Latest News

Thursday, January 25, 2018

ယာဉ်ကြောကျပ်တည်းမှု အခြေအနေ အသိပေးသည့်စနစ် ရန်ကုန်လမ်းမကြီး တချို့၌ လုပ်ဆောင်ရန် စီစဉ်

ယာဉ်ကြောကျပ်တည်းမှု အခြေအနေ အသိပေးသည့်စနစ် ရန်ကုန်လမ်းမကြီး တချို့၌ လုပ်ဆောင်ရန် စီစဉ်

ရန်ကုန်မြို့ရှိ  ယာဉ်ကြောကျပ်တည်းမှု အခြေအနေများကို လမ်းမကြီးများအလိုက် အသိပေးနိုင်သည့် စနစ်ကို   စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးသန်းဝင်းထံမှ သိရသည်။

အဆိုပါစနစ်ကို လုပ်ဆောင်နိုင်ရန် လမ်းတစ်လျှောက်၌  လုံခြုံရေး ကင်မရာများကို လွှမ်းခြုံနိုင်သော အခြေအနေမျိုးဖြစ်အောင် တပ်ဆင်နေပြီး Control Centre မှတစ်ဆင့် အသိပေး ဆောင်ရွက်ရန် ပြင်ဆင်ထားကာ ရန်ကုန်မြို့၌    လက်ရှိဖြစ်ပေါ်နေသည့် ယာဉ်ကြောပိတ်ဆို့မှု အခြေအနေများ လျော့ပါးလာစေရန် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

''ဒီလမ်းကို အသုံးပြုမယ်ဆိုရင် လမ်းကြော တစ်လျှောက်မှာ ဘယ်နေရာက ယာဉ်ကြော ပိတ်ဆို့နေတယ်၊ လမ်းရှင်းတယ် ဆိုတာမျိုးကို လမ်းအသုံးပြုတဲ့သူတွေ သိဖို့ အသိပေးမယ့် စနစ်ပါပဲ''ဟု ဦးသန်းဝင်း ကပြောသည်။ ယာဉ်ကြောကျပ်တည်းမှု အခြေအနေကို အသိပေး ဝန်ဆောင်မှုပေးသည့် စနစ်ကို စီစဉ်ပေးခြင်းဖြင့် လမ်းသုံးစွဲသူများ အနေဖြင့် ယာဉ်ကြောပိတ်ဆို့ရာ နေရာများကို   ရှောင်ကွင်း သွားလာနိုင်မည်ဖြစ်ပြီး ယာဉ်ကြောပိတ်ဆို့မှု လျှော့ချရေး လုပ်ငန်းများအတွက်  အထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ အသိပေးနိုင်ရန်  LED ဆိုင်းဘုတ်တပ်ဆင်မှုလုပ်ငန်းများ၊ လမ်းတစ်လျှောက် လွှမ်းခြုံနိုင်သော လုံခြုံရေးကင်မရာ တပ်ဆင်မှုများနှင့် ဖိုက်ဘာကေဘယ်ကြိုး သွယ်တန်းမှု များကိုလည်း လုပ်ဆောင်နေပြီး ယာဉ်ကြောပိတ်ဆို့မှု အခြေအနေကို ပြသရန် မီးအနီ၊ အစိမ်း၊ အဝါ စသည့် အချက်ပြမီးရောင်များဖြင့်   အသိပေး လုပ်ဆောင်မှုကို ကနဦးအဖြစ် ဆောင်ရွက်ရန်    စီစဉ်ထားကြောင်း သိရသည်။

ယင်းအသိပေးစနစ်ကို လမ်းမကြီးများ၏ အဝင်ထိပ်နေရာ အသီးသီး၌ လုပ်ဆောင်ရန် စီစဉ်ထားပြီး ယခုအခါ လိုအပ်သော စီစဉ်ဆောင်ရွက်မှုများ လုပ်ကိုင်လျက်ရှိသည်။ အဆိုပါစနစ်ကို လတ်တလောတွင် ရန်ကုန်-အင်းစိန်လမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊  ဗညားဒလလမ်းတို့ အပါအဝင် ယာဉ်ကြောပိတ်ဆို့မှု မကြာခဏဖြစ်တတ်သည့် လမ်းမများ၌ စတင်ဆောင်ရွက်ရန် စီစဉ်ထားကြောင်း သိရသည်။(MWD)

No comments:

Post a Comment