Latest News

Friday, January 19, 2018

ရာဇဝတ်ပြစ်မှုတစ်ခု ကျူးလွန်သည်ဆိုရာဝယ်

ရာဇဝတ်ပြစ်မှုတစ်ခု ကျူးလွန်သည်ဆိုရာဝယ်

ဥပဒေကိုလေ့လာသည့်အခါ ရာဇဝတ်ပြစ်မှုကျူးလွန်ခြင်း၏ အခြေခံသဘော တရားကို သိရှိနားလည်ဖို့က အရေးကြီးသည်။ အဓိကကျသည်။ ရာဇဝတ် ပြစ်မှုကျူးလွန်ခြင်း၏ အခြေခံသဘောတရားကို သိရှိနားလည်ထားမှသာလျှင် ဥပဒေဘောင်အတွင်းမှာ ဘေးကင်းရန်ကွာ၊  ချမ်းမြေ့ပျော်ရွှင်စွာ နေတတ် ထိုင်တတ်ကြပေမည်။

ရာဇဝတ်ပြစ်မှုကျူးလွန်ခြင်း

ရာဇသတ်ကြီး ဥပဒေအရ ပြစ်မှုတစ်ခု ဖြစ်မြောက်ဖို့ဆိုလျှင် ယေဘုယျ အားဖြင့် အခြေခံအကြောင်းနှစ်ရပ် ရှိသည်။ ရာဇဝတ်မကင်းသောစိတ်နှင့် ပြုလုပ်မှုတို့ဖြစ်သည်။

 (၁)    ပြုလုပ်မှုတစ်ခုသည် သာမန်အားဖြင့် ရာဇဝတ်ပြစ်မှုမမြောက်ပါ။ ပြုလုပ်သူသည်   ရာဇဝတ်မကင်းသောစိတ်နှင့်   ပြုလုပ်မှသာ ရာဇဝတ်ပြစ်မှုမြောက်သည်။

 (၂) ပြုလုပ်မှုဟုဆိုရာတွင် စိတ်ပိုင်းဆိုင်ရာပြုလုပ်မှု၊ ရုပ်ပိုင်းဆိုင်ရာ ပြုလုပ်မှု၊ ကြံရွယ်၍ ပြုလုပ်မှု၊ မကြံရွယ်ဘဲပြုလုပ်မှု၊ မပြုလုပ်သင့် သည်ကို ပြုလုပ်မှု၊ ပြုလုပ်သင့်သည်ကို မပြုလုပ်မှု၊ ပြုလုပ်သင့် သည်ကို ချန်လှပ်မှုများ ပါဝင်သည်။

ရာဇဝတ်ပြစ်မှုကျူးလွန်ခြင်းမြောက်ရန် အဆင့်များ

 (၁) ကျူးလွန်ရန် အကြံအစည်ရှိရမည်၊

 (၂) ကျူးလွန်ရန်အတွက် လိုအပ်ချက်များ ပြင်ဆင်ခြင်းရှိရမည်၊

 (၃) ပြစ်မှုမြောက်စေရန် တိုက်ရိုက်ရှေးရှုပြုလုပ်သည့် အားထုတ်ခြင်း ရှိရမည်၊

 (၄) ပြစ်မှုအကောင်အထည်ဖော်ခြင်းရှိရမည်။

အထက်ပါ အဆင့်လေးဆင့်မှ   မည်သို့သော   အခြေအနေတွင် ပြစ်မှုကျူးလွန်ခြင်းမြောက်သည်၊ မမြောက်သည်ဆိုသည့် အခြေခံသဘောကို သိထားအပ်သည်။

အကြံအစည်သက်သက်သည် ရာဇဝတ်ပြစ်မှုမြောက်ပါသည်လော

ရာဇဝတ်ပြစ်မှုများတွင် ကျူးလွန်ရန် အကြံအစည်သက်သက်ရှိရုံမျှဖြင့် ပြစ်မှုမမြောက်ပါ။ သို့ရာတွင်  နိုင်ငံတော်သစ္စာဖောက်ဖျက်  ပုန်ကန်မှုကို ကျူးလွန်ဖို့အတွက် တစ်ဦးဦးနှင့်  ပူးပေါင်းကြံစည်လျှင်  နိုင်ငံတော်သစ္စာ ဖောက်ဖျက် ပုန်ကန်မှုကြီးကို ကျူးလွန်ရာရောက်သည်။ ပူးပေါင်းကြံစည်ထား သည့်အတိုင်း မည်သည့်ပြုလုပ်မှု တစ်စုံတစ်ရာကိုမျှ ပြုလုပ်ကြခြင်းမရှိစေကာမူ ပူးပေါင်းကြံစည်ကြသည်နှင့် ပြစ်မှုမြောက်သည်။ ပြစ်ဒဏ်မှာ သေဒဏ် သို့မဟုတ် နှစ် ၂ဝ ထောင်ဒဏ်ဖြစ်သည်။  (ပုဒ်မ ၁၂၁ နှင့် ၁၂၂)

နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုကို ကျူးလွန်ရန်ကြံရွယ်ကြောင်း၊ ပြင်ဆင်ကြောင်း၊ ပြုဆဲဖြစ်ကြောင်း သို့မဟုတ် ပြုပြီးဖြစ်ကြောင်းသိလျက် သက်ဆိုင်ရာသို့ ချက်ချင်းဖွင့်ဟ ပြောဆိုခြင်းမပြုလျှင် ထိမ်ချန်မှုဖြင့် ခုနစ်နှစ် ထိ ထောင်ဒဏ်ချမှတ်ခြင်းခံရမည်။ (ပုဒ်မ ၁၂၄)

ပြင်ဆင်ခြင်းသက်သက်သည် ရာဇဝတ်ပြစ်မှုမြောက်ပါသည်လော

ရာဇဝတ်မှုများတွင် ကျူးလွန်ရန် ပြင်ဆင်မှုသက်သက်ရှိရုံမျှဖြင့် ပြစ်မှု မမြောက်ပါ။ သို့ရာတွင် ဓားပြမှုကို ကျူးလွန်ရန် ပြင်ဆင်ရုံဖြင့် ပြစ်မှုမြောက် သည်။ ပြင်ဆင်သူသည် ၁ဝ နှစ်ထိ ထောင်ဒဏ်ချမှတ်ခြင်း ခံရမည်။ (ပုဒ်မ ၃၉၉)

လူလေးဦးက လုယက်မှုကျူးလွန်ရန် ပြင်ဆင်လျှင် ပြစ်မှုမမြောက်ပါ။ လူတစ်ဦး၊  နှစ်ဦး၊ သုံးဦး သို့မဟုတ် လေးဦးတို့က ကျူးလွန်လျှင် လုယက်မှုဖြစ် သည်။ လူလေးဦးထက်ပိုပြီး အနည်းဆုံးလူငါးဦး ပါဝင်၍ လုယက်မှုကို ကျူးလွန်လျှင် ဓားပြမှုဖြစ်သွားသည်။ (ပုဒ်မ ၃၉ဝ နှင့် ၃၉၁)

ဓားပြမှုကို ကျူးလွန်ရန် ပြင်ဆင်ခြင်း(ပုဒ်မ ၃၉၉)၊ နိုင်ငံတော်သစ္စာ ဖောက်ဖျက်ပုန်ကန်မှုကို ကျူးလွန်ရန်ပြင်ဆင်ခြင်း(ပုဒ်မ ၁၂၁)၊  ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရနှင့် မဟာမိတ်ဖြစ်သော သို့မဟုတ် ငြိမ်းချမ်းလျက် ရှိသော နိုင်ငံနယ်ပယ်များတွင် တိုက်ခိုက်ဖျက်ဆီးရန် ပြင်ဆင်ခြင်း (ပုဒ်မ ၁၂၆) တို့သည် အလွန်ကြီးလေးသော ပြစ်မှုများဖြစ်ရာ ပြင်ဆင်ရုံနှင့် ပြစ်မှု မြောက်သော ပုဒ်မများဖြစ်သည်။

ထို့ပြင် ဓားပြမှုကို အမြဲတစေ ကျူးလွန်ရန်အလို့ငှာ ဖွဲ့စည်းထားသော ဂိုဏ်းတစ်ခုခု၌ ပါဝင်သူ၊ သူခိုးဂိုဏ်း၌ ပါဝင်သူ သို့မဟုတ် ဓားပြမှုကိုကျူးလွန် ရန် စုဝေးမှု၌ ပါဝင်သူဖြစ်လျှင်  ပြစ်မှုကျူးလွန်ခြင်း  မရှိစေကာမူ ပါဝင်ရုံ မျှဖြင့် ပြစ်မှုကျူးလွန်ခြင်းမြောက်သည်။  ထောင်ဒဏ် အနှစ် ၂ဝ၊ ၁ဝ နှစ်ထိ ထောင်ဒဏ် သို့မဟုတ် ခုနစ်နှစ်ထိထောင်ဒဏ် စသည် ချမှတ်ခြင်းခံရမည်။ (ပုဒ်မ ၄ဝဝ၊ ၄ဝ၁ နှင့် ၄ဝ၂)

ရာဇဝတ်မကင်းသောပူးပေါင်းကြံစည်မှုတွင် ပါဝင်ခဲ့သော်

ရာဇဝတ်မကင်းသော   ပူးပေါင်းကြံစည်မှုဟူသည်    လူနှစ်ယောက် သို့မဟုတ် နှစ်ယောက်ထက်ပိုသူများက ဥပဒေနှင့်မညီသော ပြုလုပ်မှုကိုသော် လည်းကောင်း၊ ဥပဒေနှင့်မညီသောနည်းဖြင့်   ဥပဒေနှင့် မညီမဟုတ်သော ပြုလုပ်မှုကိုသော်လည်းကောင်း ပြုရန် သို့တည်းမဟုတ် ပြုစေရန် သဘောတူညီ လျှင် ထိုသဘောတူညီချက်ကို ရာဇဝတ်မကင်းသော ပူးပေါင်းကြံစည်မှုဟု ခေါ်သည်။

ဤတွင် ပြစ်မှုကျူးလွန်ရန် သဘောတူညီချက်ဖြစ်ခဲ့ပါမူ သဘောတူညီသည့် အတိုင်း ပြုလုပ်ရန်မလိုပါ။   သဘောတူညီသည်နှင့်  ရာဇဝတ်မကင်းသော ပူးပေါင်းကြံစည်မှု၊ ပြစ်မှုကို ကျူးလွန်ရာရောက်သည်။ (ပုဒ်မ ၁၂ဝ-က)

ရာဇဝတ်မကင်းသော ပူးပေါင်းကြံစည်မှုတွင်ပါဝင်ပြီး သေဒဏ်၊ အနှစ် ၂ဝ ထောင်ဒဏ်၊ နှစ်နှစ် သို့မဟုတ် နှစ်နှစ်ထက်ပိုသော အလုပ်ကြမ်းနှင့် ထောင်ဒဏ်ချမှတ်ထိုက်သည့် ပြစ်မှုမျိုးကို ကျူးလွန်ရန် သဘောတူညီခဲ့သော် ထိုပူးပေါင်းကြံစည်မှုအတွက် ပြစ်ဒဏ်သတ်မှတ်ထားခြင်း မရှိလျှင် သက်ဆိုင်ရာ ပြစ်မှုကို ကျူးလွန်ရန် အားပေးကူညီဘိသကဲ့သို့ ပြစ်ဒဏ်ချမှတ်ခြင်းခံရမည်။

အခြားပြစ်ဒဏ် ထိုက်သင့်သော ပြစ်မှုကိုကျူးလွန်ရန် ပူးပေါင်းကြံစည်မှု တွင် ပါဝင်ခဲ့သော် ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရမည်။

အကြံတူတစ်ခုကို အထမြောက်စေရန်ပြုလုပ်မှုတွင် ပါဝင်ခဲ့သော်

တစ်ဦးထက်ပိုသောသူများသည် မိမိတို့၏အကြံတူတစ်ခုကို အထမြောက် စေရန် ရည်ရွယ်၍ ပြစ်မှုမြောက်သော ပြုလုပ်မှုကို ပြုခဲ့လျှင် ထိုပြုလုပ်မှုကို တစ်ဦးတည်းပြုဘိသကဲ့သို့ ပါဝင်သူအသီးသီး၌ တာဝန်ရှိသည်။ (ပုဒ်မ ၃၄)

တစ်ဦးထက်ပိုသောသူများက ပြစ်မှုကျူးလွန်ရာတွင် ပြုလုပ်မှုအမျိုးမျိုးကို ပြုခဲ့စေကာမူ အကြံတူတစ်ခုကို အထမြောက်ရန် ရည်ရွယ်ချက်နှင့်ပြုပါက ယင်းပြုလုပ်မှုအမျိုးမျိုး၏ အကျိုးဆက်အတွက် ပါဝင်သူအားလုံးတွင် တာဝန်ရှိသည်။

ဥပဒေနှင့်ဆန့်ကျင်သော အစုအဝေးတွင်ပါဝင်ခဲ့သော်

ဥပဒေနှင့်ဆန့်ကျင်သောအစုအဝေးဆိုရာတွင် ငါးဦး သို့မဟုတ် ငါးဦး ထက်ပိုသူများက ပုဒ်မ ၁၄၁ တွင် ဖော်ပြထားသော ရည်ရွယ်ချက်ငါးရပ်အနက် တစ်ရပ်ရပ်ကို ကျူးလွန်ရန် ရည်ရွယ်ချက်ဖြင့် စုဝေးကြလျှင် ထိုအစုအဝေးကို ဥပဒေနှင့်ဆန့်ကျင်သော အစုအဝေးဟုခေါ်သည်။

ပုဒ်မ ၁၄၁ ပါ ရည်ရွယ်ချက်ငါးရပ်၏   အနှစ်ချုပ်မှာ   အာဏာပိုင် သို့မဟုတ် ဝန်ထမ်းတစ်ဦးကို ခြောက်လှန့်ရန် ရည်ရွယ်ချက်၊ ဥပဒေနှင့်အညီ ထုတ်ဆင့်သည့်အမိန့်ကို ခုခံရန် ရည်ရွယ်ချက်၊ အကျိုးဖျက်ဆီးမှု၊ ကျော်နင်းမှု စသည်ကို ကျူးလွန်ရန် ရည်ရွယ်ချက်၊ သူတစ်ဦး၏ လက်ရှိဖြစ်နေသော ပစ္စည်းကို အဓမ္မနည်းဖြင့်ရယူရန် သို့မဟုတ် သုံးစွဲနေသော ဖြတ်သန်းသွားလာ မှု၊ ရေသုံးစွဲမှုစသည့် အခွင့်အရေးကို လက်လွတ်စေရန် ရည်ရွယ်ချက်၊ သူတစ်ဦးအား ပြုလုပ်ရန်  တာဝန်မရှိသောအလုပ်ကို အတင်းအကျပ်ပြုစေရန် သို့မဟုတ် တာဝန်ရှိသောအလုပ်ကိုပြုခြင်းမှ အတင်းအကျပ်ပျက်ကွက်စေရန် ရည်ရွယ်ချက်တို့ဖြစ်သည်။

မည်သူမဆို ဥပဒေနှင့်ဆန့်ကျင်သော  အစုအဝေးတွင်  ပါဝင်ခဲ့သော် ခြောက်လအထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ် ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ (ပုဒ်မ ၁၄၃)

အကယ်၍ သေစေတတ်သော လက်နက်ကိုကိုင်စွဲ၍ ဥပဒေနှင့်ဆန့်ကျင် သော အစုအဝေးတွင် ပါဝင်သူဖြစ်က သို့မဟုတ် ဥပဒေနှင့်ဆန့်ကျင်သော အစုအဝေးကို လူစုခွဲရန် အမိန့်ပေးပြီးကြောင်း သိလျက်နှင့် ဆက်လက်ပါဝင် နေက နှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးဖြစ်စေ ချမှတ်ရမည်။ (ပုဒ်မ ၁၄၄ နှင့် ၁၄၅)

ဥပဒေနှင့်ဆန့်ကျင်သော အစုအဝေးတွင် ပါဝင်သူတစ်ဦးက ထိုအစု အဝေး၏ တူသောရည်ရွယ်ချက်အတိုင်း  ဆောင်ရွက်ရာ၌  ပြစ်မှုတစ်ခုကို ကျူးလွန်လျှင် ထိုအစုအဝေး၌ ပါဝင်သူတိုင်းသည် ထိုပြစ်မှုအတွက် အပြစ်ရှိ သည်။ ( ပုဒ်မ ၁၄၉)

ပြစ်မှုကျူးလွန်ရန် အားထုတ်ခဲ့သော်

ပြစ်မှုတစ်ခုကျူးလွန်ရန် အားထုတ်လျှင် ထိုသူများသည် အားထုတ်သူ များဖြစ်ကြသည်။ (ပုဒ်မ ၅၁၁)

ပြစ်မှုကျူးလွန်ရန် ပြင်ဆင်မှုမှာ ပြစ်မှုကျူးလွန်သည့်အဆင့်နှင့် အလှမ်း ဝေးသည့် ပြုလုပ်မှုဖြစ်ပြီး အားထုတ်မှုမှာ ပြစ်မှုကျူးလွန်ရန် ဆုံးဖြတ်ပြီးသည့် အခြေတွင် ပြုသည့်ပြုလုပ်မှုဖြစ်သည်။

ကျူးလွန်ရန် အားထုတ်သူကို ပြစ်ဒဏ်ချမှတ်ရန်ရှိသည့်အခါ ကျူးလွန် သည့် ပြစ်မှုသည် အားထုတ်မှုအတွက် ပြစ်ဒဏ်သတ်မှတ်ထားပြီးဖြစ်ပါက ထိုပြစ်ဒဏ်အတိုင်း ချမှတ်ခြင်းခံရမည်။ အားထုတ်မှုအတွက် ပြစ်ဒဏ် သတ်မှတ်ထားခြင်းမရှိလျှင် ပုဒ်မ ၅၁၁ ပါ ပြဋ္ဌာန်းထားသည့်အတိုင်း ပြစ်ဒဏ် ချမှတ်ခြင်းခံရမည်။

ပြစ်မှုကျူးလွန်သူကိုအားပေးကူညီမှုပြုခဲ့သော်

အားပေးကူညီသူဆိုသည်မှာ  ပြစ်မှုကျူးလွန်စေရန်အတွက်  တစ်ဦး တစ်ယောက်အား လှုံ့ဆော်သူ၊  တစ်ဦးတစ်ယောက်နှင့်  ပူးပေါင်းကြံစည်သူ သို့မဟုတ် တစ်ဦးတစ်ယောက်အား တမင်ကူပံ့သူသည် အားပေးကူညီသူ ဖြစ်သည်။ (ပုဒ်မ ၁ဝ၇)

အားပေးကူညီသူအား ချမှတ်ရန်ပြစ်ဒဏ်ကို ဥပဒေက အတိအလင်း ပြဋ္ဌာန်းထားလျှင် ထိုပြဋ္ဌာန်းထားချက်အတိုင်းဖြစ်သည်။ ပြဋ္ဌာန်းထားခြင်းမရှိ လျှင် ကျူးလွန်ခဲ့သော  ပြစ်မှုရင်းအတွက်   ပြဋ္ဌာန်းထားသည့်ပြစ်ဒဏ်ကို ချမှတ်ရမည်။ (ပုဒ်မ ၁ဝ၉)

ဥပဒေကိုမသိ၍ ကျူးလွန်မိခဲ့သော်

ဥပဒေကိုမသိ၍ ပြစ်မှုကျူးလွန်ခဲ့မိပါသည်၊  ဥပဒေကိုမသိ၍ ပြစ်မှု ကျူးလွန်ရာတွင် ပါဝင်မိခဲ့ပါသည်ဟူ၍ ထုချေလာလျှင် ယင်းထုချေချက်ကို လက်ခံ၍မရပါ။ ခွင့်လွှတ်၍မရပါ။ ဤသည်မှာ ဥပဒေ၏ပင်ကိုသဘောဖြစ် သည်။ ရာဇဝတ်မှုမကင်းသည့် ကိစ္စများတွင် အနေအထိုင်မတတ်က သို့မဟုတ် အသွားအလာ မှားယွင်းမိက အစွပ်စွဲခံရတတ်သည်။ ယခုခေတ် ပြောဆို သုံးနှုန်းနေကြသည့် နေ့တွက်ခရ၍ လိုက်ပါခဲ့ခြင်းဖြစ်သည်။ အပြစ်ဖြစ်မည်ကို မသိ၍ လိုက်ပါရပါသည်ဟု ဆင်ခြေပေး၍ မရပါ။

ရာဇဝတ်ပြစ်မှုတစ်ခုကျူးလွန်ခြင်း၏  အခြေခံသဘောတရားများကို သိရှိထားပါက ဆင်ခြင်နိုင်သည်။ ရာဇဝတ်ပြစ်မှုကျူးလွန်ရန် ကြံစည်နေသူများ၊ ပြင်ဆင်နေသူများ၊ အားထုတ်နေသူများ၊ ပြုလုပ်နေသူများနှင့် ရှောင်တိမ်းနေ နိုင်သည်။ ရာဇဝတ်မှုကို ကျူးလွန်မည့် ဂိုဏ်း၊ အုပ်စု၊ အဖွဲ့များတွင် မပါဝင် ရေး ဝေးဝေးမှ နေတတ် ထိုင်တတ်လာမည်။   ဥပဒေဘောင်အတွင်းက ကောင်းမွန်စွာ ပရိယေသန ဝမ်းစာရှာမှီး အသက်မွေးဝမ်းကျောင်းပြုနေထိုင် နိုင်မည်။ ပျော်ရွှင်ချမ်းမြေ့သည့် လူနေမှုဘဝတစ်ခုကို တည်ဆောက်နိုင်ကြ မည်သာ။

ဥပဒေအသိပညာ ပြန့်ပွားပါစေ။

ဥပဒေဘောင်အတွင်း ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်နိုင်ပါစေ။

ညွှန်းဆိုချက်။ ဤဆောင်းပါးတွင် ဖော်ပြသော ပုဒ်မများသည် ရာဇသတ်ကြီး

         ဥပဒေကို ညွှန်းဆိုသည်။ မောင်စာဂ(​ကြေးမှုံ)

No comments:

Post a Comment