကောင်းကောင်း လည်း လိုပါတယ်။ အဆောက်အအုံတစ်ခု ကောင်းဖို့ဆိုတာ ပန်းရန်သမားက လည်း တော်ရမယ်၊ ဆေးသုတ်သမားကလည်း တော်ရမယ်။ လက်သမား ကလည်း တော်ရမယ်။ ဗိသုကာတင်မဟုတ်ပါဘူး။ တချို့က ဗိသုကာအလုပ်ပဲ လုပ်ချင်ပါတယ်။ ဗိသုကာအလုပ်ပဲလုပ်ချင်ရင် ဗိသုကာက ထိုင်ပြီးတော့ အိမ်ပုံစံတွေ ဆွဲနေမယ်၊ ဆောက်ပေးမယ့်သူ မရှိရင်လည်း အလကားပါပဲ။

တိုးတက်မှုမရနိုင်

''ဒီတော့ လူတိုင်းဟာ ကိုယ့်ကဏ္ဍနဲ့ ကိုယ်ရှိတယ်။ ကိုယ့်ရဲ့ တန်ဖိုးနဲ့ ကိုယ်ရှိတယ်၊ ကိုယ့်ကိုယ်ကိုယ်လည်း အထင်မသေးပါနဲ့။ အထင်လည်း သိပ်မကြီး ပါနဲ့။ သူများကိုလည်း အထင်မသေးပါနဲ့၊ သိပ်လည်းအထင်မကြီးပါနဲ့။ သိပ် လည်း အထင်မကြီးပါနဲ့လို့ ပြောချင်တာက  မနာလိုဖြစ်လောက်အောင် အထင်မကြီးပါနဲ့၊ လူတစ်ယောက်ရဲ့ အရည်အချင်းကို အသိအမှတ်ပြုတာဟာ ကောင်းတဲ့ကိစ္စပါ၊ ဒါပေမယ့် မနာလိုတဲ့အဆင့်အထိ  အထင်ကြီးသွားရင် မကောင်းပါဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း သိပ်အထင်မကြီးပါနဲ့၊ ကိုယ့်ကိုယ်ကိုယ် သိပ်အထင်ကြီးတဲ့သူတွေက ဘယ်တော့မှထပ်ပြီး သင်လို့မရတော့ဘူး။ သင်ရခက်တဲ့၊ သင်ရအခက်ဆုံး လူတွေထဲမှာ ငါအားလုံးသိပြီဆိုတဲ့ လူမျိုးပါ။ အဲဒီတော့ ကိုယ့်ကိုယ်ကိုယ်လည်း သိပ်ပြီးအထင်မကြီးပါနဲ့။ ဒါပေမယ့်လည်း သိပ်ပြီး အထင်လည်းမသေးပါနဲ့။ ကိုယ့်ကိုယ်ကိုယ် အထင်သေးပြီး ယုံကြည်မှု နည်းရင် တိုးတက်မှုမရနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတဲ့ အခါကျတော့ မစွန့်စားရဲဘူး။ ကျွန်မ ခဏခဏ သတိပေးပါ တယ်။ ဘဝဟာ စွန့်စားမှုပဲ၊ စွန့်စားရမယ်၊ နေ့စဉ် စွန့်စားသွားရမယ့်ကိစ္စ၊ ဒါကြောင့်မို့ စွန့်စားရဲတဲ့ သတ္တိရှိပါ။ ကိုယ့်ကိုယ်ကိုယ်  ယုံကြည်မှုရှိသင့် သလောက်တော့ ရှိဖို့လိုပါတယ်။ ယုံကြည်မှု လွန်သွားလို့တော့ မကောင်းဘူးပေါ့၊ ဘာမဆို လွန်ကဲတယ်ဆိုတာ မကောင်းဘူး။ ကျွန်မတို့ ငယ်ငယ်ကတည်းက သင်ရတဲ့အတိုင်း သတိကလွဲပြီး ဘာမဆိုလွန်ကဲတယ်ဆိုတာ မကောင်းဘူး ဆိုတာ၊ ဘာမဆိုလွန်ကဲတဲ့ဟာ မရှိဘဲနဲ့ သတ္တိရှိရှိနဲ့ ကျွန်မတို့နိုင်ငံရဲ့ အနာဂတ် အတွက်၊ ကျွန်မတို့ လူသားတွေရဲ့ အနာဂတ်အတွက် ကျွန်မတို့ လူငယ်များဟာ ဆက်လက်ပြီး ဆောင်ရွက်သွားနိုင်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။ အဲဒီ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ အခုဒီနေ့အခမ်းအနားနဲ့ သက်ဆိုင် တဲ့အလုပ်တွေဟာ အားလုံးဟာသက်ဆိုင်နေပါတယ်။ အဲဒါကြောင့်မို့ လူငယ် ရေးရာမူဝါဒကို ဆက်စပ်ဝန်ကြီးဌာနများ၊ လူငယ်များအားလုံး  တက်ညီ လက်ညီ ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်ပေးကြပါလို့ ဒေါက်တာ ဝင်းမြတ်အေးက ကျွန်မကို တိုက်တွန်းခိုင်းလိုက်ပါတယ်။ အဲဒီတော့ တိုက်တွန်း ပါတယ်''ဟု ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ လူငယ်ရေးရာမူဝါဒစာအုပ်ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မူဝါဒရေးဆွဲရေး ဦးဆောင် ကော်မတီဝင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

မူဝါဒရေးဆွဲရေးဆိုင်ရာ

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မူဝါဒရေးဆွဲရေး ဦးဆောင်ကော်မတီဝင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒေါက်တာမြင့်ထွေးနှင့် ဒေါက်တာမျိုးသိမ်းကြီးတို့ထံ လူငယ်ရေးရာမူဝါဒ စာအုပ်ကို လွှဲပြောင်းပေးအပ်သည်။

ယင်းနောက် လူငယ်ရေးရာ မူဝါဒရေးဆွဲရေးဆိုင်ရာ မှတ်တမ်းတင် ဗီဒီယိုကို ပြသသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် လူငယ်မူဝါဒရေး ဆွဲရေးကော်မတီ (၃) ရပ်တွင် ပါဝင်သော ကော်မတီဝင်များနှင့် လူငယ် ကိုယ်စားလှယ်များ၊ တက္ကသိုလ်များနှင့် အဖွဲ့အစည်းအသီးသီးမှ လူငယ် ကိုယ်စားလှယ်များ၊  ဝန်ကြီးဌာနများမှ လူငယ်ကိုယ်စားလှယ်များနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးသည်။

၂ဝ၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံရှိ လူဦးရေ ၅၁ ဒသမ ၄ သန်းရှိပြီး ¤င်းတို့အနက် လူငယ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အတွက် အကျုံးဝင်နိုင်သော အသက်အပိုင်းအခြား အလိုက် လူဦးရေအချိုးအစားမှာ အသက်(၁၅) နှစ်မှ (၁၉) နှစ်အထိ ၉ ဒသမ ၂ဝ ရာခိုင်နှုန်း၊ အသက် (၂ဝ) မှ  (၂၄) နှစ်အထိ ၈ ဒသမ ၆၁ ရာခိုင်နှုန်း၊ အသက် (၂၅) နှစ်မှ (၂၉) နှစ် အထိ ၈ ဒသမ ၂၅ ရာခိုင်နှုန်း၊ အသက် (၃ဝ) မှ (၃၄) နှစ်အထိ ၇ ဒသမ ၇၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။(သတင်းစဉ်)

No comments:

Post a Comment