Latest News

Tuesday, January 16, 2018

နန်းမတော်မယ်နုနှင့် ဖလံခုံ

နန်းမတော်မယ်နုနှင့် ဖလံခုံ

မြန်မာ့သမိုင်းတွင် အလွန်ထင်ရှားခဲ့သည့် ဘုရင့်မိဖုရားများ အနက် ပုဂံခေတ် ဖွားစော၊ ကုန်းဘောင်ခေတ်လယ် နန်း မတော်မယ်နုနှင့် ရတနာပုံခေတ်  စုဖုရားလတ်တို့သည် အထင် ရှားဆုံး မိဖုရားခေါင်ကြီးများ ဖြစ်ကြသည်။ ယင်းမိဖုရား သုံးပါး အနက် နန်းမတော် မယ်နုသည် မင်းပြစ် မင်းဒဏ်သင့်၍ ရေ တွင်နှစ်ကာ သေဒဏ်စီရင်ခြင်း(ရေတွင်ဖျောက်ခြင်း)ကို ခံခဲ့ ရကာ  နာမည်ဆိုးဖြင့်  ထင်ရှားခဲ့သည့်  မိဖုရားခေါင်ကြီးဖြစ် သည်။
ကုန်းဘောင်ခေတ်လယ်ကာလတွင် မြန်မာဘုရင်များသည် အနောက်နိုင်ငံသားများနှင့်  ဆက်ဆံမှုများပြားခဲ့သဖြင့် စစ်ကိုင်းမင်း၏ မိဖုရားခေါင် နန်းမတော်မယ်နုကို အနောက် နိုင်ငံများက သိရှိခဲ့ကြသည်။
နန်းမတော်မယ်နုနှင့်စပ်လျဉ်း၍ ဆရာတော် ဦးဗုဓ်နှင့် အင်းဝရှိ မယ်နုအုတ်ကျောင်းသည် အထင်ရှားဆုံးဖြစ်ကာ နန်းမတော်၏ မိဘများ၏ဇာတိမြေဖြစ်သည့် ဖလံခုံရွာတွင် မိဖုရားခေါင်ကြီးတည်ထားခဲ့သည့် အဆောက်အအုံများကို ယနေ့တိုင်တွေ့ မြင်နိုင် ကြပေသည်။ယခုအခါတွင် ဖလံခုံရွာကို ဖလံဂုဏ်ရွာဟု အမည်ပြောင်းလဲထားသည်။
သမိုင်းထဲမှ မယ်နု
မြန်မာ့ ထုံးတမ်းစဉ်လာ တော်ဝင်နန်းသုံးစကားများအရ ဘုရင်များ၏ မိဖုရားခေါင်ကြီးကိုသာ နန်းမတော်မိဖုရားဟု ခေါ်ဆိုလေ့ရှိကြသည်။ မြန်မာဘုရင်များသည် နန်းရ မိဖုရား လေးပါးထားရှိကြသည့်အနက် အလယ်နန်းရ မိဖုရားက အနောက်နန်းရ မိဖုရားထက် အဆင့်မြင့်ကာ မြောက်နန်း မိဖုရားထက် တောင်နန်းမိဖုရားက အဆင့်မြင့်သည်။ မိဖုရား လေးပါးတွင် တောင်နန်းမိဖုရားသည် မိဖုရားခေါင်ဖြစ်ပြီး အဂ္ဂမဟေသီ မိဖုရား(သို့မဟုတ်) နန်းမတော်ဟု ခေါ်ဆိုသည်။
စစ်ကိုင်းမင်း၏မိဖုရားခေါင်   နန်းမတော်မယ်နုသည် အဂ္ဂမဟေသီ မိဖုရားဖြစ်လာခဲ့သော်လည်း မင်းမျိုးမင်းနွယ်မှ ဆင်းသက်လာသူတစ်ဦးမဟုတ်ဟု ဆိုကြသည်။ နန်းမတော် လောင်းလျာ မယ်နုကို ထောင်သင်းမှူး ဦးလှုပ်နှင့်ဇနီး ဒေါ်ငယ် တို့က မြန်မာသက္ကရာဇ် ၁၁၄၆ ခုနှစ် ဝါဆို လဆုတ် ၅ ရက် (ခရစ်နှစ် ၁၇၈၄ ခုနှစ် ဇူလိုင်လ ၆ ရက်)တွင် မွေးဖွားခဲ့သည်။မွေးချင်းအစ်ကို မောင်အို တစ်ဦးသာရှိပြီး မွေးဖွားရာ ဇာတိ သည် အင်းဝနေပြည်တော်၊ ရွှေနန်းတော်အနောက်ဘက် အတွင်းစံရာအရပ် ဖြစ်သည်။ မယ်နု၏ မိဘများသည် အမရ ပူရ မင်းနေပြည်တော် မြောက်ပြင်ရပ်၌ နေထိုင်ခဲ့ကြသည်။
အမရပူရကို တည်ထောင်ခဲ့သည့် ဗဒုံမင်းလက်ထက်၊ တစ် ရက်၌ မယ်နုရေချိုးနေစဉ် လှမ်းထားသော ထမီကို စွန်တစ် ကောင်ကသုတ်ချီသွားခဲ့ပြီး နန်းတော်အတွင်းရှိ တောင်ညာစံ မိဖုရားခေါင်ကြီးအဆောင်  ဝဲဆောင်တွင်  ချထားခဲ့ရာမှ ထမီရှင်မယ်နုသည်  ဘုရင့်ထံမှောက်သို့ ရောက်ရှိခဲ့သည်။ ထိုအချိန်တွင် မယ်နုသည် အသက် ၁၁ နှစ်ကျော် အရွယ်ဖြစ်ပြီး နန်းတော်မှ တာဝန်ရှိသူများ၏စစ်မေးမှုကို ခံယူပြီးနောက် ဘုရင့်အမိန့်တော်အရ တောင်နန်း မိဖုရားအဆောင်တော်၌ အပျိုတော်အဖြစ် ခစားနေထိုင်ခဲ့ရသည်။
နန်းမတော်မယ်နုကို မိဖုရားခေါင်အဖြစ် တင်မြှောက်ခဲ့ သည့် စစ်ကိုင်းမင်းသား၏ ခမည်းတော်သည် ဗဒုံမင်း၏ မြောက်နန်းရှင်မိဖုရားက ဖွားမြင်သော သားတော် သီရိမဟာ ဓမ္မာဘိဇယ သီဟသူ ဖြစ်ပြီး မယ်တော်မှာ ဗဒုံမင်း၏ မိဖုရား ခေါင်ကြီးမှ ဖွားမြင်သော သမီးတော် သီရိမဟာ မင်္ဂလာဒေဝီ အိမ်ရှေ့မိဖုရားဖြစ်သည်။ စစ်ကိုင်းမင်းသားကို ၁၇၈၄ ခုနှစ် ဇူလိုင်လ ၂၃ ရက် သောကြာနေ့တွင်ဖွားမြင်ခဲ့ပြီး ငယ်နာမည် သည်  မောင်စိန်ဖြစ်သည်။   ဗဒုံမင်း၏  သားတော်အိမ်ရှေ့ မင်းမဟာဥပရာဇာသည် ၁၈ဝ၉ ခုနှစ် မတ်လ ၂၉ ရက်တွင် နတ်ရွာစံခဲ့ပြီးနောက် စစ်ကိုင်းမင်းသားသည် ၁၈ဝ၉ ခုနှစ် ဧပြီလ ၆ ရက်တွင် အိမ်ရှေ့စံမင်းသားဖြစ်လာခဲ့သည်။ စစ်ကိုင်း မင်းသားအိမ်ရှေ့စံဖြစ်လာခဲ့ပြီး   လေးနှစ်နှင့်   ခြောက်လ အကြာတွင် အိမ်ရှေ့မင်းသမီး ဆင်ဖြူရှင်မယ်သည် ညောင်ရမ်း မင်းသားကို ဖွားမြင်ခဲ့ပြီး ခုနစ်ရက်အကြာတွင် ကွယ်လွန်ခဲ့ပြီး နောက် မယ်နုသည် ၁၈၁၃ ခုနှစ်တွင် အိမ်ရှေ့မင်း မိဖုရားဖြစ် လာခဲ့သည်။ မယ်နုသည် အိမ်ရှေ့မိဖုရားတို့နှင့် ထိုက်တန်စွာ ရွာလေးရွာ၊ မြင်းအစီး ၃ဝ၊မြေပယ် ၃ဝဝဝ၊ ဆားတောင်မ ငါးရွာ၊ အိတ် တည် ပွဲကင်း ကူးတို့ခွန်များကို စားခွင့်ရရှိခဲ့သည်။
စစ်ကိုင်းမင်းသားသည် ၁၈၁၉ ခုနှစ် ဇွန်လ ၇ ရက်တွင် ကုန်းဘောင်ဆက် သတ္တမမြောက် ဘုရင်ဖြစ်လာခဲ့သည်။ အိမ်ရှေ့ စံ မိဖုရား မယ်နုသည် ၁၈၁၉ ခုနှစ် နိုဝင်ဘာလ ၃ ရက် တွင် သီရိပဝရ မဟာရာဇိန္ဒာရတနာဘွဲ့ကို ခံယူလျက် တောင် နန်းစံမိဖုရားခေါင်ကြီး ဖြစ်လာခဲ့သည်။ စစ်ကိုင်းမင်းသည် ညီတော် သာယာဝတီမင်းသားနှင့် မြင်စိုင်းမင်းသားတို့ကို ဘွဲ့တော်များနှင့် အဆောင်အယောင်များ ချီးမြှင့်ခဲ့သကဲ့သို့ မိဖုရားခေါင်ကြီး၏ အစ်ကို စလင်းမင်းသား မောင်အိုကိုလည်း သတိုးမင်းလှကျော်ထင်ဘွဲ့ ချီးမြှင့်ခဲ့သည်။
စစ်ကိုင်းမင်းသည် အေးဆေးပေါ့တန်စွာနေသည့် ပျော့ ပြောင်းသော မင်းတစ်ပါးဖြစ်သဖြင့် ဘုရင်၏ ဦးစားပေးခံရ လွန်းသည့်  မိဖုရားခေါင်ကြီးမယ်နုသည်  နန်းတော်တွင် အာဏာထက်သည့် မိဖုရားကြီးဖြစ်လာခဲ့သည်။
စစ်ကိုင်းမင်း၏ နောက်ဆုံးနေ့များ
စစ်ကိုင်းမင်းသည်  ၁၈၃၁ ခုနှစ်တွင်  စိတ်ဝေဒနာခံစား ခဲ့ရသဖြင့် တိုင်းပြည်အုပ်ချုပ်ရေးတာဝန်များကို မိဖုရားခေါင် ကြီး နန်းမတော်မယ်နု၏အစ်ကို စလင်းမြို့ဝန် ဦးအိုက ကိုင်တွယ်စီမံခဲ့သည်။ စစ်ကိုင်းမင်းသည် သားတော်ညောင်ရမ်း မင်းသားအား အိမ်ရှေ့စံမင်းသားအဖြစ် မထားခဲ့သဖြင့် ညီ တော် သာယာဝတီမင်းသားသည် လက်နက်လူသူစုဆောင်း ကာ သတိဖြင့် စောင့်ကြည့်နေခဲ့သည်။
သာယာဝတီမင်းသား၏  နှမအရင်း  ပုဂံမင်းသမီးအိမ် တော်ကို ဦးအို၏ အမိန့်ဖြင့် ၁၈၃၇ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက် နေ့တွင် ဝင်ရောက်ရှာဖွေ၍ လက်နက်များသိမ်းဆည်းပြီး သာယာဝတီမင်းအိမ်တော်ကို ဆက်လက်ဝင်ရောက်ခဲ့ရာ အိမ်တော်စောင့်များနှင့်    ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်။ ဖေဖော်ဝါရီလ  ၂၄  ရက်တွင်  သာယာဝတီမင်းသားသည် သေနတ်ကိုင် ၅ဝဝနှင့်အတူ စစ်ကိုင်းသို့ ထွက်ခွာသွားချိန်တွင် ဦးအိုက  သာယာဝတီမင်းသား၏  အိမ်တော်ကို  မီးရှို့ဖျက် ဆီးခဲ့သည်။ထိုအချိန်မှစ၍ သာယာဝတီမင်းသား၏ ပုန်ကန်မှု စတင်ခဲ့သည်ဟု ဆိုကြသည်။
ဗြိတိသျှ  သံကိုယ်စားလှယ်  ဘာနေက  စစ်ကိုင်းမင်း၏ ဝန်ကြီးများနှင့် တွေ့ဆုံကာ သာယာဝတီမင်းသားဘက်မှ အသာရနေသဖြင့် ညီတော် နောင်တော်အကြား စေ့စပ်မှု ပြုရန် အကြံပေးခဲ့သည်။ သို့သော် စစ်ကိုင်းမင်း၏ ဝန်ကြီးအဖွဲ့ သည် ဘာနေ၏ အကြံပြုချက်ကို လက်မခံခဲ့ချေ။ သာယာဝတီ မင်းသည် သားတော်မင်းရဲကျော်ထင်နှင့် မင်းရဲသီဟကျော် တို့ကို အင်းဝသို့ ချီစေခဲ့သဖြင့် စလင်းမင်းသားကြီးဦးအိုက ဘာနေအား စေ့စပ်ပေးရန် စာရေးသားတောင်းဆိုခဲ့သည်။ ဘာနေသည် ရွှေဘိုသို့ သွားရောက်၍ သာယာဝတီမင်းသား ကိုတွေ့ဆုံကာ မင်းသား၏သားတော်နှင့် ဦးအို၏သမီးတော် လက်ထပ်ရေး၊ စကြာမင်းသားအား အိမ်ရှေ့ရာထူးပေးရေး တို့ကို ညှိနှိုင်းခဲ့သော်လည်း သာယာဝတီမင်းသားက လက်မခံ ခဲ့ချေ။ သို့သော် နောင်တော်ဘက်မှ အလျှော့ပေးပါက စစ်ကိုင်း မင်းနှင့်တကွ အားလုံးကို မစီရင်ပါဟု ကတိရခဲ့သဖြင့် ဘာနေ သည် အင်းဝသို့ ပြန်လာခဲ့သည်။ ၁၈၃၇ ခုနှစ် ဧပြီလ ၃ဝ ရက် တွင် နောင်တော်စစ်ကိုင်းမင်းက ညီတော် သာယာဝတီမင်းထံ ထီးနန်းကို လွှဲပြောင်းပေးခဲ့သည်။ သာယာဝတီမင်းသည် နောင်တော် စစ်ကိုင်းမင်းအား ကောင်းစွာစောင့်ရှောက်ထား ခဲ့ပြီး စစ်ကိုင်းမင်းသည် သက်တော် ၆၂ နှစ်အရွယ်၊ ၁၈၄၆ ခုနှစ် အောက်တိုဘာလ ၁၅ ရက်တွင် နတ်ရွာစံခဲ့သည်။
ဘိုးတော် ဗဒုံမင်းထံမှ ကြီးမားသော နိုင်ငံတော်ကြီးကို အမွေခံခဲ့ရသော်လည်း စစ်ကိုင်းမင်းလက်ထက်တွင် မြန်မာ တို့၏ အင်အားများ ပထမဆုံးလျော့ကျခဲ့ရကြောင်း သမိုင်း ပညာရှင် ဆရာကြီးဒေါက်တာသန်းထွန်းက သုံးသပ်ခဲ့သည်။
စစ်ကိုင်းမင်းနှင့် နန်းမတော်မယ်နုတို့က သားသမီး သုံးဦး ထွန်းကားခဲ့ရာ သမီးတော် အကြီးဆုံးသည် ငယ်စဉ်ကပင် ကွယ်လွန်ခဲ့ပြီး  သားတော်  ပလိုင်းရွာစားသည်  အသက် ခြောက်နှစ်အရွယ်တွင်  ကျောက်ရောဂါဖြင့်   ကွယ်လွန်ခဲ့ သည်။ အငယ်ဆုံး သမီးတော် မယ်သဲသည် နောင်အခါတွင် မင်းတုန်းမင်း၏အလယ်နန်းမတော်  မိဖုရားဖြစ်လာခဲ့ကာ  ဆင်ဖြူမရှင်ဟု  ထင်ရှားခဲ့ပြီး  သမီးတော်  စုဖုရားလတ်ကို ဖွားမြင်ခဲ့သည်။
နန်းမတော်မယ်နု၏ နိဂုံး
သာယာဝတီမင်းသားသည် နောင်တော် စစ်ကိုင်းမင်းလက် ထက်တွင် နောင်တော်၏ မိဖုရားခေါင်ကြီး နန်းမတော်မယ်နုနှင့် အစ်ကိုဖြစ်သူ  စလင်းမြို့စားဦးအိုတို့၏  သြဇာလွှမ်းမိုးမှုကို ပယ်လှန်၍ နောင်တော်ထံမှ နိုင်ငံတော်ကို လွှဲပြောင်းယူခဲ့ပြီး ကျောက်မြောင်းတွင် ယာယီနန်းစံခဲ့ကာ ၁၈၃၇ ခုနှစ် ဒီဇင် ဘာလ ၁၂ ရက် တွင် အမရပူရသို့ ပြောင်းရွှေ့ခဲ့သည်။
၁၈၄ဝ ပြည့်နှစ် မတ်လ ၂၇ ရက်တွင် မတ္တရာကျော်စဉ်တိုက် ကျေးရွာများတွင် ရွှေဓားမင်းသားခေါ် ငဝင်းငယ်နှင့် အပေါင်း ပါ ၁၅ဝဝ က ပုန်ကန်ထြ<ွကကြသဖြင့် သာယာဝတီမင်းက နှိမ်နင်းခဲ့ကာ ရွှေဓားမင်းသားကို ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီး ရမိသူများကိုစစ်မေးရာတွင် နန်းမတော် မယ်နုက စလင်း မင်းသားမောင်အိုနှင့် ပူးပေါင်းကြံစည်ခဲ့ကြောင်း သိရှိရသဖြင့် နန်းမတော်မယ်နုကို စစ်ဆေးခဲ့ရာ နန်းမတော်က မှန်ကန် ကြောင်း ထွက်ဆိုခဲ့သည်။ သာယာဝတီမင်းသည် မိဖုရားကြီး ကို ထုံးစံနှင့်အညီ ၁၈၄ဝ ပြည့်နှစ် မေလ ၁၂ ရက်တွင် တောင် သမန်အင်း၌ ရေချစီရင်ခဲ့သည်။ စလင်းစားငယ်နှင့် အပေါင်း အပါများကိုလည်း အပြစ်အားလျော်စွာ စီရင်ခဲ့သည်။
ဖလံခုံသို့
နန်းမတော်မယ်နု၏ မိဘများနေထိုင်ခဲ့သည့် ဖလံခုံရွာသည် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်  ရေဦးမြို့မှ အနောက် မြောက်ဘက် လေးမိုင်အကွာတွင်တည်ရှိသည်။ ရေဦး ကံထူး မလမ်းနှင့် ကပ်လျက်တည်ရှိနေသည့် ဖလံခုံရွာအနီးတွင် ဆည်မြောင်းလက်တံတစ်ခုရှိကာ မူးမြစ်နှင့် မိုင်အနည်းငယ် ကွာဝေးသည်။
ဖလံခုံရွာနှင့် အနီးတစ်ဝိုက်တွင် နန်းမတော်မယ်နုနှင့် ဦးအို တို့ တည်ထားခဲ့သည့် စေတီများအပါအဝင် ဘုရားပုထိုးများကို တွေ့ရှိရသည်။စေတီများသည် မြင့်မားသောမဟာရံ တံတိုင်း ဖြင့် ကာရံထားသည့် ကျယ်ဝန်းသော ပရိဝုဏ်တစ်ခုအတွင်း တည်ရှိနေကြသည်။  စေတီများကို  တစ်ချိန်တည်း တည်ခဲ့ သည်ဟု ထင်ရကြောင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး ဇယားဝင် ရှေးဟောင်း အဆောက်အအုံများစာရင်းအမှတ်(၂၉)တွင် ဖော်ပြထားသည့်   နန်းမတော်မယ်နု ဘုရားသည် ခရစ်နှစ် ၁၈၂၂ ခုနှစ်၌ တည်ထားခဲ့သည့် အဓိက အဆောက်အအုံ တစ်ခုဖြစ်ကြောင်း နန်းမတော်မယ်နု ရှင်းတမ်းစာအုပ်တွင် ရေးသားထားသည်။
နန်းမတော်မယ်နု  တည်ထားခဲ့သည့်  စေတီတော်၏ ဘွဲ့ အမည်သည် သုဝ္ဏသီမအောင်နန်းဖြစ်ပြီး အမြင့် ပေ ၁ဝဝ ရှိ၍ ဖိနပ်ခုံ အချင်းသည် ၉၂ ပေရှိသည်။ ယခုအခါတွင် စေတီ တော် အထက်ပိုင်းတစ်ခုလုံးကို ပြုပြင်ကာ ရွှေများချထား သည်ကို မြင်တွေ့ကြရသည်။ အစ်ကိုဖြစ်သူ ဦးအို တည်ထားခဲ့ သည့် မဟာမုနိစေတီသည် နန်းမတော်မယ်နုစေတီနှင့် ယှဉ် လျက် တည်ရှိနေကာ ဦးအိုတည်ခဲ့သည့်စေတီက နန်းမတော် မယ်နုတည်ခဲ့သည့်စေတီထက် အနည်းငယ် သေးငယ်ကာ ပုံစံမှာ အတူတူဖြစ်သည်။ စေတီရှိ စောင်းတန်းလှေကားများမှ တစ်ဆင့် စေတီတော်တစ်ဝက်အထိ တက်ရောက်နိုင်သည်။
  ဦးအိုကောင်းမှု မဟာမုနိဘုရား၏ အနောက်ဘက်တွင် ပုံသ္ဌာန်တူစေတီငယ် ငါးဆူတန်းနေသည်ကို မြင်တွေ့နိုင်ကြ သည်။ ယင်းစေတီတော်များသည် တစ်ဆူနှင့် တစ်ဆူ အကွာ အဝေး တူညီစွာတည်ရှိနေကြရာ လက်ရာရှင် တစ်ဦးတစ်ဖွဲ့ တည်းက တစ်ချိန်တည်း တည်ထားခဲ့ဟန်ရှိပေသည်။ ယင်း စေတီများအနီးတွင် မနုဿီဟရုပ်များ မွမ်းမံထားသည့် စေတီ ဟောင်းတစ်ဆူလည်း ရှိနေသည်။ ယင်းစေတီတော် နှစ်ဆူ၏ မြောက်ဘက်တွင် အရွယ်ကြီးမားသော စေတီနှစ်ဆူရှိရာ နန်း မတော်မယ်နုနှင့် ဆွေမျိုးတော်စပ်သူ မမယ်ရီတည်ခဲ့သည့် ဘုရားဟု ဆိုကြသည်။
ယင်းစေတီများ၏ အနောက်ဘက်တွင် နန်းမတော်မယ်နု ၏ဘကြီးတော် မြင်းဝန် တည်ခဲ့သည့် ဘုရားနှစ်ဆူရှိရာ ပရိ ဝုဏ် ပြင်ပတွင်ရှိသည့်ခြင်္သေ့ရုပ်ကြီးများသည်  ဦးတော်၏ ကောင်းမှုဖြစ်ပြီး ပရိဝုဏ်အတွင်းရှိ ကြီးမားသောခြင်္သေ့ရုပ် ကြီးများသည် ဦးအို၏ကောင်းမှုဖြစ်ကြောင်း ယူဆကြသည်။အုတ်ဖြင့် ပြုလုပ်ထားသည့် ခြင်္သေ့ရုပ်ကြီးများနှင့် ခြင်္သေ့ရုပ် များ အနီးရှိ တံခွန်တိုင်များသည် များစွာပျက်စီးနေပြီဖြစ်သည်။ခြင်္သေ့ရုပ်ကြီးများ၏ မျက်နှာချင်းဆိုင်တွင် ရွာလမ်းခြားလျက် လေးထောင့်စပ်စပ် ရေကန်တစ်ခုကို မြင်တွေ့ကြရသည်။
ဖလံခုံရွာအဝင် မြောက်ဘက်ပိုင်းတွင်နန်းမတော်မယ်နု၏ ဘကြီးတော် ဒီပဲယင်းဝန် ဦးတွန်တည်ခဲ့သည့် ရှင်ပင်ဘုန်းပွင့် ဘုရားတည်ရှိသည်။ ဖလံခုံရွာတွင် ဦးအိုတည်ခဲ့သည့် မဟာ ဝိသုတာရာမ မြေစိုက်နှစ်ထပ် ဘုန်းတော်ကြီးဟောင်းကြီး တည်ရှိပြီး ပျက်စီးနေသည့် အပိုင်းများကို ပြန်လည် ပြုပြင် ထားခဲ့သဖြင့်  လက်ရှိကျောင်းသည်  မူလ  ကျောင်းထက် များစွာသေးငယ်သွားခဲ့သည်ဟု ဆိုသည်။ အနောက်ကျောင်း ဟုလည်းခေါ်သည့် ထိုကျောင်းတွင် ဦးအို သွန်းလုပ်လှူဒါန်း ခဲ့သည့် ခေါင်းလောင်းတစ်ခုရှိပြီး ခေါင်းလောင်းတွင် နိဗ္ဗာန်ကို ရည်မှန်း၍ လှူဒါန်းခြင်းဖြစ်ကြောင်း ကမ္ပည်းစာများရေးထိုး ထားသည်။ ခေါင်းလောင်း၏ အလေးချိန်ကို ၄၇ဝ၄ ပိဿာဟု ရေးသားထားရာ  ၇ ဒသမ ၅၆ တန်  အလေးချိန်ရှိသဖြင့် အလေးချိန် ယူနစ်  မှားယွင်းနေဖွယ်ရှိသည်။  ဦးအိုခေါင်း လောင်း၏ ခေါင်းလောင်းဆွဲကိုြေ>ွမပုံသ္ဌာန်ပြုလုပ်ထား ခြင်းသည် ထူးခြားနေပေသည်။
ဖလံခုံရွာနှင့်ဆက်လျက် တည်ရှိနေသည့် မြင်းပေါက်ရွာ တွင် ဘကြီးတော်မင်းဦးတေ ဆောက်လုပ်ခဲ့သည့် နှစ်ထပ် အုတ်ကျောင်းကြီးကို ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနက  စောင့်ရှောက်ထိန်းသိမ်းပြုပြင်ထား သည်။  နှစ်ထပ်အုတ်အဆောက်အအုံကြီးတွင်  သစ်ပင်ချုံ နွယ်များပေါက်ရောက်နေကာ နံရံများလည်း အက်ကွဲနေပြီဖြစ် သည်။ အုတ်ကျောင်းကြီး၏ အထပ်တစ်ထပ်စီ၏ မျက်နှာ တစ်ဖက်စီတွင် မုခ်ပေါက် ငါးပေါက်စီကို အင်္ဂတေ တံကဲများ ဖြင့် ပြုလုပ်ထားရာ  လွန်စွာ  လက်ရာမြောက်လှပေသည်။အုတ်ကျောင်းကြီး၏ ရှေ့ကွင်းပြင်၌ ရှေးဟောင်းစေတီများကို တွေ့ရှိကြရာ အလှူရှင်များကို မသိရှိနိုင်ခဲ့ပါချေ။
 နန်းမတော်မယ်နုနှင့် ဦးအိုတို့သည် မိမိတို့ကောင်းစားနေစဉ်အချိန်အတွင်း   ဖလံခုံကျေးရွာတွင်   စေတီပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်းများကို ဆောက်လုပ်လှူဒါန်းခဲ့ကြရာ ကုန်းဘောင်ခေတ်လက်ရာ သမိုင်းဝင် အဆောက်အအုံများ အဖြစ် ယနေ့တိုင်မြင်တွေ့နေကြရပေသည်။ သို့သော် ထိန်း သိမ်းစောင့်ရှောက်မှု အားနည်းသဖြင့် ပျက်စီးမှုများနှင့် ရင် ဆိုင်နေကြရသည်။
မြန်မာ့သမိုင်းအတွင်း ကုန်းဘောင်ခေတ်တွင် နန်းစံခဲ့သည့် စစ်ကိုင်းမင်း၏ မိဖုရားခေါင်ကြီး နန်းမတော်မယ်နုနှင့် စပ်ဆိုင် သည့် မှတ်တမ်းများကို ထိုစဉ်က မြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့သည့် သာသနာပြု ဂျပ်ဆင်(Judson)၊ အင်္ဂလိပ်သံကိုယ်စား လှယ် ဘာနေ(Burney)၊ ကရောဖို့ဒ်(Crawford) စသည့်  ပြည်ပနိုင်ငံသားများက ရေးသားခဲ့ကြသည်။ သို့သော် ယင်းတို့ သည် နန်းမတော်မယ်နုအပေါ် မကောင်းသောအမြင်များဖြင့် ရေးသားခဲ့ကြသကဲ့သို့ မြန်မာရာဇဝင်ဆရာအချို့၏ စွပ်စွဲ ပုတ် ခတ်ရေးသားမှုများကြောင့် နန်းမတော်မယ်နုသည် နာမည် ဆိုးဖြင့် ကျော်ကြားခဲ့သူ မိဖုရားတစ်ပါး ဖြစ်ခဲ့ရသည်။
မည်သို့ပင် ဆိုစေ၊ ကုန်းဘောင်ခေတ်သမိုင်းတွင် ထင်ရှားခဲ့ သည့် မြန်မာမိဖုရားခေါင်ကြီးတစ်ပါး၏ အမွေအနှစ်များအဖြစ် မိဖုရားကြီးနှင့် အစ်ကိုဖြစ်သူတို့ တည်ထားကိုးကွယ်ခဲ့သည့် စေတီပုထိုးများနှင့် အင်းဝတွင် တည်ဆောက်ခဲ့သည့် အုတ် ကျောင်းကြီးသည် သမိုင်းအထောက်အထားများအဖြစ် ကျန် ရှိနေပေရာ မျိုးဆက်သစ်များက ဆက်လက်ထိန်းသိမ်းစောင့် ရှောက်ကြရန်သာ ဖြစ်ပါပေသည်။    ။
မောင်သာ(ရှေးဟောင်းသုတေသန)မြန်​မာ့အလင်း
ကိုးကား
(၁) နန်းမတော်မယ်နု ရှင်းတမ်း(မောင်သန်းဆွေ၊ ထားဝယ်)
(၂) ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး၊
      ဒုတိယတွဲ(ဦးမောင်မောင်တင်)
(၃) မြန်မာ့ရက်စွဲသမိုင်း၊ ကုန်းဘောင်ဆက်
      (ဦးတိက္ခဓမ္မာလင်္ကရ၊ဒေါက်တာသန်းထွန်း)
(၄) ကုန်းဘောင်ရှာပုံတော်(ညိုမြ)

No comments:

Post a Comment