Latest News

Wednesday, January 31, 2018

ဦးဘိုဘိုမင်းသိုက်ကို သတ်ဖြတ်ခဲ့သူအား ဖမ်းဆီးရမိရေး အမှုဖွင့် စုံစမ်း စစ်ဆေးလျက်ရှိ

ဦးဘိုဘိုမင်းသိုက်ကို သတ်ဖြတ်ခဲ့သူအား ဖမ်းဆီးရမိရေး အမှုဖွင့် စုံစမ်း စစ်ဆေးလျက်ရှိ
Photo Credit
နေပြည်တော် ဇန်နဝါရီ ၃၁

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် မြောက်ဘက် ၇ မိုင်ခန့်အကွာ ယိုးငူကျေးရွာနှင့် အောင်ဖြူပင် ကျေးရွာကြား သရက်ချိုကျေးရွာအနီး ရန်ကုန်-စစ်တွေကားလမ်း မိုင်တိုင်အမှတ် ၁၆၉/၀ နှင့် ၁၆၉/၁ ကြား၌ ယာဉ်တစ်စီး လမ်းဘေးထိုးကျနေပြီး ယာဉ်ဘေး၌ လူတစ်ဦးလဲနေကြောင်း သတင်းအရ ဇန်နဝါရီ ၃၀ ရက် ညနေ ၆ နာရီခန့်က ပုဏ္ဏားကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့ သွားရောက်စစ်ဆေးခဲ့ရာ CRV ယာဉ်တစ်စီး လမ်းယာဘက်ဘေး ရေကြောင်းအတွင်း၌ ကျောက်တော်ဘက်မှ ပုဏ္ဏားကျွန်းမြို့ဘက်သို့ ဦးတည်လျက် တိမ်းစောင်းနေကာ ယာဉ်အောက်၌ အမျိုးသားတစ်ဦး ပိမိသေဆုံးနေပြီး အနီးတွင် လက်ကိုင်ဖုန်းလေးလုံးနှင့် ငွေ၊ ပစ္စည်းအချို့ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

သေဆုံးသူအား စစ်ဆေးရာ ရင်ညွန့် ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ဝဲယာ နို့အုံ အောက် ထိုးသွင်းဒဏ်ရာ တစ်ချက်စီ၊ ဝဲယာလက်ပြင် ထိုးသွင်းဒဏ်ရာ ၁၂ ချက်နှင့် ဝဲမျက်ခုံး ပြတ်ရှဒဏ်ရာ တစ်ချက်တွေ့ရှိရပြီး ယာဉ်ရှေ့ခန်း ခရီးဆောင်အိတ်အတွင်းမှ တွေ့ရှိရသည့် စာရွက် စာတမ်းများအရ သေဆုံးသူမှာ မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သူ ဦးဘိုဘိုမင်းသိုက် (လက်ရှိ ရခိုင်ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးမှူး လက်ထောက်ညွှန်ကြားရေးမှူး) ဖြစ်သည်ဟု သိရှိရကြောင်း၊ ည ၇ နာရီ ၁၅ မိနစ်ခန့်တွင် မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့က အလောင်းအား ပုဏ္ဏားကျွန်းမြို့နယ် ဆေးရုံကြီးသို့ သွားရောက်ပို့ဆောင်နေစဉ် ကျန်ရှိခဲ့သည့် မော်တော်ယာဉ်မှာ မီးလောင်သဖြင့် ပုဏ္ဏားကျွန်းမြို့နယ် မီးသတ်တပ်ဖွဲ့က သွားရောက် ငြှိမ်းသတ်ခဲ့ရပြီး ည ၇ နာရီ ၂၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

ဦးဘိုဘိုမင်းသိုက်သည် မြောက်ဦးမြို့ ဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ဆေးမှုခံယူရန် ဇန်နဝါရီ ၂၅ ရက်တွင် စစ်တွေမြို့မှ မြောက်ဦးမြို့သို့ ပြန်လည် ရောက်ရှိပြီး စစ်ဆေးခံခဲ့ကာ ဇန်နဝါရီ ၃၀ ရက်တွင် စစ်ဆေးခံမှု ပြီးစီး၍ မွန်းလွဲ ၂ နာရီတွင် စစ်တွေမြို့သို့ ပြန်ရန် CRV မော်တော်ယာဉ်ဖြင့် ပြန်လည် ထွက်ခွာသွားကြောင်း၊ အဆိုပါ မော်တော်ယာဉ်မှာ တိမ်ညိုကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်မြင့် (၄၈ နှစ်)ပိုင် လိုင်စင်မဲ့ယာဉ်ဖြစ်ပြီး ဦးဘိုဘိုမင်းသိုက်နှင့်အတူ ဦးကျော်မြင့်၏ သား နှင့် အခြားလူငယ်တစ်ဦး လိုက်ပါသွားကြောင်း၊ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ဦးကျော်မြင့်၏ သား အပါအဝင် လူငယ် နှစ်ဦးမှာ ပျောက်ဆုံးနေကြောင်း၊ အဆိုပါဖြစ်ရပ်နှင့် စပ်လျဉ်း၍ မျက်မြင်သက်သေအချို့၏ ပြောပြချက်အရ မော်တော် ယာဉ်ပေါ်တွင် ဦးဘိုဘိုမင်းသိုက်ပါ လေးဦး ပါရှိပြီး ဦးဘိုဘိုမင်းသိုက်မှာ ကားမှောက်၍ ပိမိသေဆုံးခဲ့ကာ ကျန်သုံးဦးမှာ ကားလမ်းအနောက်ဘက်ရှိ တောင်ပေါ်သို့ တက်ပြေးသွားကြောင်း၊ ခဏအကြာတွင် မော်တော်ဆိုင်ကယ်ဖြင့် လူ နှစ်ဦး ရောက်ရှိလာပြီး မော်တော်ယာဉ်အား မီးရှို့သွားကြောင်း သိရှိရသည်။

ဦးဘိုဘိုမင်းသိုက်ကို သတ်ဖြတ်ခဲ့သူအား ဖမ်းဆီးရမိရေးအတွက် ပုဏ္ဏားကျွန်း မြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂/၄၄၀/၁၁၄ ဖြင့် အမှုဖွင့်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။သတင်းစဉ်

No comments:

Post a Comment