ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ကာမိုင်း-ဖားကန့်လမ်းတွင် ဇန်နဝါရီ၁၃ရက် နံနက်၁၁နာရီက လောင်စာဆီသယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီး မီးလောင်ကျွမ်းမှုကြောင့် ခန့်မှန်းတန်ဖိုးငွေ ၁၂၅ သိန်းခန့် ဆုံးရှုံးခဲ့ရကြောင်း နယ်မြေခံမီးသတ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ကာမိုင်း-ဖားကန့် ကားလမ်းပေါ်ရှိ ဖားကန့်မြို့နယ် ကပ်မှော်ဇွတ်ကျေးရွာအုပ်စု တံတားညီနောင်ကျေးရွာနှင့် ပျားအုံကျေးရွာကြား၌ ဒီဇယ်ပေပါ ၅၀ခန့် တင်ဆောင်ကာ ယာဉ်မောင်း အောင်သူရ မောင်းနှင်လာသည့် FUSO အမျိုးအစား ၁၂ ဘီးမော်တော်ယာဉ်သည် ဝိုင်ယာရှော့ခ်ဖြစ်ကာ မီးလောင်ကျွမ်းခဲ့သဖြင့် ကာမိုင်းနယ်မြေမီးသတ်စခန်းမှ ဒုတိယဦးစီးမှူး ဦးဝင်းညွန့်ဦး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ငြိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂နာရီအချိန်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
‘‘ဖားကန့်လမ်းမှာက ကားအသွား/အလာများတော့ တခုတခုဖြစ်ပြီဆိုရင် အတက်အဆင်း ကား/ဆိုင်ကယ်တွေ ပိတ်နေပြီး မီးသတ်ယာဉ်တွေ သွားလို့မရနိုင်ဘူး ဒါပေမယ့် ကာမိုင်းမြို့အုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူတွေ ကာမိုင်းမီးသတ်တပ်ဖွဲ့က မီးသတ်တပ်ဖွဲ့ဝင်တွေက ကာမိုင်းမြို့နဲ့ ၁၅ မိုင်လောက်ဝေးတဲ့ မီးလောင်တဲ့နေရာကို ဆိုင်ကယ်တွေနဲ့ ရောက်အောင်သွားပြီး အတတ်နိုင်ဆုံး ကူညီလုပ်ဆောင်ပေးခဲ့ရပါတယ်’’ ဟု မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါမီးလောင်ကျွမ်းမှုကြောင့် ဒီဇယ်ပေပါများနှင့် မော်တော်ယာဉ်အပါအဝင် ပျက်ဆီးဆုံးရှုံးမှုတန်ဖိုး ၁၂၅ သိန်းခန့်ရှိကြောင်း သိရသည်။
မီးလောင်မှုဖြစ်စဉ်ကြောင့် ယာဉ်မောင်း အောင်သူရအား ဖားကန့်မြို့မရဲစခန်းတွင် အရေးယူထားကြောင်း သိရသည်။
ဝင်းနိုင် ကချင်မြေ(မြန်မာ့အလင်း)
No comments:
Post a Comment