Latest News

Wednesday, January 31, 2018

လူတွေကခက်တယ်ဆိုရင်လဲပေါ့

လူတွေကခက်တယ်ဆိုရင်လဲပေါ့

ခဏခဏကြားရတတ်တဲ့စကားက လူတွေကခက်ပါတယ် ဆိုတဲ့ စကားပါပဲ။ စိတ်ကုန်လို့ပဲဖြစ်ဖြစ်၊ မခံချင်လို့ပဲဖြစ်ဖြစ် ပြောတတ်ကြတဲ့စကားပါ။ ဘယ်သူဘာပြောပြော၊ ဘယ်သူဘာလုပ်လုပ် ကိုယ်သတိရှိဖို့ လိုတာပါ။ အစကတည်းက ကိုယ်ကခံစစ်ဘက်ရောက်အောင်နေမိတာကိုး။ ခံရတာပေါ့။ ဥပမာ အတင်းပြောတာခံရရင် တုန်လှုပ်ပြရင် ကိုယ်တကယ်ဟုတ်နေသလို ပတ်ဝန်းကျင်ကထင်မှာပဲ။ မမှုပဲ ကိုယ့်အလုပ်ကိုယ်ဆက်လုပ်နေတော့ ပြောတဲ့သူ လေကုန်ပြီးမောလာတာပေါ့။ ကိုယ်ကတော့ အလုပ်တွေပြီးနေမှာပဲ။ ဘာလုပ်လုပ်ပေါ့။ ပညာရေးလုပ်လုပ်၊ ဘာသာရေးလုပ်လုပ်၊ စီးပွားရေးလုပ်လုပ်။ ဘာပဲဖြစ်ဖြစ်ပေါ့။ ကိုယ်လုပ်ရမဲ့အလုပ်ကို ဆက်လုပ်နေတော့အလုပ်ပြီးတာပေါ့။

ဘုန်းကြီးရဲ့ ဒကာကပြောတယ်။ ဘုန်းဘုန်းကို လူတစ်ချို့က အမြင်တစ်မျိုးနဲ့ပြောတယ်တဲ့။ တပည့်တော်က ဘုန်းဘုန်းအနားနေတော့ ဘုန်းဘုန်းကို တော်တော်နားလည်တယ်တဲ့။ တပည့်တော်ကတော့ ပြောသူကို ပြန်ပြောလိုက်တာပဲတဲ့။

ဒီတော့ဘုန်းကြီးက ပြန်ပြောပြလိုက်တယ်။ ဟုတ်တယ်ဒကာကြီး၊ ဘုန်းကြီးက စကားကိုမမှုတတ်ဘူး။ အဲဒီဘုန်းကြီးအကြောင်းပြောတဲ့သူက သူ့မိသားစုနဲ့တောင် အဆင်ပြေအောင် နေတတ်တဲ့သူမဟုတ်ဘူး။ သူကပြောတော့ရော ဘုန်းကြီးရဲ့ ဆွမ်းတစ်လုတ်လျော့သွားမှာ မလို့လား။ ဘယ်လျော့မလဲ သူလှူတာစားနေတာမှ မဟုတ်တာ။ အဲဒီလူက ဘုန်းကြီးရဲ့ တရားလည်း တစ်ခါမှ နာဖူးမဲ့သူမဟုတ်ဘူး။ ဒီတော့ ဒီလိုလူမျိုးက ဘုန်းကြီးရဲ့ နေ့စဉ်ဘ၀ထဲမှာမရှိဘူး။ သူလိုလူမျိုးကိုလည်း ဘုန်းကြီးကမမှုဘူး။ ဘာလို့လဲဆိုတော့ သူကဘုန်းကြီးရဲ့ သာသနာပြုအလုပ်ကို ကူညီနေသူမဟုတ်လို့ပဲ.. လို့ပြောပြလိုက်တယ်။

ကိုယ့်အလုပ်ကိုယ်လုပ်ပြီး ကိုယ့်ပတ်ဝန်းကျင် အေးချမ်းအောင်လုပ်နိုင်တာ ဘုန်းကြီးရဲ့ အောင်မြင်မှုပဲလေ..လို့။ သူလိုလူမျိုးက ခေါင်းရင်းအိမ်၊ ခြေရင်းအိမ်နဲ့တောင် တည့်တဲ့သူမျိုး မဟုတ်ဘူး.. လို့။ ဘုန်းကြီးရဲ့ နယ်ပယ်က အကျယ်ကြီး၊ ဘုန်းကြီးအကျိုးပြုထောက်ပံ့နေရတာက နယ်ပယ်အကျယ်ကြီး။ သူက သူ့မယား၊ သူ့သားတောင် အဆင်ပြေအောင်ထောက်ပံ့နေသူ ဟုတ်ချင်မှဟုတ်မှာ။ ဒါကြောင့် ငယ်ငယ်လေးကတည်းက ဘုန်းကြီးက အဲဒီလို ဘေးထိုင်ဘုပြောလွယ်အိတ်လူစားတွေကို ခေါင်းထဲမထည့်ပဲ ကိုယ့်အလုပ်ပဲလုပ်ခဲ့လို့ ဘုန်းကြီးကိုမှီခိုနေသူတွေ စိတ်ချမ်းသာနေပြီလေ...လို့ ပြန်ပြောပြမိပါတယ်။

တကယ်တော့ ဘယ်သူဘာပြောပြော အလုပ်လုပ်သူတွေက လောကအကျိုးကိုဆောင်ရွက်နိုင်ပြီး၊ ပြောသူတွေက အလုပ်သိပ်မလုပ်ဘူးဆိုတဲ့ အမှန်တရားကို နှလုံးသွင်းထားရင် လောကထဲမှာ နေလို့ရသွားတာပါပဲ။ လူတွေမခက်ပါဘူး။ ကိုယ်ကလုံးဝမမှုရင် လူတွေကလည်းခက်ပါတယ်လို့ ညည်းစရာ မလိုတော့ဘူးပေါ့။

ညီတစ်ယောက်ကလည်း ပြောလာတယ် လူတွေကလည်းခက်ပါတယ်တဲ့။ လူတွေကို စိတ်ကုန်လာလို့တဲ့။ ကိုယ့်တရားတွေနာလို့တော့ မဟုတ်လောက်ဘူး။ သူခံစားရလို့ပါ။ အမျိုးဆီမှာဆိုပြီး အလုပ်မလုပ်ရဲဘူးတဲ့ သူစိမ်းထက်ပိုနှိမ်လို့တဲ့။ ဟုတ်တယ်။ အဲဒါလည်း အမှန်တရားပဲ။ အမျိုးဆို နိမ့်ရင် ကျွန်လိုခိုင်းတာတွေ အများကြီးတွေ့ဖူးပါတယ်။ ဒီတော့ စိတ်ပျက်စရာမလိုပါဘူး။ နှိမ်မယ်မှန်းသိရင် မလုပ်နဲ့ပေါ့။ ဝေးဝေးနေပြီး နားအေးတဲ့အလုပ်ရှာလုပ်ပေါ့။ အနှိမ်ခံရတာ သက်သာတာပေါ့။ အမျိုးဆို နှိမ်တတ်တယ်ဆိုတဲ့ အမှန်တရားကို နှလုံးသွင်းထားရင် အဆင်ပြေသွားပြီ။ ဘယ်တော့မှ အမျိုးဆီမှာ အခစားမလုပ်နဲ့ပေါ့။

အဲဒီအမှန်တရားကိုတော့ ဘုန်းကြီးလည်း မဟုတ်ဘူးလို့ မပြောနိုင်ပါဘူး။ ရာခိုင်နှုန်းများများမှန်ပါတယ်။ ဒါပေမဲ့ အလုပ်ဝင်လုပ်တဲ့ အမျိုးက သစ္စာဖေါက်တာလည်းရှိတယ်နော။ သူစိမ်းအခစားက စိတ်ချရပေမဲ့ အမျိုးအခစားက စည်းစိမ်ပြောင်အောင်လုပ်တတ်တာလည်း အများကြီးပါ။ ဒီတော့ အမျိုးရယ် ဘာရယ် မဟုတ်ပါဘူး။ စိတ်နေစိတ်ထားကိုကြည့်ပြီးပေါင်းပေါ့။ စိတ်ယုတ်ပုံရရင် အမျိုးဖြစ်ဖြစ်၊ သူစိမ်းဖြစ်ဖြစ် ကိုယ့်အပေါ်ရက်စက်တတ်တာပါပဲ။ ကိုယ်ညံ့လို့ခံရတယ်မှတ်ပါ။ သတိနဲ့ ပညာသုံးနိုင်ရင်တော့ သက်သာမှာပေါ့။ အချုပ်အားဖြင့်တော့ ဘယ်သူ့ကိုမှ ယုံလို့ပုံမအပ်လိုက်နဲ့လို့ ပြောပါရစေ။ အရာရာသည် ဖောက်ပြန်တတ်သည်လို့ ဘုရားဟောထားတာ အလကားမှမဟုတ်တာ။

လူဆိုတော့ လူတွေနဲ့ ပေါင်းနေရမှာပဲ။ ပေါင်းတိုင်းလည်း ခံရမှာပဲ။ အမှန်တရားတစ်ခုကို ပြောရရင်တော့ ကံပါသလောက်ပဲလို့ သဘောထားပြီးပေါင်းပါ။ ကိုယ်သာဖို့ပဲသဘောထားပြီးပေါင်းရင်တော့ ကိုယ့်ကို မြန်မြန်စွန့်သွားကြမှာပဲ။ ကိုယ်ပေးချည်းပဲကျပြန်တော့လည်း ကြာကြာဒဏ်မခံနိုင်တဲ့အတွက် ကိုယ်ကထွက်ပြေးရပြန်ရော။ အပေးအယူလို့ သဘောမထားပဲ မေတ္တာထားသူမျိုးနဲ့တွေ့မှ အေးချမ်းတဲ့ ဆက်ဆံရေးကိုကြုံရမှာပါ။ ဘုန်းကြီးဒကာပြောသလိုပြောရရင်တော့......ဘုန်းဘုန်းကို တပည့်တော် စောင့်ရှောက်တာ တပည့်တော်က အရင်အကျိုးခံစားရတယ်တဲ့။ ပထမ ဘုန်းဘုန်းနားရောက်ရင် စိတ်ပျော်တယ်တဲ့။ ဒုတိယ ဘုန်းဘုန်းဟောတဲ့တရားနာပြီးရင် အေးချမ်းသွားပြီး ကိုယ့်ကိုယ်ကိုပြန်မြင်တယ်တဲ့။ ဒီတော့ တပည့်တော်ရဲ့ အလုပ်ထဲကအပူတွေ ဘုန်းဘုန်းဆီရောက်ရင် ငြိမ်းကုန်ရောတဲ့။

အမှန်က ဘုန်းကြီးက တောင်းမှမတောင်းတတ်တာကိုး။ စပ်လည်း မစပ်စုတတ်ဘူးလေ။ ကိုယ့်အပူလည်း သူများကိုပြောမပြတတ်ဘူးလေ။ ကိုယ့်ဖာသာ မျိုချပစ်တတ်တဲ့လူစားမျိုးဖြစ်နေတာကိုး။ ဘုန်းကြီးနားလာရင် အေးတော့မှာပေါ့။ ဘုန်းကြီးနားလာသူ အေးတာ ဘုန်းကြီးရဲ့ မေတ္တာအောင်တာပေါ့။ ဘုန်းကြီးနားလာတဲ့သူကြောင့် ပူလာရင် ဘုန်းကြီးပြေးတတ်တာကတော့ ဘုရားသင်ပေးထားတဲ့ ငြိမ်းအေးနည်းတစ်နည်းကြောင့်ပါပဲ။

ဒီတော့ လူတွေမခက်ပါဘူး။ နှလုံးမသွင်းတတ်၊ ပညာနဲ့ မဆင်ခြင်တတ်၊ မရှောင်တတ်တဲ့ ကိုယ်ကသာ ခက်နေတာပါ။ အရှုပ်လောကကြီးထဲမှာ ဉာဏ်သုံးပြီး အေးအောင်နေတတ်ပါစေ။

အရှင်သုစိတ္တ (မော်ကျွန်း)

No comments:

Post a Comment